
နေပြည်တော် အောက်တိုဘာ ၁၅
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် သတင်းမီဒီယာများအား နိုင်ငံတော်သမ္မတ အိမ်တော် Press Briefing Room ၌ Physical Distancing သတ်မှတ်ချက်နှင့်အညီ တွေ့ဆုံပြီး ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) (ခ) နှင်းဆီပါတီ ဗဟို အလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်သည့် စိစစ်တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဥပဒေနှင့် ညီ၊ မညီ အဓိက စုံစမ်းစစ်ဆေးခဲ့
သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယနေ့ ရှင်းလင်းပွဲတွင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) (ခ) နှင်းဆီပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့်ပတ်သက်သည့် စိစစ်တွေ့ရှိချက် များကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဦးကျော်မြင့်နှင့်ပတ်သက်ပြီး ၎င်း၏ ပိုင်ဆိုင်မှု၊ ငွေကြေးလွှဲပြောင်းမှုနှင့် ဝင်ငွေရလမ်းများကို အဓိကထား စစ်ဆေး ပါကြောင်း၊ ၎င်းပိုင် ကုမ္ပဏီများသည် ဥပဒေနှင့်အညီ တရားဝင်ဆောင်ရွက် နေခြင်း ဟုတ်၊ မဟုတ်၊ ၎င်းပိုင်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းများသည် တရားဝင် ကုန်သွယ်မှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ရရှိခဲ့ခြင်း ဟုတ်၊ မဟုတ်၊ ဦးကျော်မြင့်နှင့် ၎င်းပိုင်ကုမ္ပဏီများသည် သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရှိဘဲ ၎င်းပါတီ၏ စည်းရုံးရေးလုပ်ငန်း လုပ်ကိုင်နေသူများအား အတိုးရယူပြီး တရားမဝင်ငွေချေးလုပ်ငန်း ဆောင်ရွက်ခြင်းသည် ဥပဒေနှင့် ညီ၊ မညီ အဓိက စုံစမ်းစစ်ဆေးခဲ့ပါကြောင်း။
ဦးကျော်မြင့်ပိုင်သည့် MYANMAR KYAW INVESTMENT GROUP Co,Ltd ကို စိစစ်သည့်အခါတွင် အဓိကလုပ်ဆောင်မည့် စီးပွားရေးလုပ်ငန်းမှာ ငှားရမ်း ခြင်း၊ အငှားချထားသော လုပ်ငန်းများနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ဆောင်မည်ဟု မှတ်ပုံတင်ထားပါကြောင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း လိုင်စင် မှာ သက်တမ်းကုန်နေပြီဖြစ်ပါကြောင်း၊ ယင်း လိုင်စင်ကို အသုံးပြုပြီး ပို့ကုန် သွင်းကုန် ခွင့်ပြုပေးထားမှုတစ်ခုမျှမရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တင်ပြလျှောက်ထား ခြင်း၊ ခွင့်ပြုချက်ရယူခြင်းများ ဆောင်ရွက်ထားမှု မရှိပါကြောင်း၊ ယင်း ကုမ္ပဏီ သည် ၎င်းတရားဝင် မှတ်ပုံတင်ထားသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး လုပ်ဆောင်ချက် တစ်စုံတစ်ရာ မရှိသည့်သဘော တွေ့ရှိရပါကြောင်း။
နောက်ထပ်ကုမ္ပဏီတစ်ခုမှာ Myanmar Kyaw High Tech Co, Ltd ဖြစ်ပါ ကြောင်း၊ ယင်းကုမ္ပဏီ အဓိကလုပ်ကိုင်သည့် စီးပွားရေးမှာ ရုံးလုပ်ငန်း၊ အုပ်ချုပ် ရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးနေသော လုပ်ငန်းများဟု ဖော်ပြထားပါကြောင်း၊ ယခင်က ယင်းကုမ္ပဏီအမည်ဖြင့် ပို့ကုန်သွင်းကုန် မှတ်ပုံတင်လျှောက်ထားပါကြောင်း၊ ယခုအခါ ပို့ကုန်သွင်းကုန်လိုင်စင် သက်တမ်း မှာ ကုန်ဆုံးနေပြီဖြစ်ပါကြောင်း၊ ကုမ္ပဏီ၏ ပို့ကုန်သွင်းကုန် လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ ပို့ကုန်သွင်းကုန်လိုင်စင်များ လျှောက်ထားခြင်း၊ ခွင့်ပြုထားခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ လျှောက်ထားခြင်း၊ ခွင့်ပြုချက် ရယူဆောင်ရွက် ခြင်းမျိုး မတွေ့ရပါကြောင်း၊ ယင်းကုမ္ပဏီသည် ၎င်း၏ အဓိကဖော်ပြထားသော လုပ်ငန်းများတွင် ဆောင်ရွက်ချက် တစ်စုံတစ်ရာမရှိသည်ကို တွေ့ရပါကြောင်း။
