မကြာသေးမီ ရက်သတ္တပတ်များအတွင်းက အိမ်နီးချင်းနိုင်ငံများ တွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်ရန် တရားမဝင် လမ်းကြောင်းများမှ သွားရောက်ခဲ့ကြသည့် မိမိတို့နိုင်ငံသားများ တစ်သုတ်ပြီးတစ်သုတ် ဖမ်းဆီးခံခဲ့ကြရသည့် သတင်းများကို တွေ့ရှိရသည်။ တစ်ဖက်နိုင်ငံမှ တရားမဝင် လူဝင်လူထွက်မှု များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည့်ကြားမှပင် လူပွဲစားတို့၏ မမှန် မကန် ဖြားယောင်းမှုကို ယုံကြည်ပြီး သွားခဲ့ကြသူများ ဒုက္ခ တွေ့ကြရခြင်းပင်ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံအချို့ရှိ တရားမဝင် အလုပ်သမားဈေးကွက် များဆီသို့ သွားရောက်ကြသူအများစုမှာ ကျေးလက်ဒေသများမှ လူငယ်အမျိုးသား၊ အမျိုးသမီးများဖြစ်သည်။ ၎င်းတို့ လုပ်ကိုင် ကြရသည့် အလုပ်များမှာ ကျွမ်းကျင်အလုပ်သမားများအဖြစ် ထိုက်ထိုက်တန်တန် လုပ်ကိုင်ကြရခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံ သားတို့ မလုပ်လိုကြသည့် ပင်ပန်းဆင်းရဲကြမ်းတမ်းသည့် အလုပ် များ၊ ညစ်ပတ်သည့်အလုပ်၊ အန္တရာယ်ရှိသည့်အလုပ်များ အပါ အဝင် အဆင့်နိမ့်အလုပ်များတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ သို့ရာတွင် ပြည်တွင်းရှိ ကျေးလက်ဒေသများတွင် လုပ်ကိုင်ရသော အလုပ်နှင့် ရရှိနိုင်သောဝင်ငွေထက် တစ်ဖက်နိုင်ငံတွင် လုပ်ကိုင် ရသော အလုပ်နှင့် ရရှိနိုင်သောဝင်ငွေကို ပို၍မက်မောခြင်းကြောင့် လည်း တရားဝင်နည်းလမ်းဖြင့်ဖြစ်စေ၊ တရားမဝင်နည်းလမ်း များဖြင့်ဖြစ်စေ ထွက်ခွာသွားရောက်နေကြခြင်းဖြစ်သည်။
ဤတွင် တွန်းထုတ်ခြင်း (Push Factor)နှင့် ဆွဲယူခြင်း (Pull Factor) ဟူ၍ ရွှေ့ပြောင်းအခြေချခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းတရားနှစ်ရပ်ရှိရာ မိမိတို့၏ နေရင်းဒေသတွင် အလုပ် အကိုင်အခွင့်အလမ်း ကင်းမဲ့နေခြင်း၊ စီးပွားရေးကျဆင်းနေခြင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းနေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း၊ တိုးတက်ရန် အခွင့်အလမ်းမရှိခြင်း၊ သဘာဝသယံဇာတများ ကုန်ခန်းနေခြင်း စသည့် အကြောင်းအရာများက လူတစ်ယောက် ကို ၎င်း၏နေရပ်အား စွန့်ခွာစေသည့်အကြောင်းရင်းများ ဖြစ်ကြ သည်။ တွန်းထုတ်ရာဒေသမှ ထွက်ခွာသူသည် အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်ခြင်း၊ လုပ်ခလစာမြင့်မားခြင်း၊ လိုအပ် သည့် အထောက်အကူပစ္စည်းများစုံလင်၍ လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်ခြင်း စသည့်ဆွဲယူခြင်း (Pull Factor) များရှိသည့် ဒေသ၊ နိုင်ငံဆီသို့ ရွှေ့ပြောင်း၍ အသက်မွေးဝမ်းကျောင်းပြုကြ ခြင်းဖြစ်သည်။
ဤနည်းဖြင့် မြန်မာနိုင်ငံ အနှံ့အပြား ကျေးလက်ဒေသများမှ လူငယ်လူရွယ်အများအပြားမှာ အလုပ်လုပ်နိုင်သည့်အရွယ်သို့ ရောက်သည်နှင့် ပညာဆက်လက်သင်ယူခြင်းမပြုတော့ဘဲ နေရပ် ကို စွန့်ခွာ၍ ရွှေ့ပြောင်းအလုပ်သမားဘဝကို ခံယူလိုက်ကြသည်။ လက်တွေ့မျက်မြင်အရလည်း အိမ်နီးချင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရာမှ အဆင်ပြေနေသူတို့က ရပ်ရွာအတွင်း လူမှု ဘဝ ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရသည့်အခါ လူငယ်များစွာတို့ ဤလမ်းကြောင်းကို လိုက်လာကြပြီး တရားမဝင်လူမှောင်ခို၊ လူပွဲစားတို့၏ သွေးဆောင်ဖြားယောင်းမှုကို ခံကြရခြင်းဖြစ်သည်။ မိမိနိုင်ငံမှ လူသားအရင်းအမြစ်များကို ကောင်းစွာ စီမံခန့်ခွဲနိုင်မှ သာ တန်ဖိုးရှိသော လူ့စွမ်းအားများအဖြစ် နိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည့်အလျောက် ကျေးလက်ဒေသများတွင် ရှိနေသော Push Factor များကို ပြုပြင်ပြောင်းလဲနိုင်ကြရမည် ဖြစ်သည်။
နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းရှိနေသော ကျေးလက်ဒေသ များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ ကျေးလက်ဒေသစီးပွားရေးကို မြှင့်တင်ခြင်း၊ စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုများ မြင့်မားလာအောင် အားပေးခြင်း၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသနေပြည်သူများအတွက် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့် ဆွဲယူခြင်း (Pull Factors) အကြောင်းတရားတို့ကို ဖန်တီးပေးခြင်းဖြင့် ဆင်းရဲ နွမ်းပါးမှုလည်း လျော့ကျစေ၊ ကျေးလက်လူနေမှုဘဝများလည်း မြင့်မားစေမည်ဟု ယုံကြည်ပါကြောင်း။ ။