ကိုဗစ်အလွန် အဆင့်မြင့်ပညာရေး (၁၃)အဆင့်မြင့် စိုက်ပျိုးမွေးမြူရေး ပညာရပ်များ

Type
၁

ဆောင်းပါး

=======

 

 

ကိုဗစ်အလွန် အဆင့်မြင့်ပညာရေး (၁၃)အဆင့်မြင့် စိုက်ပျိုးမွေးမြူရေး ပညာရပ်များ

===================================================

 

ဒေါက်တာမျိုးကြွယ်

(ဆင်ပေါင်ဝဲ)

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါမောက္ခ ဒေါက်တာမြင့်သိန်း၏ “ဒို့တက္ကသိုလ်တွေ အဆင့်မြင့်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့’’ ဟူသည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ဂုဏ်ပြုဆောင်းပါး တွင် “မြန်မာနိုင်ငံတက္ကသိုလ်များသည် ကမ္ဘာ့တက္ကသိုလ်အဆင့်အလိုက်နှင့်အတူ နိုင်ငံအတွင်းအဆင့် (၁) ရန်ကုန်တက္ကသိုလ်၊ (၂) မန္တလေးတက္ကသိုလ်၊ (၃) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စသည်တို့ အဆင့်ဆင့်တက်လာသည်ကို တွေ့ရှိရပါသည်’’ဟူ၍ ရေးသားတင်ပြထားပါသည်။

 

ကျွန်တော်၏ အသက်မွေးဝမ်းကျောင်းပညာက စိုက်ပျိုးရေး (Agriculture) ဖြစ်၍ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် ကျွန်တော်တို့နိုင်ငံအတွက် အဆင့်မြင့်ပညာရေးတွင် စိုက်ပျိုး၊ မွေးမြူရေး ပညာကို နိုင်ငံတကာတက္ကသိုလ်များနှင့် အစိုးရအဖွဲ့တို့ ဆောင်ရွက်နေကြပုံများကို တင်ပြလိုပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့်အတူ ကျွန်တော်တို့အဖွဲ့ ၂၀၁၈ ခုနှစ် ခန့်က နယ်သာလန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တက္ကသိုလ်များကို လေ့လာခဲ့ရပါသည်။ နယ်သာလန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် သုတေသန တက္ကသိုလ်မှာ ၂၀၂၀ ကြူအက်စ် ကမ္ဘာ့တက္ကသိုလ် အဆင့်အလိုက် (QS World University Rankings 2020) တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တော ပညာ၌ ကမ္ဘာ့နံပါတ် (၁) ဖြစ်ပါသည်။ ပတ်ဝန်းကျင်သိပ္ပံပညာမှာ ကမ္ဘာ့နံပါတ် (၈) ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ် ဒေးဗစ် နယ်မြေက အဆင့် (၂)၊ ဆွီဒင်နိုင်ငံ ဥပဆာလာစိုက်ပျိုးမွေးမြူရေးသိပ္ပံ တက္ကသိုလ်က အဆင့် (၃)၊ ပြင်သစ်နိုင်ငံ ပဲရစ်စိုက်ပျိုးနည်းပညာတက္ကသိုလ် က အဆင့် (၄)၊ အမေရိကန်နိုင်ငံ ကော်နယ်တက္ကသိုလ်က အဆင့် (၅)၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ် (ဘာကေးလီနယ်မြေ)ကအဆင့် (၆)၊ ဆွစ်ဇာလန်နိုင်ငံ အီးတီအိပ်ဂျ် ဇူးရစ်-ဗဟိုအစိုးရနည်းပညာတက္ကသိုလ်က အဆင့် (၇)၊ အမေရိကန်နိုင်ငံ ဝှစ်ကွန်ဆင်တက္ကသိုလ် (မေဒီဆင်နယ်မြေ)က အဆင့် (၈)၊ ဗြိတိန်နိုင်ငံ ရက်ဒင်းတက္ကသိုလ်က အဆင့် (၉)၊ တရုတ်နိုင်ငံ တရုတ်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်က အဆင့် (၁၀) စသည်တို့အပြင် ဘယ်လ်ဂျီယံ (Ghent University)၊ နော်ဝေး (Norwegian University of Life Science)၊ ကနေဒါ (University of British Columbia)၊ ဂျပန် (The University of Tokyo)၊ ဂျာမနီ (Universities of Hohenheim and Gottingen)၊ သြစတြေးလျ (The Universities of Queensland and Melbourne)၊ တောင်ကိုရီးယား (Seoul National University)၊ နယူးဇီလန် (Massey University) တို့သည် စိုက်ပျိုးမွေးမြူရေးဘာသာရပ်များအား သင်ကြားရေးနှင့် သုတေသနပြုမှုတို့တွင် ကမ္ဘာ့ထိပ်တန်းက ရောက်နေသော တက္ကသိုလ်များဖြစ်ပါသည်။