နောက်ကုမ္ပဏီတစ်ခုမှာ Myanmar Kyaw Finance Co, Ltd ဖြစ်ပါကြောင်း၊ ယင်း ကုမ္ပဏီအနေဖြင့် အဓိကလုပ်ဆောင်မည့် စီးပွားရေးလုပ်ငန်းမှာ ငွေရေး ကြေးရေး ဝန်ဆောင်မှုနှင့် အာမခံအထောက်အကူပြုလုပ်ငန်းများ လုပ်ဆောင် မည်ဟု မှတ်ပုံတင်ထားပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ယင်းကုမ္ပဏီကို ဘဏ် မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ မှတ်ပုံတင်လက်မှတ် ခွင့်ပြု ထုတ်ပေးထားခြင်း မရှိပါကြောင်း၊ ထို့အတူ အသေးစားငွေရေးကြေးရေး လုပ်ငန်း ကော်မတီကလည်း လုပ်ငန်းလိုင်စင် ထုတ်ပေးထားခြင်း မရှိပါကြောင်း၊ ကုမ္ပဏီ မှတ်ပုံတင် ခွင့်ပြုချက်ရှိသော်လည်း ကျန်သည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး တရားဝင်ခွင့်ပြုချက်မရှိပါကြောင်း။
စုစုပေါင်း ငွေစာရင်း (၅၉) ခုကို ပုဂ္ဂလိကဘဏ် ၅ ခုတွင် ဖွင့်လှစ်ထား
ဦးကျော်မြင့်နှင့် ၎င်းပိုင်ကုမ္ပဏီများ၏ ဘဏ်ငွေစာရင်း ဖွင့်လှစ်ထားမှုအခြေ အနေမှာ ဦးကျော်မြင့်အမည်ဖြင့် ငွေစာရင်း (၇) ခု၊ Myanmar Kyaw High Tech Co,Ltd အမည်ဖြင့် ငွေစာရင်း (၂) ခု၊ Myanmar Kyaw Finance Co,Ltd အမည်ဖြင့် ငွေစာရင်း(၂)ခု၊ MYANMAR KYAW INVESTMENT GROUP Co,Ltd အမည်ဖြင့် ငွေစာရင်း (၁၀) ခု၊ UDP Educational Foundation အမည်ဖြင့် ငွေစာရင်း (၂) ခု၊ United Democratic Party’s Fund + ဒေါ်ဌေးဌေးဝင်း + ဒေါ်မျိုးဟေမာန် အမည်ဖြင့် ငွေစာရင်း (၂) ခု၊ ၎င်းနှင့် ဆက်နွှယ်ပတ်သက် သူများ၏ အမည်များဖြင့် ငွေစာရင်း (၃၄) ခု စုစုပေါင်း ငွေစာရင်း (၅၉) ခုကို ပုဂ္ဂလိကဘဏ် ၅ ခုတွင် ဖွင့်လှစ်ထားပါကြောင်း။
ဦးကျော်မြင့်၏ ဘဏ်ငွေစာရင်းများသို့ တရုတ်နိုင်ငံမှ တရားမဝင်ငွေလွှဲ များဖြင့် ငွေကြေးလွှဲပြောင်းရောက်ရှိလာမှုအခြေအနေမှာ MYANMAR KYAW INVESTMENT GROUP Co,Ltd အမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းများသို့ ၂၀၁၅ ခုနှစ်အတွင်း စုစုပေါင်းငွေကျပ် ၁၆ ဒသမ ၃၁၅ ဘီလီယံခန့်ကို တရုတ် နိုင်ငံဘက်ရှိ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများက မူဆယ်နယ်စပ်မှတစ်ဆင့် အဆင့်ဆင့် တရားမဝင်ငွေကြေး လွှဲပြောင်းပေးပို့ထားပါကြောင်း၊ တရားမဝင် ငွေကြေး ကျပ် ၁၆ ဒသမ ၃၁၅ ဘီလီယံ လွှဲပြောင်းရောက်ရှိလာမှု အသေးစိတ် အခြေအနေမှာ ယူနိုက်တက်အမရဘဏ် ငွေစာရင်းအမှတ် တစ်ခုသို့ (၁-၉-၂၀၁၅) ရက်တွင် လွှဲပြောင်းဝင်ရောက်လာသည့် ငွေမှာ ငွေကျပ် ၅၄၉ ဒသမ ၁ သိန်း၊ ယူနိုက်တက်အမရဘဏ် ငွေစာရင်းအမှတ် တစ်ခုနှင့် ဧရာဝတီဘဏ် ငွေစာရင်း အမှတ်နှစ်ခုသို့ (၃-၈-၂၀၁၅ မှ ၇-၉-၂၀၁၅) အတွင်း ၄၄ ကြိမ် လွှဲပြောင်းဝင်ရောက်လာသည့် ငွေမှာ ငွေကျပ် ၁၄၃၈၉၀ သိန်း၊ ယူနိုက်တက်အမရ ဘဏ်ငွေစာရင်းအမှတ်တစ်ခုသို့ (၃၁-၈-၂၀၁၅ နှင့် ၃-၉-၂၀၁၅) ရက်တို့တွင် ၂ ကြိမ် လွှဲပြောင်းဝင်ရောက်လာသည့် ငွေမှာ ငွေကျပ်သိန်း ၂၀၀၀၊ ဧရာဝတီဘဏ် ငွေစာရင်း အမှတ်နှစ်ခုသို့ (၅-၈-၂၀၁၅ ရက်၊ ၆-၈-၂၀၁၅ ရက်နှင့် ၂၇-၈-၂၀၁၅) ရက်တို့တွင် လွှဲပြောင်းဝင်ရောက်လာသည့် ငွေမှာ ငွေကျပ် ၁၂၇၁၂ ဒသမ ၆ သိန်း၊ ဧရာဝတီဘဏ်ငွေစာရင်း အမှတ်နှစ်ခုသို့ (၃-၈-၂၀၁၅ ရက်နှင့် ၂၇-၈-၂၀၁၅) ရက်တို့တွင် လွှဲပြောင်းဝင်ရောက်လာသည့် ငွေမှာ ငွေကျပ်သိန်း ၄၀၀၀ ဖြစ်ပါကြောင်း။
