
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ONE Championship အဖွဲ့အစည်းက စီစဉ်သည့် Full Circle ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပရာ မြန်မာ MMA ကစား သမား အောင်လအန်ဆန် ရှုံးပွဲကြုံတွေ့ခဲ့သည်။
အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် သုံးကြိမ်မြောက် တွေ့ဆုံ ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ပွဲစီအနိုင်ရထားကာ ယခု တွေ့ဆုံမှုတွင် ဘစ်ဒက်ရှ်က အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ နှစ်ဦးတွေ့ဆုံ သည့် သုံးပွဲစလုံး ပွဲချိန်အတွင်း အလဲထိုးနိုင်ခြင်းမရှိဘဲ သုံးပွဲစလုံး အမှတ်ဖြင့်သာ ဆုံးဖြတ်ခဲ့ရသည်။ အောင်လအန်ဆန်သည် ပြိုင်ဘက် ဟောင်း ဗစ်တာလီဘစ်ဒက်ရှ်နှင့် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲ ထိုးသတ် ရခြင်းဖြစ်ပြီး အမှတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ စိန်ခေါ်ပွဲ ဖြစ်သော ကြောင့် ငါးမိနစ် သုံးချီထိုးသတ်ခဲ့ရပြီး အရှုံးအနိုင်မပေါ်သဖြင့် အမှတ် ဖြင့်ဆုံးဖြတ်ရာ ဘစ်ဒက်ရှ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းနှစ်ဦး တွေ့ဆုံသည့်ပွဲ ဖြစ်ပြီး အနိုင်ရသူမှာ ချန်ပီယံခါးပတ်ကို တစ်ကျော့ပြန် စိန်ခေါ်ခွင့်ရနိုင်မည်ဖြစ်သော ကြောင့် နှစ်ဦးစလုံး သေချာပြင်ဆင်ပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ အောင်လအန်ဆန်သည် ယခုပွဲအရေးနိမ့်ခဲ့သဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်နိုင်မည့် အခွင့်အရေးနှင့် အလှမ်းပိုဝေး သွားခဲ့သည်။
အမှတ်ဖြင့်ဆုံးဖြတ်
အောင်လအန်ဆန်သည် ဘစ်ဒက်ရှ်ကို စိတ်ကြိုက်တိုက်စစ်ဆင်နိုင် ခြင်းမရှိဘဲ ပြိုင်ဘက်၏ အချုပ်နှင့် တိုက်စစ်ဆင်မှုများကို ခုခံနေရသဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာတွင် အသာမရခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန် သည် သုံးချီတွင် ဒုတိယအချီ အစပိုင်းသာ ဘစ်ဒက်ရှ်ကို စိတ်ကြိုက် ထိုးသတ်နိုင်ခဲ့ပြီး ကျန်အချိန်များတွင် ဘစ်ဒက်ရှ်၏ ထိုးသတ်မှုများကို ရှောင်ရှား၊ ရုန်းထွက်နေရခြင်းဖြင့် အချိန်ကုန်ခဲ့ခြင်းဖြစ်သည်။
ချုပ်ပြီးထိုးသည့်ပုံစံအသုံးပြု
ဘစ်ဒက်ရှ်သည် ၎င်း၏ထိုးသတ်ပုံဖြစ်သည့် ချုပ်ပြီးထိုးသည့်ပုံစံကို ဆက်လက်အသုံးပြုခဲ့ပြီး အောင်လအန်ဆန်အနေဖြင့် အထိုးမခံရ စေရန်နှင့် ဒူးဖြင့်အတိုက်မခံရစေရန် ကာကွယ်နေရသဖြင့် ၎င်းထိုးသတ် လိုသည့်ပုံစံကို မမြင်တွေ့ခဲ့ရပေ။
အချီပြည့်သည်အထိ အရှုံးအနိုင်မပေါ်
ဘစ်ဒက်ရှ်သည် သုံးချီစလုံး အောင်လအန်ဆန်ကို ချုပ်ပြီး ၎င်းထိုး သတ်လိုသည့် ဗျူဟာအတိုင်း ထိုးသတ်နိုင်ခဲ့ကာ ပွဲသိမ်းနိုင်ခြင်း မရှိ သော်လည်း အမှတ်ဖြင့်ဆုံးဖြတ်ရာတွင် အသာရခဲ့ခြင်းဖြစ်သည်။ အချီပြည့်သည်အထိ အရှုံးအနိုင်မပေါ်သဖြင့် အမှတ်ဖြင့်ဆုံးဖြတ်ရာတွင် ဒိုင်လူကြီးများက ဘစ်ဒက်ရှ်ကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။ယခုပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ပွဲ ထည့်သွင်းကျင်းပခဲ့ပြီး ကမ္ဘာ့ချန်ပီယံလုပွဲ နှစ်ပွဲ ပါဝင် ခဲ့သည်။
ရဲရင့်လွင်