 

နယ်သာလန်နိုင်ငံသည် ဧရိယာအကျယ်အဝန်း ဟက်တာ ၃၃၇၂၀ မျှသာ ကျယ်ဝန်းသော်လည်း (မြန်မာနိုင်ငံဧရိယာ၏တစ်ဝက်မျှသာ) စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို နိုင်ငံတကာသို့ တင်ပို့နိုင်သည်မှာ အမေရိကန် နိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည် နယ်သာလန်ထက် လူဦးရေ အဆ ၂၀၊ မြေဧရိယာ ၂၇၁ ဆ ကျယ်ဝန်း ပါသည်။

အမေရိကန်၊ နယ်သာလန်နှင့် မြန်မာနိုင်ငံတို့ စိုက်ပျိုးရေးဆိုင်ရအချက်အလက်အချို့ နှိုင်းယှဉ်ချက် (၂၀၂၀ ကမ္ဘာ့ဘဏ်)တရုတ်နိုင်ငံသည် ကမ္ဘာတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန် အများဆုံး ထုတ်လုပ်သော်လည်း နိုင်ငံ၏လူဦးရေများပြားမှုကြောင့် အမေရိကန်နိုင်ငံ၏ စုစုပေါင်းစိုက်ပျိုးမွေးမြူရေးထုတ်ကုန် နိုင်ငံတကာသို့ တင်ပို့နိုင်မှု (Total Agricultural Export) ကို မမီပါ။

 

နယ်သာလန်နိုင်ငံ၏ အံ့ဩစရာ အချက်တစ်ချက်မှာ စိုက်ပျိုးရေးမှ နိုင်ငံတကာသို့ တိုက်ရိုက်ပို့ကုန် အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံ၊ စိုက်ပျိုး မွေးမြူရေးပစ္စည်းများ၊ မျိုးစေ့၊ နည်းပညာနှင့် ဝက်ဂန်နင်ဂန်တက္ကသိုလ်သို့ လာရောက်ပညာသင်သည့် နိုင်ငံတကာကျောင်းသား ကျောင်းသူများ၏ ကျောင်းလခများအပါအဝင် ကိုးဘီလီယံ၊ မျိုးစေ့၊ ပန်းမန်စသည်တို့ကို ကုန်ကြမ်းဝယ်ယူ၍ ပြန်လည်ပြုပြင်ထုပ်ပိုးရောင်းချသည့် Re-export က ၂၄ ဘီလီယံဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံရရှိသည်ကို အံ့မခန်း တွေ့ရှိရပါသည်။ (၂၀၁၉ စာရင်းဇယား)

 

ထိုနိုင်ငံနှစ်ခုနောက်တွင်မှ ဂျာမနီ၊ ဘရာဇီး၊ ပြင်သစ်၊ တရုတ်၊ စပိန်၊ ကနေဒါ၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံတို့က ကမ္ဘာ့စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုဖြင့် ဝင်ငွေအကောင်းဆုံး ၁၀ နိုင်ငံအနေဖြင့် ဦးဆောင်နေပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး ပို့ကုန်ရငွေမှာ နယ်သာလန်နိုင်ငံ ၏ နည်းပညာနှင့် ဗဟုသုတများ ရောင်းချရာမှ ရရှိသည့်ဝင်ငွေခန့်သာ ရှိနေပါသည်။

 

နိုင်ငံအလိုက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ကို ကမ္ဘာသို့တင်ပို့ရောင်းချ နိုင်မှုများကို အောက်ပါဇယားတွင် တွေ့ရှိနိုင်ပါသည်။

 

ထုတ်ကုန်အလိုက်ဝင်ငွေနှင့်နိုင်ငံတကာသို့

ပို့ကုန်ရာခိုင်နှုန်း (၂၀၂၀)

