ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် အသက်ကျော်ကစားသမားသုံးဦး အသုံးပြုခွင့်ရရှိမည်

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၀


(၃၁) ကြိမ်မြောက်   ဆီးဂိမ်းပြိုင်ပွဲ၏   အမျိုးသား ဘောလုံးပြိုင်ပွဲကို အသက် ၂၂ နှစ်အောက်ပြိုင်ပွဲအဖြစ် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အသက်ကျော် ကစားသမားသုံးဦး အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။

 


ဆီးဂိမ်းပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းထားပြီး မေလတွင် ဗီယက်နမ် နိုင်ငံ၌ ပြန်လည်ကျင်းပမည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲ တွင် အမျိုးသားဘောလုံးပြိုင်ပွဲတစ်ခုသာ အသက် ကန့်သတ်ချက်ထားရှိပြီး ကျန်အားကစားနည်းများ မှာ လက်ရွေးစင်အဆင့်ပြိုင်ပွဲအဖြစ် ပြုလုပ်နေခြင်း ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးသည် အမျိုးသား ဘောလုံးပြိုင်ပွဲကို အသက်ကန့်သတ်ချက် သုံးကြိမ် ပြောင်းလဲခဲ့ပြီး လက်ရှိကျင်းပနေသည့် ယူ-၂၂ ပြိုင်ပွဲ ကို ၂၀၁၇ ခုနှစ်တွင် စတင်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို     ယခင်က လက်ရွေးစင်အဆင့်ပြိုင်ပွဲအဖြစ်   ကျင်းပခဲ့သော် လည်း  ၂၀၀၁   ခုနှစ်မှ  စတင်ကာ အသက် ၂၃ နှစ် အောက် ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။

 


၂၀၀၁ ခုနှစ် ၂၀၁၅ ခုနှစ်အထိ  အသက် ၂၃ နှစ်အောက်ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး  ၂၀၁၇ ခုနှစ်မှစတင်ကာ အသက် ၂၂ နှစ်အောက်အဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။   အသက် ကန့်သတ်ချက်ဖြင့်  ကျင်းပပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်မှစတင်ကာ အသက်ကျော် ကစား သမားများ စတင်ထည့်သွင်း အသုံးပြုခွင့်ပေး ခဲ့ပြီး ၂၀၁၉ ခုနှစ်ပြိုင်ပွဲတွင် နှစ်ဦးအသုံးပြုခွင့် ပေးခဲ့သော်လည်း  လာမည့်  ဆီးဂိမ်းပြိုင်ပွဲ တွင် သုံးဦးအထိ  ခွင့်ပြုသွားမည်ဖြစ်သည်။ ထို့ကြောင့် လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုး သားဘောလုံးပြိုင်ပွဲကို အသက် ၂၂ နှစ်အောက် အဖြစ်  ကျင်းပမည်ဖြစ်ကာ   အသက်ကျော် ကစားသမားသုံးဦး ထည့်သွင်းအသုံးပြုခွင့်ရရှိမည်ဖြစ်သည်။

 


ဆီးဂိမ်း  အမျိုးသားဘောလုံးပြိုင်ပွဲကို အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည် ဖြစ်သည်။ မြန်မာအသင်းသည်   နောက်ဆုံး ကျင်းပခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ တွင် ကြေးတံဆိပ်ဆုရရှိခဲ့သည်။ ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ကိုင်တွယ် မည်ဖြစ်ပြီး ပဏာကစားသမား ၃၀  ဝန်းကျင် ဖြင့် ပြင်ဆင်မည်ဖြစ်သည်။           


 ရဲရင့်လွင်