ယင်းငွေများကို တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသူ မမားယုံ(ခ) အားယုံ၊ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ ငွေလွှဲလုပ်ကိုင် နေသည့် တရုတ်နိုင်ငံသူ မရှောက်လီ၊ ရွှေလီမြို့တွင် တရားမဝင် ငွေကြေးငွေလွှဲ လုပ်ငန်း လုပ်နေသည့် တရုတ်နိုင်ငံသူ စိုက်ချင်း(ခ)ဆိုင်းကျင်(ခ) သိန်းသိန်းမေ၊ အားဆူ၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ် နိုင်ငံသား အာဝုကျဲ တို့ကတစ်ဆင့် တရားမဝင်အဆင့်ဆင့် လွှဲပြောင်းခဲ့ပြီး ရန်ကုန်ရှိ ယူနိုက်တက် အမရဘဏ်၊ ဧရာဝတီဘဏ်တွင်ရှိသည့် ဦးကျော်မြင့်၏ MYANMAR KYAW INVESTMENT GROUP C၀,Ltd ငွေစာရင်းသို့ လွှဲပြောင်း ဝင်ရောက်လာသည်ကို တွေ့ရပါကြောင်း။
ဘဏ်တိုးရရှိမှုအခြေအနေမှာ ဧရာဝတီဘဏ်နှင့် ယူနိုက်တက်အမရဘဏ်တို့ တွင် ဖွင့်လှစ်ထားသည့် ငွေစာရင်း ၆ ခုမှ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် စက်တင် ဘာလအထိ ဘဏ်အတိုးရရှိငွေ စုစုပေါင်းမှာ ငွေကျပ် ၁၄ ဒသမ ၈၁၄ ဘီလီယံ ရရှိခဲ့ပါကြောင်း။
လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်ထား
MYANMAR KYAW INVESTMENT GROUP C၀,Ltd ချေးငွေထုတ်ချေးခြင်း အခြေအနေမှာ ဦးကျော်မြင့်ပိုင်သည့်ကုမ္ပဏီမှ ဝန်ထမ်းများ၊ ပါတီဝင်များ၊ ပြင်ပဂ္ဂိုလ်များ စုစုပေါင်း ၁၉ ဦးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ငွေကျပ် ၄၁၅၁ ဒသမ ၁၃ သန်း ထုတ်ချေးထား သည်ကို တွေ့ရပါကြောင်း၊ ထုတ်ချေးရာတွင် ကုမ္ပဏီဝန်ထမ်းများကို အတိုးမဲ့ ချေးပေးပြီး ပါတီဝင်နှင့် ပြင်ပပုဂ္ဂိုလ်များကို အတိုး ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း ဖြင့် ထုတ်ချေးပါကြောင်း၊ ယင်းချေးငွေမှ အတိုးရရှိသည့်ငွေ စုစုပေါင်းမှာ ငွေကျပ် ၅၁၀ ဒသမ ၁၄ သန်း ဖြစ်ပါကြောင်း၊ ၎င်းတွင် သက်ဆိုင်ရာမှ ခွင့်ပြုထားသည့် ငွေရေးကြေးရေးဆိုရာဝန်ဆောင်မှုလိုင်စင်၊ အသေးစား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လိုင်စင်နှင့် လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း။
MYANMAR KYAW INVESTMENT GROUP C၀,Ltd သည် လုပ်ငန်းများက ရင်းနှီးငွေထည့်ဝင်ပေးရန် ကမ်းလှမ်းလာပါက စိစစ်ပြီး ရင်းနှီးငွေထည့်သွင်း ပေးကြောင်း၊ ရင်းနှီးငွေကို အချိန်ကာလ သတ်မှတ်ထုတ်ပေးပြီး အကျိုးအမြတ် အဖြစ် ငွေကြေးပမာဏတစ်ခု သတ်မှတ်ကာ လစဉ်ပေးသွင်းခိုင်းကြောင်း၊ အာမခံအဖြစ် ပိုင်ဆိုင်မှု စာရွက်စာတမ်းမူရင်းများကို ယူကြောင်း၊ ၂၀၁၅ ခုနှစ် ဩဂုတ်လမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ လူပုဂ္ဂိုလ် ၁၁ ဦးထံတွင် ရင်းနှီးမြှုပ်နှံငွေ စုစုပေါင်း ငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ထည့်ဝင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ အကျိုးအမြတ် ငွေကျပ် ၁၈၆ ဒသမ ၂ သန်း ရရှိခဲ့သည်ကို တွေ့ရပါကြောင်း၊ MYANMAR KYAW INVESTMENT GROUP Co,Ltd အနေဖြင့် ဘဏ်တိုးရရှိခြင်း၊ ချေးငွေထုတ်ချေးခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း တို့အတွက် စုစုပေါင်း ငွေကျပ် ၁၅ ဒသမ ၅၁ ဘီလီယံကျော် ရရှိထားသည်ကို စိစစ်တွေ့ရှိရပါကြောင်း။