Source - ၂၀၂၀ ကမ္ဘာ့ဘဏ်, World Bank Statistics 2020

ထို့အတူ အမေရိက၊ ဥရောပ၊ အာရှနှင့်အာဆီယံနိုင်ငံများရှိ စိုက်ပျိုး မွေးမြူရေးဘာသာရပ်များ သင်ကြားပေးသောတက္ကသိုလ်များကို အောက်ပါ ဇယားတွင် တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးမွေးမြူရေး ကျောင်းသား ကျောင်းသူများသည် ဂျာမနီနိုင်ငံ တက္ကသိုလ်များ (Universities of Bonn ၊ Hohemhein ၊ Gottingen ၊ Hannover ၊ Kassel ၊ Gissen)၊ ဘယ်လ်ဂျီယံနိုင်ငံတက္ကသိုလ် (Ghent University)၊ နယ်သာလန် နိုင်ငံတက္ကသိုလ် (Wageningen University & Research)၊ သြစတြေးလျ နိုင်ငံတက္ကသိုလ်များ (Universities of Queenslands ၊ Melbourne ၊ Sydney ၊ Western Australia ၊ New Englands)၊ ဂျပန်နိုင်ငံ တက္ကသိုလ်များ (Gifu ၊ Hokkaido ၊ Miyazaki ၊ Nagoya ၊ Tokyo ၊ Kyoto ၊ Kyushu ၊ Tsukuba ၊ TUA and TUAT Universities)၊ ကိုရီးယားနိုင်ငံ တက္ကသိုလ်များ (Seoul National University ၊ Kyungpook ၊ Chonnam ၊ Chungbuk and Mokpo Universities)၊ အိန္ဒိယနိုင်ငံ တက္ကသိုလ်များ (IARI ၊ Panjab and Tamil Nadu Agricultural Universities)၊ တရုတ်နိုင်ငံ တက္ကသိုလ်များ (China Agricultural University ၊ North West Agriculture and Forest University ၊ Sichun and Yunnan Agricultural Universities)၊ နယူးဇီလန်နိုင်ငံရှိ တက္ကသိုလ်များ (Massey and Lincoln Universities)၊ ဖိလစ်ပိုင်နိုင်ငံရှိဖိလစ်ပိုင်တက္ကသိုလ် (လော့ဘားမြို့နယ်မြေ) နှင့် ဗဟိုလူဇုန်တက္ကသိုလ် (University of Philippines ၊ Los Banos – UPLB ၊ Central Luzon State University)၊ မလေးရှားနိုင်ငံရှိ ပူထရာမလေးရှား တက္ကသိုလ်နှင့် အခြားတက္ကသိုလ်များ (Universities Putra Malaysia – UPM၊ UKM)၊ ထိုင်းနိုင်ငံရှိ ကက်ဆတ်တက္ကသိုလ်နှင့် အခြားတက္ကသိုလ်များ (Kasetsart and Chiang Mai ၊ Maejo ၊ Khon Kaen Universities)၊ အင်ဒိုနီးရှားနိုင်ငံ ဘိုဂါစိုက်ပျိုးရေးတက္ကသိုလ် (Bogor Agricultural University- IPB) တို့တွင် ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာသူများရှိသလို လက်ရှိသင်ကြားနေသူ များလည်း များပြားစွာရှိပါသည်။ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့သို့ ယခင် ၁၉၈၈ ခုနှစ်မတိုင်မီ ကျွန်တော်တို့ ဆရာ ဆရာမများလက်ထက် ပညာတော် သင်များ စေလွှတ်ခဲ့ဖူးပါသည်။ အများစုမှာ အငြိမ်းစားယူသွားကြပြီဖြစ်၍ ပြန်လည်စေလွှတ်ပြီး ပညာသင်ယူရန် လိုပါဦးမည်။ စိုက်ပျိုးမွေးမြူရေးနိုင်ငံ ဖြစ်သော ကျွန်တော်တို့မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက အခြားနိုင်ငံ များ၏ တက္ကသိုလ်အရေအတွက်နှင့် ဘွဲ့ရဦးရေမှာ အလွန်ကွာခြားလျက်ရှိ နေပါသည်။

 

