
နေပြည်တော် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၅ နာရီ မိနစ် ၂၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ် မြို့သစ်(၂)ရပ်ကွက် ၇၃ လမ်း နှင့် ၁၀၇ လမ်းထောင့်၌ အကြမ်းဖက်သူ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ရန် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား နှစ်ဦးတွင်မိုင်းစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့အနီးမှ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၉ မမ ကျည် ၁၄ တောင့်၊ လက်လုပ် မိုင်းနှစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၅ နာရီခွဲခန့်တွင် မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက် ရတနာပုံ တက္ကသိုလ်မီးပွိုင့်အနီး ၇၈ လမ်းအတိုင်း တောင်မှ မြောက်သို့ အကြမ်းဖက်သူ အမျိုးသားတစ်ဦးက လက်လုပ်မိုင်းကို ဆိုင်ကယ် တူးဘောက်စ်အတွင်း ထည့်၍ မောင်းနှင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားတွင် ခန္ဓာကိုယ်အောက်ပိုင်း ပြတ်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေမှုသေခင်းရေးဖွင့် ဆောင်ရွက်
အထက်ပါပေါက်ကွဲမှုဖြစ်စဉ်များမှ သေဆုံးသူများအား ရဲလုပ်ငန်း စဉ်များနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်