အာဆီယံအဆင့် လူငယ်ဘောလုံးပြိုင်ပွဲများကျင်းပဖြစ်ပါက မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်    မတ်    ၆
မြန်မာလူငယ်ဘောလုံးအသင်းများသည် ယခုနှစ်အတွင်း အာဆီယံအဆင့် လူငယ်ဘောလုံး ပြိုင်ပွဲများ ပြန်လည်ကျင်းပဖြစ်ပါက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာလူငယ်လက်ရွေးစင် ဘောလုံးအသင်းများဖြစ်သည့် ယူ-၁၉ အမျိုးသားအသင်း၊ အမျိုးသမီးအသင်း၊ ယူ-၁၆ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့မှာ နိုင်ငံတကာ ပြိုင်ပွဲများနှင့် နှစ်နှစ်ဝန်းကျင်ဝေးကွာနေပြီး ယခုနှစ်အတွင်း ပြိုင်ပွဲများ ပြန်လည်ကျင်းပ ဖြစ်မှသာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင်မှ အောက်တိုဘာအတွင်း ပြုလုပ်သွားဖွယ်ရှိနေသည်။ မြန်မာဘောလုံးအသင်းများသည် အာဆီယံအဆင့်ပြိုင်ပွဲများ တွင်    ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး    ယင်းပြိုင်ပွဲများ   ယှဉ်ပြိုင်ဖြစ်ပါကလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာလူငယ်လက်ရွေးစင်အသင်းများမှာ ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတကာပြိုင်ပွဲများနှင့် ဝေးကွာလျက်ရှိပြီး ယခုနှစ်အတွင်း ပြိုင်ပွဲများကျင်းပဖြစ်ပါက ကာလအတန်ကြာမှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်လာ မည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်    ၂၀၂၀ ပြည့်နှစ်နှင့်   ၂၀၂၁ ခုနှစ်တို့တွင်   ပြိုင်ပွဲများ ပုံမှန်မကျင်းပနိုင်သဖြင့် အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပြိုင်ပွဲအားလုံး ပြန်လည်ကျင်းပရန်    ကြိုးပမ်းနေခြင်းဖြစ်သည်။  အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပထမဆုံးပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၂၃ ပြိုင်ပွဲကို ဖေဖော်ဝါရီ  ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့ပြီး ဒုတိယမြောက်ပြိုင်ပွဲဖြစ်သည့် အာဆီယံ ဖူဆယ်ပြိုင်ပွဲ ကို ဧပြီတွင် ထိုင်းနိုင်ငံ၌ ထပ်မံကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်