အမေရိက၊ ဥရောပ၊ အာရှနိုင်ငံအသီးသီးရှိ စိုက်ပျိုးမွေးမြူရေးဘာသာရပ်များ သင်ကြားပေးသော တက္ကသိုလ် အရေအတွက်စုစုပေါင်း (၂၀၂၀)

Reference – Wikipedia – List of Agriculture Universities in the World, 2020နယ်သာလန်နိုင်ငံ ဝက်ဂန်နင်ဂန်စိုက်ပျိုးမွေးမြူရေးနှင့် သုတေသန တက္ကသိုလ်မှာ မဟာဌာနကြီးငါးခုရှိရာ (က) စိုက်ပျိုးနည်းပညာနှင့် အစားအသောက်သိပ္ပံ၊ (ခ) မွေးမြူရေးသိပ္ပံ၊ (ဂ) ပတ်ဝန်းကျင်သိပ္ပံ၊ (ဃ) သီးနှံ နှင့် အပင်သိပ္ပံနှင့် (င) လူမှုရေးသိပ္ပံ ဌာနကြီးများတွင် ပါမောက္ခပေါင်း ၁၇၀ (ဝန်ထမ်းစုစုပေါင်း ၅၉၆၁ ဦး)ရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အဆင့်မြင့်နည်းပညာများအား ကျောင်းသား ကျောင်းသူပေါင်း ၁၂၈၁၉ ဦး (၂၀၂၀) တို့ကို သင်ကြား၊ သင်ယူ၊ သုတေသနပြုလုပ်ပေးလျက် ရှိနေပါသည်။ ကျွန်တော်တို့နိုင်ငံရှိ တက္ကသိုလ်များမှာ ဘာသာရပ်တစ်ခုချင်း အထူးပြု ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူ အရေအတွက် မှာလည်း နှစ်ထောင်၊ သုံးထောင်လောက်သာရှိကြသော တက္ကသိုလ်ငယ်လေး များ ဖြစ်ကြပါသည်။ ကမ္ဘာ့အဆင့်မီတက္ကသိုလ်များ စာရင်းဝင်လိုသည်ဆိုပါက ဘာသာရပ်ပေါင်းစုံသင်ကြားပေးသော တက္ကသိုလ်စနစ် ဖြစ်သင့်ပြီး ကျောင်းသား ကျောင်းသူ အရေအတွက်မှာလည်း တစ်သောင်းအထက် ရှိသင့်ပါသည်။ သုတေသနအခြေခံတက္ကသိုလ်ဖြစ်ရန်အတွက် စာသင်ကြားမှု အဓိကထားသည့် ပါမောက္ခများ ရှိရမည့်အပြင် သုတေသနကို အဓိကထားသည့် ဘွဲ့လွန် (မဟာ၊ ပါရဂူ ကျောင်းသား ကျောင်းသူ) များနှင့် တွဲဖက်ဆောင်ရွက် နေသော ပါမောက္ခ၊ တွဲဖက်ပါမောက္ခများလည်း များစွာရှိနေရန် လိုပါသည်။

 