ဦးကျော်မြင့်၏ အိမ်၊ ခြံ၊ မြေ၊ အဆောက်အဦများနှင့် မော်တော်ယာဉ်များ ဝယ်ယူပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက်မှာ လှိုင်မြို့နယ် ၁၆ ရပ်ကွက်၊ ဗဟိုလမ်းနှင့် မာလာမြိုင် ၇ လမ်းထောင့်၊ အမှတ် ၉၈ ရှိ (International City Hotel) မြေနှင့် အဆောက်အဦကို ငွေကျပ် သိန်း ၁၁၇၅၀ ဖြင့် ဝယ်ယူခဲ့ပြီး ဦးကျော်မြင့်၏ မြေအမည်ပေါက် ပြောင်းလဲထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင် မှော်ဘီမြို့နယ် ရင်းတိုက်ပင်ကျေးရွာအုပ်စု ကျွန်းတောတောင်ကွင်းရှိ လယ်မြေ ဧရိယာ ၁၃၆ ဒသမ ၂၅ ဧက၊ ဥယျာဉ်မြေဧရိယာ ၂၈ ဒသမ ၀၆ ဧက၊ စုစုပေါင်း ၁၆၄ ဒသမ ၃၁ ဧကကို စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၈၈၀၀၀ ကျော်ဖြင့် ဝယ်ယူခဲ့ပြီး ခြံစည်းရိုးကာခြင်း၊ ရေကန်များ တူးခြင်း၊ ဂေါက်ကွင်းလုပ်ခြင်း၊ မြေယာရှုခင်းလုပ်ခြင်း၊ ဟိုတယ်ပုံစံ အဆောက်အဦ ဆောက်လုပ်ခြင်းများ လုပ်ဆောင်ခဲ့ပါကြောင်း၊ ယင်းလယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့် လျှောက်ထားရယူထားခြင်း မရှိသည်ကို တွေ့ရပါကြောင်း။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးရှိ ယာမြေ ၅ ဧကကို ၂၀၁၆ ခုနှစ်အတွင်း ငွေကျပ်သိန်း ၁၈၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ၎င်းအနက်မှ ၄ ဒသမ ၃ ဧကကို ဦးကျော်မြင့်အမည်ဖြင့် ပုံစံ ၇ ရရှိခဲ့ပါကြောင်း၊ ၎င်းမြေပေါ်တွင် အဆောက်အဦများ၊ ရေကူးကန်၊ ဂေါက်လေ့ကျင့်ကွင်းတို့ ဆောက်လုပ်ထားပါ ကြောင်း၊ ယင်းမြေကို အပန်းဖြေစခန်းနှင့် စိုက်ပျိုးဥယျာဉ်မြေနေရာအဖြစ် အခြားနည်းအသုံးပြုခွင့် ရရှိထားပါကြောင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာရှိ မြေကွက်အမှတ် (၁၉၃/ ၃၁)နှင့် အဆောက်အဦကို ငွေကျပ် သိန်း ၁၀၀၀၀ ကျော်ဖြင့် ဝယ်ယူခဲ့ပါကြောင်း၊ ယင်းမြေနှင့်ပတ်သက်ပြီး မြေငှားစာချုပ်အား ဦးကျော်မြင့်အမည်သို့ ပြောင်းလဲထားပြီးဖြစ်ပါကြောင်း၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၅၂၂) ရှိ မြေ ၆ ဒသမ ၉ ဧကကို ငွေကျပ်သိန်း ၁၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ဦးကျော်မြင့် အမည်ဖြင့် လယ်ယာမြေလုပ်ကိုင်ခွင့်ပြု ပုံစံ (၇) ရရှိ ထားပါကြောင်း၊ ယင်းလယ်ယာမြေပေါ်တွင် အဆောက်အဦများ ဆောက်လုပ်ပြီး UDP ဌာနချုပ်ဖွင့်လှစ်ထားပါကြောင်း၊ ယင်းမြေသည် လယ်ယာမြေအခြား နည်းသုံးစွဲခွင့် ရရှိထားခြင်း မရှိပါကြောင်း။
မော်တော်ယာဉ်ပိုင်ဆိုင်မှုမှာ စုစုပေါင်း မော်တော်ယာဉ် ၃၅ စီးပိုင်ဆိုင်ထားပြီး တရားဝင် မှတ်ပုံတင်ထားသည့် ကားများဖြစ်ပါကြောင်း၊ MYANMAR KYAW INVESTMENT GROUP Co,Ltd မှ UDP ပါတီသို့ ၂၀၁၇ ခုနှစ် အောက်တိုဘာ လမှ ၂၀၂၀ ပြည်နှစ် မတ်လအထိ ငွေကျပ် ၅၃၃ ဒသမ ၇၉ သန်းကို လှူဒါန်းခဲ့ပြီး ယင်းငွေဖြင့် မအူပင်မြို့နယ်၊ ညောင်ဦးခရိုင်၊ မှော်ဘီမြို့နယ်၊ သန်လျင်မြို့နယ်၊ လှိုင်မြို့နယ်၊ မုံရွာမြို့နယ်၊ မြစ်ကြီးနား မြို့နယ်များတွင် တံတားဆောက်ခြင်း၊ ရေသွယ်ခြင်း၊ ခရစ်ယာန်ဘုရားကျောင်း ပြုပြင်ခြင်း၊ လူနာတင်ယာဉ်ဝယ်ခြင်း၊ မနောကွင်းဖွင့်ပွဲများတွင် အသုံးပြုခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ငွေကျပ် ၉၁၈ ဒသမ ၆၃ သန်း ပါတီစည်းရုံးရေးအတွက် MYANMAR KYAW INVESTMENT GROUP Co,Ltd ငွေစာရင်းမှ ထုတ်ယူခဲ့ပြီး ယင်းငွေကို ပါတီအင်္ကျီ၊ အလံ၊ ပြက္ခဒိန်၊ မူဝါဒစာအုပ်၊ ပါတီဆိုင်းဘုတ်၊ ပါတီ ရုံးခန်းများ၊ ရင်ထိုး တံဆိပ်များ၊ ဖျော်ဖြေရေးလုပ်ငန်း၊ စတစ်ကာ၊ တက္ကစီငှား၊ ဗီဒီယိုရိုက်တို့တွင် သုံးစွဲခဲ့ပါကြောင်း။
UDP အတွက် သုံးငွေ စုစုပေါင်းမှာ ငွေကျပ် ၁၃ ဒသမ ၈၉ ဘီလီယံရှိ
