
ရန်ကုန် မတ် ၇
မြန်မာကစားသမားနှစ်ဦးသည် ကာတာနိုင်ငံ၌ကျင်းပလျက်ရှိသည့် ၂၀၂၂ ကမ္ဘာ့စနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ကမ္ဘာ့စနူကာပြိုင်ပွဲကို မတ် ၁ ရက်မှစ၍ ကျင်းပလျက်ရှိပြီး မြန်မာကစားသမားနှစ်ဦး ယှဉ်ပြိုင်နေသည့် စီနီယာစနူကာ တစ်ဦးချင်းပွဲစဉ်များကို မတ် ၆ ရက်မှစ၍ ပြုလုပ်နေခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် စနူကာကစားသမားနှစ်ဦးသည် ကမ္ဘာ့စနူကာပြိုင်ပွဲ၏ စီနီယာ အဆင့် တစ်ဦးချင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး မတ် ၆၊ ၇ ရက်တို့တွင် အုပ်စုပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာကစားသမားများအနက် အောင်ဖြိုးသည် အုပ်စု (E) တွင် အီရန်၊ အမေရိကန်၊ ကာတာကစားသမားများ၊ ဝင်းကိုသည် အုပ်စု (P) တွင် ကာတာ၊ အီရန်၊ အိန္ဒိယကစားသမားများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ အောင်ဖြိုးသည် အယ်လ်စီယက် (အမေရိကန်) ကို ၄-၃ ပွဲ၊ အာလိုဘိုင်ဒီလီ (ကာတာ) ကို လေးပွဲပြတ်တို့ဖြင့် နှစ်ပွဲဆက်အနိုင်ရထားပြီး ဝင်းကိုမှာမူ ရာဝပ်(အိန္ဒိယ) ကို ၃-၄ ပွဲ၊ အလီ(ကာတာ) ကို ၁-၄ ပွဲတို့ဖြင့် နှစ်ပွဲဆက် အရေးနိမ့်ထားသည်။ အောင်ဖြိုးသည် အုပ်စုနောက်ဆုံးပွဲ အဖြစ် ဆာခိုရှာ (အီရန်)၊ ဝင်းကိုက အလီ (အီရန်)တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မတ် ၈ ရက်(ယနေ့) ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကစားသမား ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင် နေပြီး လေးဦး ၁၄ အုပ်စုနှင့် သုံးဦး နှစ်အုပ်စုခွဲ၍ ပြုလုပ် နေခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို မတ် ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့စနူကာပြိုင်ပွဲ အပြီး တွင် အာရှဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆက်လက် ကျင်းပမည် ဖြစ်သည်။ မြန်မာစနူကာ ကစားသမား နှစ်ဦးသည် ကမ္ဘာ့ပြိုင်ပွဲအပြီး တွင် အာရှပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ရဲရင့်လွင်