ထို့အတူ သီးနှံတစ်ခုခု (သို့မဟုတ်) အထူးပြုဘာသာရပ် တစ်ခုခုကို တစိုက်မတ်မတ် သုတေသနပြု၊ တောင်သူများအား ပညာပေးနေသည့် ဘာသာရပ်တွင် အထူးကျွမ်းကျင်သူ၊ ပါရဂူများသည် တက္ကသိုလ်များ သုတေသန ဌာနများတွင် ရှိနေရန်လိုအပ်ပါသည်။ ကျွန်တော် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်စဉ်က အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ် တစ်ကျောင်းက ပါမောက္ခများ၊ ပညာရှင်များ လာရောက်လေ့လာပြီး ပြောကြားသွားသည်ကိုအမှတ်ရနေပါသည်။ “မင်းတို့မြန်မာနိုင်ငံက ပဲစင်းငုံကို တို့နိုင်ငံက နှစ်တိုင်းဝယ်နေရပါတယ်၊ ဒါကြောင့်မင်းတို့တက္ကသိုလ်မှာ ပဲစင်းငုံ မွေးမြူရေးပညာရှင်ပေါင်း ဘယ်နှဦးသုတေသနလုပ်နေပါသလဲ’’ ဟု မေးဖူးပါသည်။ ကျွန်တော်က “တက္ကသိုလ်မှာ ပဲစင်းငုံမွေးမြူရေးချည်းပဲ သီးသန့်လုပ်နေသူမရှိပါ။ အထွေထွေအပင်မွေးမြူရေးပညာရှင်များစွာရှိပြီး သီးနှံစုံ အပင်မွေးမြူရေး သုတေသနများ အထူးသဖြင့် စပါးကို ဦးစားပေးလုပ် နေပါတယ်၊ စိုက်ပျိုးရေး သုတေသနဌာနမှာတော့ တစ်ဦးရှိပါတယ်’’ဟုပြောရာ “ငါတို့တက္ကသိုလ်မှာ ပဲစင်းငုံမွေးမြူရေး ပါရဂူဘွဲ့ရ ဒေါက်တာချည်းပဲ ၁၀ ဦးရှိပြီး တစ်နိုင်ငံလုံးဆိုရင် ပညာရှင်တစ်ရာကျော်က နှစ်စဉ်ပိုမိုကောင်းမွန်တဲ့ ပဲစင်းငုံ မျိုးတွေ တောင်သူအတွက်ရရှိဖို့ သုတေသနများစွာပြုလုပ်ပြီး အလုပ်ရုံဆွေးနွေးပွဲ တွေ၊ ဟောပြောပွဲတွေ၊ သုတေသနညီလာခံတွေ (ပြည်တွင်း၊ ပြည်ပ) နှစ်စဉ် လုပ်နေပါတယ်။ ပဲစင်းငုံသီးနှံတွင်မှ ပဲစင်းငုံသီးနှံစိုက်ပျိုးရေးပညာရှင်၊ ပဲစင်းငုံ ပေါင်းသိပ္ပံပညာရှင်၊ ပဲစင်းငုံ မြေဆီလွှာပညာရှင်၊ ပဲစင်းငုံရေသွင်းရေထုတ်ပညာရှင်၊ ပဲစင်းငုံ ပိုးမွှားပညာရှင်၊ ပဲစင်းငုံအပင်ရောဂါပညာရှင်၊ ပဲစင်းငုံစီးပွားရေးပညာရှင်၊ ပဲစင်းငုံ တောင်သူပညာပေးရေးပညာရှင်၊ ပဲစင်းငုံမျိုးစေ့ပညာရှင်၊ ပါရဂူဘွဲ့ရ၊ ပါမောက္ခတွေ များစွာလိုပါဦးမယ်’’ဟူ၍ အကြံပေးပြောကြားသွားပါသည်။

 

အခြားသီးနှံများဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ ဝါ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ သရက်သီး၊ ဖရဲသီး၊ နှင်းဆီပန်း၊ သစ်ခွပန်း၊ နောက်ဆုံး သင်္ဘောသီး၊ မာလကာသီး ကအစ အခြားနိုင်ငံများတွင် ပါရဂူဘွဲ့ရပညာရှင်၊ ပါမောက္ခများစွာသည် တက္ကသိုလ်များ၊ သုတေသနဌာနများတွင် များစွာသုတေသနပြုလုပ်ကာ တောင်သူလယ်သမားကြီးများအတွက် အကျိုးပြုပညာပေးလုပ်ငန်းများစွာ ပြုလုပ်နေကြရာ ကျွန်တော်တို့က လိုက်မီရန် အများကြီးကြိုးစားရပါဦးမည်။ နယ်သာလန်နိုင်ငံ ဝက်ဂန်နင်ဂန်တက္ကသိုလ်က ထိုကဲ့သို့ ပါရဂူဘွဲ့ရ၊ ပါမောက္ခ များစွာရှိပြီး တိုင်းပြည်ဝင်ငွေကို စိုက်ပျိုးမွေးမြူရေးကဏ္ဍက များစွာရှာဖွေ ပေးလျက်ရှိနေသည်ကို အားကျအတုယူရပါမည်။

 