MYANMAR KYAW INVESTMENT GROUP Co,Ltd မှ UDP ပါတီဝင်များနှင့် ကိုယ်စားလှယ်လောင်းများအား ထောက်ပံ့ကြေးထုတ်ပေးမှုမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၁၂ ဒသမ ၄၃၉ ဘီလီယံ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် ပါတီဝင် တစ်ဦးလျှင် ငွေကျပ် ၂ သိန်း ၉ သောင်းမှ ၃ သိန်း ၉ သောင်းကျပ်အထိ၊ မြို့နယ် ပါတီဝင်တစ်ဦးလျှင် ငွေကျပ် ၁ သိန်း ၉ သောင်းကျပ်၊ ရပ်ကျေးပါတီဝင် တစ်ဦး လျှင် ၉ သောင်းကျပ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ၃ သိန်းကျပ် ထောက်ပံ့ပါကြောင်း၊ MYANMAR KYAW INVESTMENT GROUP Co,Ltd မှ UDP အတွက် သုံးငွေ စုစုပေါင်းမှာ ငွေကျပ် ၁၃ ဒသမ ၈၉ ဘီလီယံ ရှိပါကြောင်း။
ဦးကျော်မြင့်၏ ထွက်ဆိုချက်အရ ၎င်း ကနေဒါနိုင်ငံတွင် နေထိုင်စဉ် Maple leaf Reforestation Inc Co,Ltd တည်ထောင်လုပ်ကိုင်ခဲ့ပြီး တန်ဖိုးကြီးမျိုးစေ့များ၊ ပျိုးပင်များ ပြုပြင်ပြန့်ပွားရေးကို နိုင်ငံအနှံ့ဖြန့်ဖြူးရောင်းချခြင်းနှင့် ပျိုးပင် စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြောင်း၊ ကနေဒါနိုင်ငံရှိ CBC BANK ၊ RDC BANK နှင့် TD BANK တို့တွင် ငွေစာရင်းများဖွင့်လှစ်ပြီး ကနေဒါဒေါ်လာ ၃၃ သန်း စုဆောင်းနိုင်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ယင်းငွေ များကို ကနေဒါဘဏ်မှထုတ်ပြီး ကနေဒါ ဒေါ်လာ ၁၈ သန်းကို ၎င်းကယူပြီး
ကျန်ငွေ ၁၅ သန်းကို မိသားစုကို ပေးခဲ့ကြောင်း၊ ကနေဒါမှ တရုတ်နိုင်ငံကို လာရောက်ပြီး ကူမင်းမြို့တွင် တည်းခိုနေထိုင်ကာ ဆောက်လုပ်ရေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ သုံးဘီးဆိုင်ကယ်များ ဝယ်ယူပြီး မြန်မာနိုင်ငံသို့ တင်သွင်း သည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာကုန်သည်များထံတွင် ငွေကျပ် ဘီလီယံ ၃၀ ခန့် မြှုပ်နှံခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မူဆယ်မြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး မြန်မာကျော်အမည်ဖြင့် ကုမ္ပဏီတည်ထောင် လုပ်ကိုင်ခဲ့သည်ဟု သိရပါကြောင်း၊ ၎င်း၏ ပြောကြားချက်များကို စိစစ်သည့် အခါတွင် မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း တရုတ်နိုင်ငံက ကုန်ပစ္စည်း တင်သွင်းခြင်း၊ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့ခြင်းကို တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခဲ့သည့် ခိုင်လုံသော အထောက်အထားတင်ပြနိုင်ခြင်း မရှိသည်ကို တွေ့ရပါကြောင်း၊ သိမ်းဆည်းရမိသော စာရွက်စာတမ်းအထောက်အထား၊ ရုံးဝန်ထမ်းများ၏ ထွက်ဆိုချက်အရလည်း တရားဝင်ကုန်ပစ္စည်းတင်သွင်းခဲ့ ဖူးသည့် အထောက်အထား မရှိသည်ကို တွေ့ရပါကြောင်း။
၂၀၁၄ မှ ၂၀၂၀ စက်တင်ဘာလအထိ သွင်းကုန်/ထုတ်ကုန် လိုင်စင် လျှောက်ထားခြင်း၊ အကောက်အခွန်ပေးဆောင်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း ခွင့်ပြု ချက် လျှောက်ထားခြင်းများ ဆောင်ရွက်သည်ကို တစ်စုံတစ်ရာ မတွေ့ရပါ ကြောင်း။
တရားဝင်အထောက်အထားတစ်စုံတစ်ရာ မတွေ့ရှိ
