မြန်မာနိုင်ငံသည် မြေမျက်နှာပြင် ပထဝီဝင်အနေအထားနှင့် မှီတင်းနေထိုင်ကြ သော လူမျိုးစုများ၏ အခြေအနေတို့သည် အခြားမည်သည့်နိုင်ငံနှင့်မျှမတူ ထူးခြား သည့် ဝိသေသလက္ခဏာများ ပိုင်ဆိုင်ထားသည်ကို ပြည်ထောင်စုဖွား တိုင်းရင်း သားပြည်သူအားလုံး သိရှိနားလည်နိုင်စေရေး ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါ သည်။ ထို့အပြင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုများသည် ပြည်ထောင်စု ကြီးအတွင်း ရှေးနှစ်ပေါင်း ထောင်ချီကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ခဲ့ကြသည်ကိုလည်း အားလုံးက သိရှိနားလည်ထားကြရန်လိုအပ်ပါသည်။
ပြည်ထောင်စုသားအားလုံး သိရှိနားလည်ထားကြမှလည်း ငါတို့လူမျိုးသည် အခြားနိုင်ငံက လူမျိုးများနှင့်မတူ၊ ငါတို့နေထိုင်မှုဘဝများသည် အခြားနိုင်ငံမှ လူမျိုးများနှင့်မတူ ငါတို့သည် မတူကွဲပြားကြသော်လည်း တစုတစည်းတည်း အတူလက်တွဲနေထိုင်ခဲ့ကြသည့်လူမျိုး၊ မတူကွဲပြား ခွဲခြား၍မရသော လူမျိုးဖြစ်သည် ဟု နားလည်အသိအမှတ်ပြုနေကြမည်ဖြစ်သည်။ ငါတို့သည် တသီးတခြားလူမျိုးများ ဟု မည်သည့်အခါမျှ ခွဲခြားထား၍ရမည်မဟုတ်ပေ။ ခွဲခြားနိုင်သည့်အခြေအနေ များလည်းမရှိပေ။ သို့ဖြစ်၍ အားလုံးတပေါင်းတစည်း အတူလက်တွဲပြီး နားလည် မှုရှိစွာဖြင့် နေထိုင်ကြရမည်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ ပြည်ထောင်စုနိုင်ငံများတွင် အစဉ်အဆက်လူမျိုးနွယ်များရှိကြပြီး လူမျိုးနွယ်များအားလုံးတို့သည် အတူလက်တွဲနေထိုင်ခဲ့ကြသည်ကို သိရှိ နားလည်ထားကြပြီး မျိုးနွယ်အားလုံး ဟန်ချက်ညီနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေသည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် စစ်ပြီးကာလ၊ စစ်အေးကာလ၊ စစ်အေးလွန်ကာလများတွင် အချို့နိုင်ငံများ ပြိုကွဲသွားသည်ကို တွေ့ရမည်ဖြစ်သည်။ အချို့နိုင်ငံများမှာ ပြန်လည်ပေါင်းစည်းသွားပြီး အချို့နိုင်ငံ များမှာ ပြိုကွဲပဲ့ထွက်သွားရာ တစ်ဖက်နှင့်တစ်ဖက် ရန်သူသဖွယ် ယနေ့ထက်တိုင် ဆက်ဆံနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
ပြည်ထောင်စုနိုင်ငံများ ပြိုကွဲရခြင်း၏ အဓိကအကြောင်းရင်းများတွင် ပြည်ပ မှ သွေးထိုးလှုံ့ဆော်မှု၊ သွေးခွဲမှု၊ သပ်လျှိုထိုးဖောက်ဖျက်ဆီးမှုများ မကင်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် အင်အားနည်းနိုင်ငံများအား ပြည်ပ အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံက ဝင်ရောက်စွက်ဖက် သွေးထိုးနှောင့်ယှက်နေ သည်ကို မြင်တွေ့ရမည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် တိုင်းရင်းသား လူမျိုးစုများ စုပေါင်းနေထိုင်ကြသော်လည်း အဓိကလူမျိုးစုကြီးအနည်းငယ်သာရှိပြီး လူဦးရေနည်းသော လူမျိုးငယ်များနှင့် ငြိမ်းချမ်းစွာအတူနေထိုင်ကြသည်။ နိုင်ငံအတွင်း နေထိုင်ကြသော လူမျိုးစုများအားလုံး ဟန်ချက်ညီမျှတ စည်းလုံးနေ သဖြင့် မည်သူမျှသွေးထိုးလှုံ့ဆော် ဖြိုခွဲနိုင်ခြင်းမရှိချေ။
