မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံစီးပွားရေး အဓိကနိုင်ငံ ဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသော ကျေးလက်နေ တောင်သူလယ်သမားများကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် မတ်လ (၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ် ပေးခဲ့သည်။ စိုက်ပျိုးမွေးမြူထုတ်ကုန်များမှ ပြည်ပဝင်ငွေရရှိရေး၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတစ်ဝန်းလုံးတွင် ရှိသည့် တောင်သူလယ်သမားကြီးများက တာဝန်ယူကာ စိုက်ပျိုး မွေးမြူထုတ်လုပ်ပေးနေကြခြင်းကြောင့်သာ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် ပြည်သူအားလုံး အာဟာရပြည့်ဝစွာ၊ အစားအစာ ဘေးကင်းလုံခြုံစွာ စားသုံးခွင့်ရရှိနေကြခြင်းဖြစ်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုဖြစ်ပွားခြင်း နှင့် နိုင်ငံရေးအပြောင်းအလဲတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခြင်း စသည့်အကြောင်းတရားများကြောင့် လယ်ယာ စိုက်ပျိုးရေးကျဆင်းပြီး စားနပ်ရိက္ခာထုတ်လုပ်မှု ထိခိုက် လျော့နည်းစေနိုင်သည့်အခြေအနေများ ဖြစ်ခဲ့သော်လည်း လယ်ယာသားငါးထုတ်လုပ်မှု အရှိန်အဟုန်ကျဆင်းခြင်း မရှိခဲ့ သည်မှာ တောင်သူလယ်သမားကြီးများ၏ ကြိုးပမ်းအားထုတ်မှု များကြောင့်ပင်ဖြစ်သည်။ ပြည်ပအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ် အချို့က မြန်မာနိုင်ငံတွင် လူဦးရေသန်းနှင့်ချီ၍ အငတ်ဘေးဆိုက် လိမ့်မည်ဟုပင် ထုတ်ဖော်ဝေဖန်ခဲ့ရာ ၎င်းတို့၏ တွက်ကိန်းနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ခဲ့သည်။
ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက် လမ်းတံတား၊ ကျေးလက်ကုန်ထုတ် လမ်းတံတားစီမံကိန်းများ၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများ၊ သောက်သုံးရေရရှိရေး လုပ်ငန်းများကြောင့် ကျေးလက်ဒေသနေ ပြည်သူလူထု၏ လူနေမှု ဘဝများမှာ များစွာတိုးတက်လာခဲ့ပြီး ကျေးလက်ဒေသများ၏ မြင်ကွင်းများမှာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် ကျေးလက်ဒေသ၏ ပင်မစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုများအတွက် ပညာပေးအစီအစဉ်များ၊ ဈေးကွက် နှင့် ငွေကြေးဆိုင်ရာ အကူအညီပေးမှုများကလည်း စိုက်ပျိုး မွေးမြူထုတ်လုပ်သူ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တို့ကို မြင့်မားတိုးတက်စေသည်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အရေး ကြီးသည့်အချက်မှာ ကျေးလက်ဒေသမှ လူ့စွမ်းအားအရင်းအမြစ် များပင်ဖြစ်သည်။ နိုင်ငံတွင်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ၏ အများစုကြီးမှာ ကျေးလက်ဒေသများတွင် ရှိနေပြီး ပြည်တွင်း နှင့် ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အမြောက် အမြားထွက်ခွာလျက်ရှိကြရာ အဓိကအချက်မှာ လယ်ယာ လုပ်ငန်းခွင်မှ ဝင်ငွေက ဆွဲဆောင်မှုမရှိခြင်းကြောင့်ပင် ဖြစ်သည်။ အောက်ခြေလယ်ယာလုပ်သားများ၏ မိသားစုများတွင် ပညာရေးအားဖြင့်လည်း ပျမ်းမျှအားဖြင့် အခြေခံပညာအလယ် တန်း အောက်အဆင့်မျှသာဖြစ်သည့်အတွက် ကျွမ်းကျင်မှုမြှင့်တင် ပေးခြင်း၊ ဝင်ငွေရလမ်းအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက် အကူပြုနိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံကို လယ်ယာထုတ်ကုန်များ တင်ပို့ရောင်းချသည့် နိုင်ငံအဆင့်မှသည် စိုက်ပျိုးရေးအခြေခံစက်မှုနိုင်ငံ၊ နည်းပညာ မြင့် စက်မှုနိုင်ငံ စသည်ဖြင့် အဆင့်ဆင့်တည်ဆောက်သွားရမည့် ခရီးရှည်အတွင်း တောင်သူလယ်သမားများ၏ ကဏ္ဍမှာ အနာဂတ် ကာလများစွာအထိ အရေးပါနေမည်ဖြစ်သည်။ တောင်သူ လယ်သမားတို့၏ လူနေမှုဘဝများ မြင့်မားရေး၊ ကျေးလက်ဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဓိကအကျဆုံးမှာ တောင်သူ လယ်သမားများပင်ဖြစ်ရာ ထက်သန်သည့် စိတ်ဓာတ်၊ မြင့်မား သည့် ဉာဏ်ပညာ၊ ကြီးမားသည့် လုံ့လဝီရိယတို့ဖြင့် အားထုတ် ကြိုးပမ်းနိုင်ကြပါစေကြောင်း။ ။