ဦးကျော်မြင့်၏ ပစ္စည်း/ငွေကြေးပိုင်ဆိုင်မှုများသည် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအား မြန်မာနိုင်ငံသို့ တင်သွင်းရောင်းဝယ်ခြင်းမှ ရရှိသည်ဟု ထွက်ဆိုသော်လည်း တရားဝင်အထောက်အထားတစ်စုံတစ်ရာ မတွေ့ရှိရပါ ကြောင်း၊ တရုတ်နိုင်ငံဘက်မှ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သည့်သူများထံမှတစ်ဆင့် ရောက်ရှိလာသည့် ၁၆ ဒသမ ၃၁၅ ဘီလီယံကျော်သည်လည်း တရားမဝင် လမ်းကြောင်း အဆင့်ဆင့်ကလာပြီး ၎င်းဘဏ်စာရင်းသို့ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရပါကြောင်း၊ ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ငွေကြေးများ ကို ရယူသုံးစွဲခြင်းသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၃ အရ ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ ပြစ်မှုကျူးလွန်သည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဖြစ်ပါက ငွေကျပ်သန်း ၅၀၀ အထိ ငွေဒဏ်နှင့် ပိုင်ရှင်အား ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်ရမည်ဖြစ်ပါကြောင်း၊ အတိုးဖြင့် ချေးငွေထုတ်ပေးသည့် လုပ်ငန်း များကို ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ်မရှိဘဲ ဆောင်ရွက် ပါက ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၉ နှင့် ၁၇၁ တို့အရ အနည်းဆုံးထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်၊ ငွေကျပ်သန်း ၅၀၀ ထက်မပိုသော ငွေဒဏ် ချမှတ်နိုင်ပါကြောင်း၊ တရားမဝင်အဆင့်ဆင့် လွှဲပြောင်းဝင်ရောက် လာသော ငွေကြေးများဖြင့် ပါတီကိစ္စရပ်များတွင် သုံးစွဲခြင်းသည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ၆(စ)ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြားသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက မေးမြန်းသည့် ဦးကျော်မြင့်၏ တရားမဝင် ငွေကြေးစီးဆင်းမှုများကို ပါတီအတွက် အသုံးချခဲ့မှုနှင့် ရွေးကောက်ပွဲအတွက် မည်သို့အကျုံးဝင်မှုနှင့်စပ်လျဉ်း၍ သိလိုခြင်း၊ မြန်မာကျော် ကုမ္ပဏီလီမိတက် အနေဖြင့် ၂၀၁၆ ခုနှစ်မှစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ငန်းများ ဆောင်ရွက် ခဲ့သော်လည်း ယခုအချိန်မှ ဖော်ထုတ်ခဲ့ရသည့် အကြောင်းရင်းနှင့် သတင်း ထုတ်ပြန်မှု ကြန့်ကြာခဲ့ရခြင်းကိစ္စ၊ ဦးကျော်မြင့်၏ လုပ်ငန်းများအပေါ် ပါဝင် ပတ်သက်ခဲ့သူများကို တာဝန်ရှိအဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးရန် အစီအစဉ် ရှိ/ မရှိ၊ ဦးကျော်မြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ခုနှစ်၊ စိစစ် ဆောင်ရွက်ချက်နှင့် ၎င်း၏ မှတ်ပုံတင် အတု၊ အစစ် ကိစ္စ၊ ဦးကျော်မြင့်၏ နိုင်ငံရေးဆောင်ရွက်ချက်အပေါ် စိစစ်ဆောင်ရွက်ချက်အား သိလိုခြင်း၊ ဦးကျော်မြင့်၏ လူမျိုးနှင့် နိုင်ငံသား ဟုတ်၊ မဟုတ် သိလိုခြင်း၊ ဦးကျော်မြင့် အနေဖြင့် နိုင်ငံရေးပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန် ဝန်ကြီးဌာန (၃) ခု ကျော်ဖြတ်ပြီးမှသာ ရရှိနိုင်သည့်အတွက် ပြီးခဲ့သည့်အစိုးရလက်ထက်က ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွှယ်မှု ရှိ၊ မရှိ သိလိုခြင်း၊ ဦးကျော်မြင့်နှင့် ပတ်သက်ဆက်နွှယ်သူများအား ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်ရှိ
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဦးကျော်မြင့်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ နှင့် ကိုက်ညီသူ ဟုတ်၊ မဟုတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်တို့ကို စိစစ်ခဲ့ခြင်းများရှိပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ စိစစ်ထားသည့် အချက်အလက်များကို ရွေးကောက်ပွဲ ကော်မရှင်သို့ ပြည်ထဲရေးဝန်ကြီးဌာနမှ အကြောင်းပြန်ထားပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများ ရှိပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆(စ)အရ ငြိစွန်းခြင်း ရှိ၊ မရှိ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ (င) တို့နှင့်ကိုက်ညီခြင်း ရှိ၊မရှိ တွေ့ရှိချက်များအရ မကိုက်ညီပါကြောင်း၊ ယင်းသို့ မကိုက်ညီခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်ကြားထားပါကြောင်း၊ ယင်းပြန်ကြား ထားသည့်အပေါ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့်မပြုဘဲ အဆောက်အဦများ ဆောက်လုပ်ထားခြင်း ကိစ္စသည် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တွင် တာဝန်ရှိပါကြောင်း၊ ယင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနက ဆက်လက်စိစစ်သွားရန် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးအပိုင်း အားနည်းချက်များရှိသည်မှာ အထင်အရှားဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် ဒီမိုကရေစီကူးပြောင်းရေးကာလသည် တဖြည်းဖြည်းရှည်ကြာလာသည်နှင့် အမျှ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာဝေဖန်ခွင့် မြင့်တက်လာသည့် သဘောရှိပါကြောင်း၊ အကြောက်တရား နည်းသွားပါကြောင်း၊ ယခင်က ယင်းကိစ္စများကို သိရှိသူရှိနိုင်ပါကြောင်း၊ သို့သော် မည်သူမျှမပြောရဲကြပါကြောင်း၊ ယင်းအချိန်ကာလ၌ စိုးရိမ်မှုများ ရှိကောင်းရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယခု ကာလတွင် ဆိုရှယ်မီဒီယာ၊ Citizen Journalist များသည်လည်း Facebook တွင် သိရှိသည့် အကြောင်းအရာများကို ဝေဖန်ခြင်း၊ မျှဝေခြင်းဖြင့် ကျယ်ပြန့် လာပြီး နောက်ဆုံးရွေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာတာဝန်ရှိသူများကိုအကြောင်းကြားသည့် သဘောဖြစ်ပါကြောင်း။
ပိုင်ဆိုင်မှုမှာ ၂၃ဘီလီယံရှိသည်ဟုပြောသော်လည်း လက်တွေ့တွင် ပိုများနိုင်
ယင်းတို့မှာ ကနဦးဖော်ထုတ်ချက်ဖြစ်ပါကြောင်း၊ ပိုင်ဆိုင်မှုမှာ ၂၃ဘီလီယံရှိ သည်ဟု ပြောသော်လည်း လက်တွေ့တွင် ပိုများနိုင်ပါကြောင်း၊ ဆက်ပြီးစိစစ်နေပါ ကြောင်း၊ ၎င်း၏ ငွေလွှဲပြောင်းမှုကို စိစစ်လိုက်သည့်အခါတွင် ၁၆ ဘီလီယံရရှိ ပါကြောင်း၊ ယင်းထက် ပိုများနိုင်ပါကြောင်း၊ လတ်တလော ကုမ္ပဏီတွင်ရှိသည့် စာရင်းဇယားများ၊ စာရွက်စာတမ်းများနှင့် စိစစ်ပါကြောင်း၊ ကာယကံရှင်ကို မေးမြန်းသည့်အချိန်တွင် ရလာသည့် အထောက်အထားများ ဖြစ်ပါကြောင်း၊ စိစစ်မှုများ မပြီးဆုံးသေးပါကြောင်း။
ကာယကံရှင်၏ ထွက်ဆိုချက်အရ ၁၉၉၉ ဇန်နဝါရီတွင် မန္တလေး ပြည်သူ့ ဆေးရုံကြီးအချုပ်မှ ထွက်ပြေးခြင်းဖြစ်ကြောင်း၊ ယင်းသို့ထွက်ပြေး၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် (၁)လ နေထိုင်ပါကြောင်း၊ ထို့နောက် နော်ဝေးနိုင်ငံ အော်စလို မြို့တွင် (၃)လခန့်နေပါကြောင်း၊ ယင်းနောက် နိုင်ငံရေးခိုလုံခွင့်ဖြင့် အမေရိကန် ပြည်ထောင်စု နယူးဂျာစီသို့ ရောက်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကနေဒါနိုင်ငံ ဗန်ကူးဗားတွင် နေထိုင်ပါကြောင်း၊ ယင်းသို့နေထိုင်သည့် ကာလ အတွင်း ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သည်ဟု ပြောကြားပါကြောင်း။