နယ်သာလန်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ပြီး ချမ်းသာနေသော၊ တစ်ကမ္ဘာလုံးကို စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ပို့ဆောင် ပေးနေသော ကမ္ဘာ့ပို့ကုန် နံပါတ် (၂) အဆင့်ရှိသည့် နိုင်ငံဖြစ်ပါသည်။ နေ့စဉ် နံနက် ၆ နာရီမှ ၈ နာရီအထိ ကမ္ဘာ့အကြီးဆုံး ပန်းစျေးကွက်၊ လေလံပွဲကြီးကို အန်စတာဒန်လေယာဉ်ကွင်းအနီး၌ ပြုလုပ်ပါသည်။ တစ်ကမ္ဘာလုံးမှ စိုက်ပျိုးသမျှ ပန်းများ လာရောက်အရောင်းအဝယ်ပြုကြသည့် လေလံပွဲကြီး ဖြစ်ပါသည်။ နိုင်ငံအနှံ့ မြေအားလုံးနီးပါး မြေပြန့်ဖြစ်ပြီး ဥယျာဉ်ခြံ၊ သီးနှံ၊ ပန်းမန်၊ နွားမွေး၊ ကြက်မွေး၊ ဝက်မွေးဖြင့် နိစ္စဓူဝ စိုက်ပျိုးမွေးမြူရေးဖြင့် လည်ပတ်လျက်ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့စျေးကွက်ဝင်ပန်းများ စိုက်ပျိုး နိုင်ပြီး အဓိကစျေးကွက်သို့ တိုက်ရိုက်အမြန်ဆုံးရောက်နိုင်သလို သယ်ယူ ပို့ဆောင်ရေးစနစ် အမြန်ဆုံး လိုနေပါသည်။ မျိုးကောင်းမျိုးသန့်၊ ပန်းမျိုးစေ့၊ အထွက်ကောင်းနည်းပညာများမှာ သူတို့နိုင်ငံက ကူညီနိုင်သည်ဟု ပြောကြား ပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင် ပန်းမျိုးစုံ (ဥပမာ နှင်းဆီ၊ ဂန္ဓမာ၊ သစ်ခွ) စိုက်ပျိုးရေးပညာရှင်၊ မျိုးစေ့ပညာရှင်၊ အစိုးရ၊ တက္ကသိုလ်၊ သုတေသန ဌာန၊ ပုဂ္ဂလိက၊ ကုမ္ပဏီမှ ပညာရှင်များ စုစည်းပြီး ပြုလုပ်ရန်လိုပါဦးမည်။

 

ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသားအချိုးမှာ (၅၀%) တစ်ဝက်ခန့်စီ ရှိပါသည်။ သို့မှသာ သုတေသနအခြေပြုတက္ကသိုလ် ဖြစ်မြောက်ပါမည်။ ၂၀၁၉ ခုနှစ် စာရင်းဇယားအရ တက္ကသိုလ်တစ်နှစ်ဝင်ငွေ ယူရို ၆၈၄ သန်း ရရှိသည်ဟု ပြောပါသည်။ တက္ကသိုလ်နှင့်သုတေသန ပူးပေါင်းလုပ်ဆောင်ထား၍ ဝက်ဂန်နင်ဂန် သုတေသနဌာနမှ အစားအသောက်နှင့် ဇီဝအခြေခံ သုတေသန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးသုတေသန၊ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန၊ သီးနှံပင်ဆိုင်ရာ သုတေသန၊ စီးပွားရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်မှုဌာနတို့က တက္ကသိုလ် သင်ကြားရေးနှင့် အချိုးညီညီ လုပ်ဆောင်လျက် ရှိနေပါသည်။ ကျွန်တော်တို့နိုင်ငံရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (YAU) နှင့် စိုက်ပျိုးရေးသုတေသနဌာန (DAR) ရှိ ပညာရှင်များအားလုံးတို့ပူးပေါင်း၍ သင်ကြားရေးနှင့်သုတေသနဆောင်ရွက်မည်ဆိုလျှင် သူတို့နိုင်ငံစနစ် ဖြစ်သွား နိုင်ပါသည်။

 

