COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ အလှူငွေများ လှူဒါန်း

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ အလှူငွေများ လှူဒါန်း

=============================================================

 

နေပြည်တော် အောက်တိုဘာ ၁၄

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့က လှူဒါန်းရသည့် အကြောင်းရင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲလျက်ရှိသော ရောဂါပိုး၏ သဘောသဘာဝ၊ ရောဂါကူးစက်ပျံ့နှံ့မှုပုံသဏ္ဌာန်၊ မိမိတို့တွင်ရှိသော အရင်း အမြစ် အခြေအနေစသည့် အခြေအနေအရပ်ရပ်တို့ကို အမြဲဆန်းစစ် သုံးသပ်ကာ လုပ်ငန်းနည်းဗျူဟာများကို မွမ်းမံပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း။

 

မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေး ထွက်ပေါ်လာသည့် အချိန်မတိုင်မီကာလအထိ ကူးစက်မှုလှိုင်းငယ်များရှိနိုင်သဖြင့် ရောဂါကာကွယ်ရေးစည်းကမ်းများကို အထူး အလေးထားလိုက်နာကြရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ သေဆုံးလူနာများ၏ ၉၅ ရာခိုင်နှုန်းသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနှင့် သွေးကြောရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စသည့် နာတာရှည်ရောဂါ ရှိသူများ ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ချိန်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်းနေသူများထံမှ ရောဂါကူးစက်နိုင်ပါကြောင်း။

 

သို့ဖြစ်၍ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက် ခြင်းနှင့် အိပ်စက်ခြင်းတို့ကို လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုကဲ့သို့ သော လှူဒါန်းမှုများသည် ဝန်ကြီးဌာန၏ ဆေးရုံများ၌ အထူးကြပ်မတ်ကုသ ဆောင်များ၊ အောက်ဆီဂျင်ပိုက်လိုင်းများ အဆင့်မြှင့်တင်ခြင်းပြုလုပ်ရာ၌ လည်းကောင်း၊ အခြားသော ဆေးရုံပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများအတွက်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သဖြင့် ရေရှည်ကာလအတွက်လည်း များစွာ အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး မိသားစု၊ မြန်မာ့မီးရထား၊ စီးပွားရေးရာဌာနနှင့် သွားလာပို့ဆောင် ရေးဌာနမှ ဝန်ထမ်းများက လှူဒါန်းငွေကျပ် သိန်း ၁၀၀၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းများက လှူဒါန်းငွေကျပ် ၂၆၈၅၃၀၀၀၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ထမ်းများက လှူဒါန်းငွေကျပ် ၃၅၃၀၀၀၀၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများက လှူဒါန်းငွေကျပ် ၄၂ သိန်း၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းမိသားစုများက လှူဒါန်းငွေကျပ် ၁၀ သိန်း၊ လွိုင်ကော်တက္ကသိုလ် မိသားစုက လှူဒါန်းငွေကျပ် ၁၃၂၁၀၀၀၊ တောင်ကြီးတက္ကသိုလ်မိသားစုက လှူဒါန်းငွေကျပ် ၃၀၀၅၀၀၀၊ ရတနာပုံတက္ကသိုလ်မိသားစုက လှူဒါန်းငွေကျပ် ၇၄၇၅၀၀၀၊ ဦးထင်ကျော်၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (တောင်ကြီး) နှင့်ဇနီး ဒေါ်နန်းမွှေး၊ သားသမီးမြေးတစ်စုက လှူဒါန်းငွေကျပ် ၁၀ သိန်း၊ ဦးသက်ရှည်-ဒေါ်မြင့်မြင့်သူ မိသားစု၊ (FMI City)၊ လှိုင်သာယာက လှူဒါန်းငွေကျပ် ၁၀ သိန်းတို့ကို လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်