ဦးကျော်မြင့် နာမည်ဖြင့် ကိုင်ဆောင်ထားသည့် မှတ်ပုံတင် တရားဝင် ဟုတ်၊ မဟုတ် စိစစ်ပါကြောင်း၊ ယင်းသို့စိစစ်ရာတွင် တရားဝင်ရရှိထားပါကြောင်း၊ မှတ်ပုံတင်အနေဖြင့် တရားဝင်ဖြစ်နေသည့်အတွက် Border Pass သည်လည်း တရားဝင်ထုတ်ပေးသည့် သဘောကို တွေ့ရှိရပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ထောင်တွင်း ကျခံနေသူမဖြစ်ရဟူသည့် အချက်များ နှင့် ငြိစွန်းပါကြောင်း၊ ယင်းအချိန်က သတင်းအချက်အလက်များ သိရှိခဲ့မည် ဆိုပါက Border Pass လည်း ထုတ်ပေးစရာအကြောင်း မရှိပါကြောင်း၊ ဦးကျော်မြင့်၏ တရားဝင်မှတ်ပုံတင်နံပါတ်တွင် လူမျိုးမှာ ကချင်၊ ကိုးကန့်၊ ဘာသာမှာ ခရစ်ယာန်၊ နေရပ်လိပ်စာမှာ လားရှိုးမြို့ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ အတွင်း၌ ရွှေလီနှင့် ကျယ်ဂေါင်ရှိ တရားမဝင်ငွေလွှဲလုပ်ငန်းများလုပ်ဆောင်သည့် အဖွဲ့များ၏ Source များကို တွေ့ရပါကြောင်း၊ ယင်းအဖွဲ့များသည် တရုတ် ရဲတပ်ဖွဲ့က အရေးယူထားသည့် အဖွဲ့များဖြစ်ပြီး တရားခံပြေးအဖြစ် ကြေညာ ထားသူများ ဖြစ်ပါကြောင်း၊ ကနေဒါ ဒေါ်လာ (၁၈) သန်း ယူလာသည်ဟု ဦးကျော်မြင့်က ပြောပါကြောင်း၊ ယင်းငွေကြေးများကို အိတ်ထဲထည့်၍ သယ်ဆောင်လာ၍ မရပါကြောင်း၊ လေဆိပ်များတွင် Declare လုပ်ရမည် ဖြစ်ပါ ကြောင်း၊ ယင်းဒေါ်လာ (၁၈)သန်းသည် တရုတ်နိုင်ငံရှိ တရားမဝင်ငွေလွှဲလုပ်ငန်း သမားများဆီသို့ မည်သို့ရောက်ရှိသည်ကို MoU ရေးထိုးထားသည့် နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
စိစစ်ဆောင်ရွက်ဆဲကိစ္စတချို့ရှိ
ဦးကျော်မြင့်ကို စစ်ဆေးသည့်အခါတွင် အဖွဲ့များခွဲ၍ စစ်ဆေးပါကြောင်း၊ ယနေ့ ရှင်းလင်းတင်ပြသည်မှာ ပိုင်ဆိုင်မှုနှင့် ငွေကြေးလွှဲပြောင်းရယူ မှုအပိုင်းကို ဦးစားပေး စစ်ဆေးသည့်အဖွဲ့၏ အစီရင်ခံစာ ဖြစ်ပါကြောင်း၊ အခြားကိစ္စများကို ဆက်လက်စိစစ်နေသည့် အဖွဲ့များမှာ သီးသန့်ရှိပါကြောင်း၊ ဦးကျော်မြင့်၏ background ကိုစိစစ်ရာတွင် အနည်းငယ် ကြန့်ကြာပါကြောင်း၊ မည်သည့် ကိစ္စများကို လုပ်ဆောင်သည်၊ မည်သူနှင့် တွေ့ဆုံသည်ကို ကာယကံရှင်၏ ထွက်ဆိုချက်အပေါ်တွင် မူတည်ပြီး အစီရင်ခံစာများ ရရှိပါကြောင်း၊ ပြီးခဲ့သည့် အစိုးရလက်ထက်က ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွှယ်မှု ရှိ၊ မရှိ ကိစ္စမှာ စိစစ်ဆဲဖြစ်ပါကြောင်း၊ လောလောဆယ်တွင် စိစစ်ဆောင်ရွက် ဆဲကိစ္စတချို့ရှိပါကြောင်း။
ညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်သည့် စိစစ်တွေ့ရှိချက်များကို ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်သို့ ပြည်ထဲရေး ဝန်ကြီးဌာနက အကြောင်းပြန်ကြားပြီးဖြစ်ပါကြောင်း၊ စိစစ်တွေ့ရှိချက်များအရ မည်သည့်ပုဒ်မများနှင့် ငြိစွန်းခြင်း ရှိ၊ မရှိကို ကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ပါကြောင်း၊ အစိုးရပိုင်းအနေဖြင့် ဖော်ထုတ်ပြီး ကာယကံရှင်၏ ထွက်ဆိုချက်များကို ရယူပါကြောင်း၊ အထောက်အထားများကို စိစစ်ပါကြောင်း၊ စိစစ်တွေ့ရှိသည့် အချက်များအပေါ်တွင် အကြောင်းပြန်ကြား ထားပါကြောင်း၊ အကြောင်းပြန်ထားသည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများဖြင့် ချိန်ဆ၍ ကော်မရှင်က ဆုံးဖြတ်ရမည့်အပိုင်း ဖြစ်ပါကြောင်း။
ပဏာမဖော်ထုတ်ချက်များအရ ငြိစွန်းသည့်ပုဒ်မများကို ဖော်ပြထားပြီး ဖြစ်ပါကြောင်း၊ ယင်းမှာ အစိုးရအပိုင်းက လုပ်ဆောင်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကော်မရှင်အပိုင်းက လုပ်ဆောင် ရမည့်ကိစ္စများရှိပါကြောင်း၊ အစိုးရအပိုင်းက ဖော်ထုတ်ချက်များအပေါ်တွင် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည့်ကိစ္စများရှိပါကြောင်း၊ ယင်းကိစ္စများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်း - မျိုးသွင်ကျော်၊ ဓာတ်ပုံ - ကိုသန်း