ကမ္ဘာပေါ်ရှိ ပြည်ထောင်စုနိုင်ငံများတွင် လူမျိုးစုများ ခုဂဏန်း၊ ဆယ်ဂဏန်း၊ အများဆုံးအားဖြင့် မျိုးနွယ် ၅၀ ကျော်ခန့်သာရှိကြသည်။ မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူသည့် အဓိက တိုင်းရင်းသားမျိုးနွယ်စုကြီး ရှစ်မျိုးရှိသည်ဟုဆိုသော်လည်း လူမျိုးရှစ်မျိုးအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများ ၁၃၀ ကျော်ရှိသည်။ အချို့တိုင်းရင်းသားများမှာ လူဦးရေများပြားပြီး အချို့ တိုင်းရင်းသားများမှာ လူဦးရေနည်းပါးသည်။ တိုင်းရင်းသားမျိုးနွယ်စုကြီးများ၏ အသိအမှတ်ပြုထားသော ဒေသများရှိသော်လည်း မတူကွဲပြားသော မျိုးနွယ်စု များ ပေါင်းစုနေထိုင်ကြသည်။ အတူစီးပွားလုပ်ကိုင်ကြသည်။ ဤသည်မှာ ပြည်ထောင်စုပင်ဖြစ်သည်။ ဤသည်မှာ စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ ဤစုစည်း မှုကို မည်သို့မျှ ခွဲထုတ်၍ရမည်မဟုတ်ပေ။
လူဦးရေနှင့်လူမျိုးစုများ ကွဲပြားခြားနားသော်လည်း တိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံး ရရှိခံစားနိုင်သော အခွင့်အရေးများမှာ တန်းတူညီမျှဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအားလုံး လွတ်လပ်စွာနေထိုင်ခွင့်ရှိသည်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိသည်။ မည်သူ့ကိုမျှ ခွဲခြားဆက်ဆံ ခြင်းမရှိ၊ ယင်းသည် လွတ်လပ်သောပြည်ထောင်စုနိုင်ငံ၏ အနှစ်သာရဖြစ်သည်။ ယင်းကို ဖြိုဖျက်ရန် ကြိုးစားအားထုတ်သူသည် မိုက်မဲခြင်းဖြစ်သည်။ သွေးထိုး မြှောက်ပင့်ပေးမှုကို နားယောင်လက်ခံပြီး သွေးကွဲအောင်နေထိုင်မှုသည် မတူကွဲပြား မှုများ တစုတပေါင်းတည်းရှိနေမှုကို ကျော်လွှားနိုင်ခြင်းရှိမည်မဟုတ်ပေ။
ပြည်ထောင်စုမြန်မာနိုင်ငံသည် ထာဝရအဓွန့်ရှည်စွာ တည်ရှိနေမည်ဖြစ်သည်။ ဤပြည်ထောင်စုနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သည့် လူအများစု၏ဆန္ဒကို ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပြီး လူနည်းစု၏ဆန္ဒကိုလည်း လေးစားလိုက်နာလျက် ရှိသည်။ သို့ဖြစ်ရာ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို မည်သို့မျှခွဲခြားရမည်မဟုတ်ဘဲ အားလုံးသည် အတူတကွ စုပေါင်းနေထိုင်ကြသည်ဟူသော အသိစိတ်ဓာတ်ရှိနေသရွေ့ ပြည်ထောင်စုကြီး ထာဝရအဓွန့်ရှည် တည်တံ့ခိုင်မြဲနေမည်ဖြစ်ပါကြောင်း။ ။