နယ်သာလန်နိုင်ငံအတွင်းရှိ လယ်တောများသို့ လေ့လာရာတွင် ပျမ်းမျှ စိုက်ကွင်းတစ်ခု နို့စားနွား အကောင် ၃၀၀ ခန့် မွေးမြူပြီး နွားစားကျက် မြက်ခင်း ဟက်တာ ၁၀၀ ခန့်ရှိသလို နွားမွေးတောင်သူ မစ္စတာဘတ် (Mr.Bert) နှင့် တွေ့ဆုံခဲ့ရာမှာ - နွားနို့ညှစ်ပုံ၊ နွားအစာကျွေးပုံ၊ လွှတ်ကျောင်း ပုံကို သူနှင့်ဝန်ထမ်း (အလုပ်သမား) တစ်ဦးသာ ကြီးကြပ်မွမ်းမံနေသည်ဟု ပြောဆိုနေသည်မှာ အလွန်အတုယူစရာကောင်းလှပါသည်။ “နယ်သာလန် လူမျိုးတွေ ကမ္ဘာမှာအရပ်ရှည်ပြီး ကျန်းမာကြံ့ခိုင်နေတာဟာ နေ့စဉ်နွားနို့ သောက်နှုန်း များပြားလို့’’ဟူ၍ သူကပြောပါသည်။

 

တက္ကသိုလ်ဝင်းအတွင်းတွင်လည်း ဖရီးလင်း၊ ကန်ပီးနားကုမ္ပဏီက သုတေသနပြုရာ ဌာနကြီးတစ်ခု ဆောက်ပေးထားပြီး နွားနို့နှင့်ပတ်သက်၍ ထုတ်လုပ်ပုံ၊ ပြင်ဆင်ထုပ်ပိုးမှု၊ အာဟာရဓာတ်၊ နွားနို့မှ ပြုပြင်ထုတ်လုပ် ထားသော အစားအသောက် နို့ထွက်ပစ္စည်းများကို ဘွဲ့လွန်သုတေသနများ၌ ထောက်ပံ့ငွေပေး၍ သုတေသနလုပ် တီထွင်သွားသည်မှာ တက္ကသိုလ်နှင့် ပုဂ္ဂလိကကုမ္ပဏီများ တွဲဖက်လုပ်ဆောင်မှု အလွန်ကောင်းမွန်ပါသည်။

 

နယ်သာလန်နိုင်ငံရှိ အသက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားရေး ပြုလုပ်နေသော ဟုတ်ဂီးအသက်မွေးသင်ကျောင်း (Vocational Education School, AERES Hogeschool)၌ လေ့လာရာတွင် အလုပ်ရရှိမှု၊ ရေရှည် တည်တံ့ခိုင်ခံ့မှု၊ သင်ယူတတ်မြောက်ထားသောပညာဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု၊ တိုက်ရိုက်ပံ့ပိုးပေးနိုင်မှုတို့ကို အခြေခံသဖြင့် ထိုကဲ့သို့ သင်တန်းကျောင်းများသို့ တက်ရောက်လိုသူ ကျောင်းသား ကျောင်းသူ များပြား လှပါသည်။ ထိုအဆင့်တွင် အင်္ဂလိပ်လို မသင်ကြားဘဲ သူတို့ဘာသာစကား (Dutch Language) ဖြင့် သင်ကြားပေးပါသည်။ အင်္ဂလိပ်စာဖြင့် သင်ယူပြီး ဘာသာရပ်အကြောင်း နားမလည်ဘဲ အလွတ်ကျက် ပြန်ဖြေရသော ပညာရေး စနစ် မဟုတ်ပါ။ အသက်မွေးဝမ်းကျောင်းပညာဆိုသည်မှာ အလုပ်အကိုင် အခွင့်အလမ်း တိုက်ရိုက်ဖန်တီးပေးသည့် ပညာဖြစ်ပြီး အလုပ်ခွင်ထဲ တိုက်ရိုက် ဆွဲသွင်းသော ထိုပညာရေးစနစ်ကို ကျွန်တော်တို့နိုင်ငံတွင်လည်း ကျင့်သုံး နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။ သို့ဖြစ်ပါ၍ တက္ကသိုလ် (Comprehensive University) ဆိုသည်မှာ ဘာသာရပ်ပေါင်းစုံ ညီညွတ်စွာ အတူတကွ စုစည်း ပေါင်းစည်း၍ သင်ကြားရေး၊ သုတေသနများစွာ ပြုလုပ်လာမည်ဆိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ယခုထက်ပို၍ နိုင်ငံတော်အတွက်၊ ပြည်တွင်း အတွက်လည်း ပိုမိုဖူလုံ၊ နိုင်ငံခြားဝင်ငွေ (Foreign Exchange – FE) လည်း ပိုမိုရှာဖွေပေးနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ။