
ခန့်ဇော်(ကျေးလက်)
============
ယနေ့ခေတ်မှာ ထုပ်ပိုးဖို့ အသုံးပြုတဲ့ပစ္စည်း တွေဖြစ်တဲ့ ပလတ်စတစ်နဲ့လုပ်တဲ့ ကြွပ်ကြွပ် အိတ်တွေ၊ ဖော့ဘူးတွေစသဖြင့် အသုံးပြုလွယ်ကူ တဲ့၊ သယ်ယူရလွယ်ကူတဲ့ပစ္စည်းတွေကို တွင်ကျယ် စွာ အသုံးများလာတာနဲ့အမျှ အမြန်လမ်းမကြီးတွေ၊ မြို့ချင်းဆက်လမ်းတွေ၊ ရထားလမ်းဘေးနဲ့ ဘူတာရုံ အနီးပတ်ဝန်းကျင်တွေ၊ ဈေးတွေ၊ ကျောင်းတွေ၊ ပန်းခြံတွေ၊ အများသုံးအဆောက်အအုံတွေ၊ ရွာတွေ မှာ ကြွပ်ကြွပ်အိတ်နဲ့ ဖော့ဘူးအမှိုက်တွေဟာ မြင်မကောင်းအောင် အမြင်မတင့်တယ်စွာ တွေ့မြင် နေရပါတယ်။
ဘာကြောင့် အမှိုက်ကို အမှိုက်ပုံး၊ အမှိုက်ပုံမှာ မတွေ့ရဘဲ လမ်းဘေးတွေ၊ အမှိုက်မရှိသင့်တဲ့နေရာ တွေမှာ တွေ့နေရတာလဲ။ ရှင်းပါတယ်။ အမှိုက်စီမံ ခန့်ခွဲဖို့ တာဝန်ရှိသူတွေက ရန်ပုံငွေလိုအပ်ချက် အရလည်းကောင်း၊ ဥပဒေစိုးမိုးမှု အားနည်းလို့ အရေးယူမှု၊ အပြစ်ပေးမှု အားနည်းတာကြောင့် လည်းကောင်း၊ လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ စည်းကမ်း မကောင်းတာကြောင့်လည်းကောင်း ဒီလိုအကြောင်းရင်းအမျိုးမျိုးကြောင့်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
အရေးယူတာတွေ လုပ်သင့်
မြို့ပြတွေမှာတော့ စည်ပင်သာယာရေးအဖွဲ့တွေ ဟာ အမှိုက်စီမံခန့်ခွဲဖို့၊ အမှိုက်သိမ်းဖို့၊ အမှိုက် စွန့်ပစ်မှုနဲ့ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက် တွေ ထုတ်ပြန်ကြီးကြပ်တာ၊ အသိပညာပေး လုပ်ငန်းတွေလုပ်တာ၊ အမှိုက်ခွန်ကောက်တာတွေ ကို ဆောင်ရွက်ကြပါတယ်။ အဲဒီလို ဆောင်ရွက် နိုင်ဖို့ By Law ရေးဆွဲပြီး ဥပဒေနဲ့ကြီးကြပ်ကြပါတယ်။ သို့သော်လည်းပဲ အားလုံးသိတဲ့အတိုင်း ဒီနေ့လှည်း၊ နောက်နေ့ အမှိုက်ပြန်ရောက်တဲ့ သံသရာလည်တဲ့ အဖြစ်ကို အားလုံးအသိပဲဖြစ်ပါတယ်။ လူတွေရဲ့ စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်မှုတွေကို ဥပဒေအရ ထိရောက်အောင် အရေးမယူနိုင်တော့ နိုင်ငံ့ဘဏ္ဍာ ကို ပိုကုန်ကျခံပြီး စည်ပင်သာယာရေးအဖွဲ့တွေက နေ့စဉ်ဆောင်ရွက်နေကြရတာပေါ့။ တချို့မြို့ပြ တွေကလည်း အခွန်ပေါ် ရပ်တည်ရတာကြောင့် ဝင်ငွေ/ ရငွေနည်းတော့ ဆောင်ရွက်ရမယ့် ပြည်သူ့ ဝန်ဆောင်မှုတွေကို မလုပ်နိုင်တာမို့ အမှိုက် ကောင်းကောင်းမသိမ်းနိုင်၊ မစီမံနိုင်တာကို တွေ့နေ ရပါတယ်။ လူတွေ စည်းကမ်းမဲ့အမှိုက်ပစ်တာကို စောင့်ကြည့်ပြီး ဖမ်းဖို့ဆိုတာလည်း ခက်သားပဲဗျ။ CCTV တွေ အများကြီးတပ်ရမယ်။ စီမံခန့်ခွဲစရိတ် တက်လာမယ်။ အရေးယူဖို့ ကိစ္စတွေမှာ ဝန်ထမ်းနဲ့ ပြည်သူကြား ပြဿနာတွေရှိလာမယ်။ ဒါကြောင့် ပြည်သူကို စည်းရုံးအသိပညာပေးပြီး အသိ စိတ်ဓာတ်ရှိရှိနဲ့ လူတိုင်းစည်းကမ်းရှိပြီး လိုက်နာ တာပဲကောင်းပါတယ်။ သို့သော် လူသားတွေပဲ လူတွေပဲဆိုတော့ကာ ကောင်းတဲ့သူ၊ ဆိုးတဲ့သူ၊ စည်းကမ်းရှိသူ၊ စည်းကမ်းမရှိသူဆိုတာမျိုးက ရှိနေမှာပဲ။ ဒါကြောင့် ဥပဒေနဲ့အညီ ကြီးကြပ်တာ၊ အရေးယူတာတွေကိုတော့ မြို့ပြကြီးတွေနဲ့ အဓိက နေရာတွေမှာ လုပ်ကိုလုပ်သင့်ပါတယ်။
အမြန်လမ်းတွေရဲ့ လမ်းလယ်ကျွန်းနဲ့ လမ်းဘေးတွေမှာ ကြွပ်ကြွပ်အိတ်တွေ ဖွေးနေ တာကို မြင်ရတာက စိတ်မသက်သာစရာ။ Toll Gate အနီးပတ်ဝန်းကျင်မှာ အမှိုက်တွေရှိနေတာ ကိုက စိတ်ပျက်စရာပဲဖြစ်ပါတယ်။ နိုင်ငံနဲ့ နိုင်ငံ သားဂုဏ်သိက္ခာနဲ့ အမှိုက်တည်ရှိမှုက တိုက်ရိုက် အချိုးကျတယ်လို့ မြင်မိပါတယ်။ ဒီမှာ အမြန်လမ်းမှာ တာဝန်ရှိတဲ့သူတွေကရော အမှိုက်ပစ်တဲ့သူတွေကို ဘယ်လိုအရေးယူကြမှာလဲ။ ဘယ်လိုကာကွယ် တားဆီးအသိပညာပေးမလဲ။ အသိပညာပေးကာလ လွန်ပါက ဘယ်လိုထိထိရောက်ရောက် အရေးယူကြ မလဲ။စဉ်းစားကြရပါမယ်။ အရေးမယူဘဲ ပစ်သူက ပစ်၊ ရှင်းသူကရှင်းဆိုရင်တော့ နိုင်ငံတော်ဘဏ္ဍာ နစ်နာသလို အမှိုက်သံသရာလည်း လည်နေဦးမှာပဲ ဖြစ်ပါတယ်။
ဘတ်ဂျက်ရေးဆွဲပြီး စနစ်တကျစီမံသင့်
တချို့မြို့တွေမှာဆို မြို့ပြင် သင့်တော်တဲ့ နေရာမှာ အမှိုက်စုပုံပစ်ကြရတယ်။ အဲဒီနေရာက မြို့ပြင်ဖြစ်လို့ မြို့တွင်းကလူတွေရဲ့အမြင်မှာ အပြင်ဖြစ်သော်လည်း ခရီးသွားပြည်သူတွေရဲ့အမြင် မှာတော့ လမ်းဘေးမြင်ကွင်းဖြစ်နေတတ်ပါတယ်။ ဒါကိုလည်း သတ်သတ်မှတ်မှတ်နဲ့ ဘတ်ဂျက်ရေး ဆွဲပြီး စနစ်တကျစီမံသင့်ပါတယ်။ ကားဂိတ်တွေ၊ အမြန်လမ်းရဲ့ နားနေစခန်းတွေမှာလည်း စည်းကမ်း မဲ့ ဈေးဆိုင်တွေနဲ့ စည်းကမ်းမဲ့အမှိုက်ပစ်မှုတွေဟာ မြင်မကောင်းအောင် တွေ့နေရဆဲဖြစ်ပါတယ်။ ဘယ်သူက သိမ်းမှာလဲ၊ ဘယ်ငွေကို အသုံးပြုကြ မှာလဲ၊ လူတွေကို စည်းကမ်းနဲ့ ဘယ်လိုထိန်းမလဲ၊ ဘယ်လိုအသိပညာပေးမလဲဆိုတာတွေ စဉ်းစား ရမှာဖြစ်ပြီး စီမံခန့်ခွဲရေးအရ တာဝန်ပေးအပ်မှု၊ စုဖွဲ့မှု၊ ရန်ပုံငွေနဲ့ စသဖြင့် ခွင့်ပြုပေးထားပြီး နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာပဲ ဖြစ်ပါတယ်။
ကွမ်းဟာ ကျန်းမာရေးထိခိုက်သလို ကင်ဆာလည်းဖြစ်နိုင်
အမှိုက်လိုပဲ ဆိုးတဲ့နောက်တစ်ခုက ကွမ်း တံတွေးပဲဖြစ်တယ်။ လမ်းတွေမှာ၊ အများပြည်သူ အဆောက်အအုံတွေမှာ တွေ့နေရပါတယ်။ အလွန် အရုပ်ဆိုးပါတယ်။ ညစ်ပတ်ပါတယ်။ မီးပွိုင့် ကားရပ် တဲ့နေရာတွေမှာ တွေ့ရပါတယ်။ လမ်းတွေ ညစ်ပတ် ပါတယ်။ ကားရပ်နားရာနေရာတွေမှာ ထွေးကြပါ တယ်။ ညစ်ပတ်ပါတယ်။ ကွမ်းဟာ ကျန်းမာရေး ထိခိုက်သလို ကင်ဆာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကောင်းကျိုးမရှိ။ ကျန်းမာရေးအသိပညာ ပေးအပြင် လျှော့စားရေး၊ ရုံးတွေ၊ လမ်းတွေ၊ ရထားတွေ၊ ဘတ်စ်ကားတွေမှာ ကွမ်းတံတွေး မထွေးရေး၊ ထွေးရင် အရေးယူဆောင်ရွက်ရေးတွေ ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိ
မြို့ပြမှာ စီမံခန့်ခွဲရေးအတွက် စည်ပင်သာယာ ရေးအဖွဲ့တွေရှိပြီး ဥပဒေလည်းရှိ၊ ရန်ပုံငွေလည်း ရှိတာတောင် ယနေ့အထိ အမှိုက်ပြဿနာဟာ သံသရာလည်နေရင် ကျေးလက်ဒေသတွေမှာရော ဘယ်လိုရှိနေကြမလဲ၊ စဉ်းစားစရာရှိလာပါတယ်။ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိတယ်။ ရွာတွေ မှာလည်း ပလတ်စတစ်ကြွပ်ကြွပ်အိတ်အပါအဝင် အမှိုက်မျိုးစုံ၊ ရေသန့်ဘူးခွံတွေဟာ နေရာတကာမှာ တွေ့မြင်နေကြရပါတယ်။ ရွာတွေမှာတော့ စည်ပင် သာယာမရှိတော့ ကျေးရွာအကြီးအကဲ ရပ်မိရပ်ဖ တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ၊ ဖွံ့ဖြိုးရေးကော်မတီတွေ၊ ကျေးရွာမှာ တာဝန်ကျတဲ့ ဆရာ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပြီး ဦးဆောင်သူ ကောင်းတွေရှိပါက ကျေးရွာမှာ စနစ်တကျနဲ့ သန့်ရှင်းသာယာနေမှာဖြစ်ပြီး အမှိုက်စနစ်တကျ စွန့်ပစ်တာ၊ သိမ်းဆည်းတာတွေ ရှိနေတတ်ပါတယ်။ ခေါင်းဆောင်သူမရှိ၊ စိတ်ဝင်စားသူ မရှိရင်တော့ အမှိုက်တွေနဲ့ ရွာထိပ်၊ ရွာလယ် နေရာတကာမှာ ညစ်ပတ်နေတာပါပဲ။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ၂၀၁၉ ခုနှစ်မှာ အတည်ပြုခဲ့ပြီး နည်းဥပဒေကို ၂၀၂၀ ပြည့်နှစ်မှာ အတည်ပြုခဲ့ပါတယ်။ ဥပဒေအခန်း (၆)၊ ကျေးလက်ဒေသနေပြည်သူများရဲ့ တာဝန်များ၊ ပုဒ်မ (၁၀)(က) မှာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားသော အခြေခံ အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက် ရန်နှင့် “အမှိုက်စနစ်တကျစွန့်ပစ်ရေးဆောင်ရွက် ရန်” လို့ သတ်မှတ်ပါရှိပါတယ်။ ဥပဒေထွက်ပြီး နောက်ပိုင်းမှစ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူများ သိရှိလိုက်နာလွယ် အောင် ဗီနိုင်းထုတ်ပြီး “ပြည်သူများရဲ့ ရပိုင်ခွင့်က ဘာတွေလဲ၊ တာဝန်တွေက ဘာတွေလဲ၊ ပြစ်မှု ပြစ်ဒဏ်က ဘာတွေလဲ” စတာတွေကို ရိုးရှင်း လွယ်ကူအောင် ပြုစုပြီး ရှင်းပြကြရပါတယ်။ လူ ကန့်သတ်ချက်၊ ရန်ပုံငွေကန့်သတ်ချက်ရှိတာမို့ သီးခြားသွားရောက်ရှင်းပြတာမျိုးမလုပ်ဘဲ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း ကျွဲကူးရေပါ ဆောင်ရွက်နေကြပါတယ်။ f စာမျက်နှာ ၁၀ မှ
ဥပဒေအခန်း (၇)၊ ကျေးလက်ဒေသ သောက်သုံး ရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း၊ ပုဒ်မ ၂၀ (က) မှာတော့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (DRD)အနေဖြင့် ကျေးလက် ပြည်သူများ “ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ ကောင်းမွန်သော အလေ့အထများ ကျင့်သုံးလာစေ ရန် လေ့ကျင့်ပျိုးထောင်ပေးရန်”၊ ပုဒ်မ ၁၀(ခ) မှာ ကျေးလက်ပြည်သူများမှ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရန်၊ အမှိုက်ထွက်ရှိမှုကို လျှော့ချခြင်း၊ ပလတ်စတစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ရန် နေရာသတ်မှတ်ခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ အမျိုး အစားခွဲခြားခြင်းတို့အတွက် အသိပညာပေးခြင်း နှင့် စည်းရုံးဆောင်ရွက်ခြင်း၊ ပုဒ်မ ၁၀ (ဂ)မှာတော့ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေဆိုးများ စနစ် တကျ ဘေးကင်းစွာ စွန့်ပစ်ခြင်းအတွက် အသိပညာ ပေးခြင်းနှင့် စည်းရုံးဆောင်ရွက်ခြင်း၊ ပုဒ်မ ၁၀ (ဃ)မှာတော့ ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံ အိမ်သာများ စနစ်တကျဆောက်လုပ်သုံးစွဲစေခြင်း၊ စည်းရုံးဆောင်ရွက်ခြင်း၊ ပုဒ်မ ၁၀(င) မှာတော့ လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေးနှင့် လျော့နည်း သက်သာစေရေးအတွက် အသိပညာပေးဆောင်ရွက် စေခြင်းတို့ကို ဥပဒေရေးဆွဲသတ်မှတ်ပြီး စည်းရုံး ဆောင်ရွက်ရန် ဖြစ်ပါတယ်။
ဥပဒေကို အကောင်အထည်ဖော်ရန်မှာ စဉ်းစား ရပါတယ်။ ရွာမှာ ဝန်ထမ်းမရှိ၊ ဆောင်ရွက်ဖို့ ရန်ပုံ ငွေမရှိဘဲ စည်းရုံးဆောင်ရွက်ရမှာမို့ မြို့ပြလို မလွယ်ကူပေ။ သို့သော် ပြည်သူကို အသိပညာ ပေးရတာ၊ စည်းရုံးဆောင်ရွက်ရတာ ကျေးလက်မှာ ရိုးရှင်းလွယ်ကူတာ တွေ့ရတယ်။ ဒီမှာ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးလက်ဦးစီးက နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ကျေးရွာပေါင်း ၂၀၀၀၀ မှ ၃၀၀၀၀ ကျော်ခန့်ကို စီမံခန့်ခွဲနေတာ ဖြစ်တယ်။
(က) ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ မြစိမ်း ရောင်စီမံကိန်းကျေးရွာ - ၁၂၀၀၀ ကျော်၊
( ခ ) ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဆောင် ရွက်သည့်ကျေးရွာ - ၃၀၀၀ ကျော်၊
( ဂ) ကျေးရွာရေပေးရေးလုပ်ငန်း ဆောင်ရွက် သည့်ကျေးရွာ - ၃၀၀၀ ခန့်၊
( ဃ) ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင် ရွက်သည့်ကျေးရွာ - ၁၅၀၀ ခန့်၊
( င ) ကုန်ထုတ်လမ်း ဆောင်ရွက်သည့် ကျေးရွာ - ၅၀၀ ခန့်၊
( စ ) ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ CDD ကျေးရွာ - ၁၂၀၀၀ ကျော်၊
(ဆ) အသက်မွေးဝမ်းကျောင်း သင်တန်းပေး မှု ဆောင်ရွက်သည့်ကျေးရွာ- ၆၀၀ ခန့်။
နှစ်စဉ် စုစုပေါင်း ကျေးရွာ ၂၀၀၀၀ မှ ၃၀၀၀၀ ကျော်အတွင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံ ခန့်ခွဲဆောင်ရွက်ပေးရင်းနဲ့ ကျွဲကူးရေပါအမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ဖို့ စည်းရုံးလုပ်ဆောင် ပါတယ်။
အမှိုက်သိမ်းစနစ် ပုံမှန်ဆောင်ရွက်အောင် စည်းရုံးလုပ်ဆောင်နိုင်ခဲ့
စီမံကိန်းတွေ လျာထားဆောင်ရွက်ရာမှာ လိုအပ်ချက်ကို ဦးတည်ရွေးချယ်သော်လည်း အမှိုက် စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်လိုမှု၊ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်လိုမှု၊ စိတ်ဓာတ်စည်းကမ်းကောင်းပြီး တာဝန်ယူမှု၊ တာဝန်သိမှုရှိတဲ့ ကျေးရွာတွေကို ပေါင်းစပ်ရွေးချယ်စေခဲ့ပါတယ်။ ဒါကြောင့် အထက် တင်ပြပါမြစိမ်းရောင်၊ VDP၊ CDD၊ လမ်း၊ ရေ၊ မီး ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်တဲ့ရွာတွေမှာ စည်းရုံး ပြီး ဆောင်ရွက်ခဲ့တာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၄၃၇၅ ရွာမှာ အမှိုက်သိမ်းစနစ် ပုံမှန်ဆောင်ရွက်အောင် စည်းရုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျေးရွာပေါင်း ၆၀၀၀၀ ကျော်ရှိတာမို့ စီမံနိုင်တာ ၆ ဒသမ ၈ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ဆက်လုပ်ရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DRD) တစ်ခုတည်းနဲ့ မရပါဘူး။ အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေရဲ့ အားပေးကူညီဆောင်ရွက်လိုမှု၊ ကျေးရွာအဆင့် ဝန်ထမ်းရှိသော ပညာရေး၊ ကျန်းမာ ရေး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှလည်း အထက်အဆင့်ဆင့်မှ ကျေးလက်ဦးစီးကဲ့သို့ ကျေးရွာအမှိုက်စွန့်ပစ်မှု၊ စီမံခန့်ခွဲမှုစနစ်ဖြစ်ပေါ် လာစေရန် ဆောင်ရွက်ကြဖို့ မူလတာဝန်နဲ့အတူ ကျွဲကူးရေပါ ဆောင်ရွက်ကြဖို့၊ နှစ်စဉ် ဘယ်နှရွာ လုပ်ဖို့ စသည်ဖြင့် တာဝန်ပေးပါက ပိုမိုအောင်မြင် မယ်လို့ မျှော်မှန်းပါတယ်။
အခြားအစိုးရဌာနဆိုင်ရာတွေကလည်း ကျေးရွာ မှာ ဖွံ့ဖြိုးရေးဆောင်ရွက်ရင်း ပူးတွဲဆောင်ရွက် ပေးနိုင်ပါက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း အကြံပြုပါတယ်။
ကျေးလက်ဦးစီးအနေနဲ့တော့ ကျေးရွာအမှိုက် စီမံခန့်ခွဲရေး၊ အသိပညာပေးဆောင်ရွက်ဖို့ ဝန်ထမ်းတွေကို သင်တန်းပေးဆောင်ရွက်ပြီး ဝန်ထမ်းတွေကတစ်ဆင့် ကျေးရွာကော်မတီကို ပြန်လည်သင်ပြ စည်းရုံးဆောင်ရွက်နေပါတယ်။ ဝန်ထမ်းအတွက် သင်တန်းလက်စွဲများအပြင် ကျေးရွာကော်မတီအတွက် သင်တန်းလက်စွဲများ ပြုစုဆောင်ရွက်နေပါတယ်။ ဝန်ထမ်းတွေ စိတ်ဓာတ် တက်ကြွပြီး ဂုဏ်ယူနိုင်စေဖို့အတွက် နှစ်စဉ် ဆုပေးပွဲတွေ ကျင်းပဆောင်ရွက်လျက်ရှိပြီး “စွန့်ပစ် အမှိုက်စီမံခန့်ခွဲခြင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုဆု” ကို စည်းရုံးဆောင်ရွက်နိုင် သော ကျေးရွာအရေအတွက်၊ ပုံမှန်လည်ပတ် ဆောင်ရွက်နေမှု ရှိ/ မရှိနဲ့ စစ်ဆေးကြပ်မတ်နိုင်မှု တို့အပေါ် အခြေခံပြီးစဉ်းစားပါတယ်။ ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် ဆုပေးပွဲတက်ရောက် ချီးမြှင့်ခြင်း ဖြင့် ဝန်ထမ်းတွေ ကြိုးစားလိုမှုရှိစေဖို့၊ ဂုဏ်ယူ တတ်စေဖို့နဲ့ နှစ်စဉ်တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို တင်ဒါစနစ်နဲ့ ဆောင်ရွက်နေချိန်၊ ဝန်ထမ်းတွေက ကိုယ်တိုင်မလုပ် ရဘဲ ကြီးကြပ်မှုသာ လုပ်နေရချိန်မှာ ပြည်သူကို စည်းရုံးပြီး ရန်ပုံငွေမရှိ၊ သီးခြားထောက်ပံ့မှုမရှိဘဲ လုပ်ငန်းတွေကို ကြီးကြပ်ရင်း အမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ပေးနိုင်တဲ့ စိတ်စေတနာ၊ ကြိုးစား အားထုတ်မှုကို ဂုဏ်ယူတတ်အောင် ဝန်ထမ်းတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်တာအတွက် ဂုဏ်ယူ ကျေနပ်မိပါတယ်။
ရန်ပုံငွေ လုံလုံလောက်လောက်လိုအပ်
မြို့ပြတွေအတွက်တော့ Town Plan တွေ ရေးဆွဲဆောင်ရွက်ရာမှာ အမှိုက်စီမံခန့်ခွဲမှုအတွက် စီမံချက်ရေးဆွဲဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက် ဖို့လုပ်ငန်းတွေအတွက် ရန်ပုံငွေ လုံလုံလောက် လောက်လိုအပ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့အစည်းတွေ လိုအပ်ပါတယ်။ ဆိုင်ရာအစိုးရ အဖွဲ့တွေရဲ့ အားပေးထောက်ပံ့မှုလိုအပ်ပြီး Green City ဖြစ်စေရေး စီမံချက်တွေ ရေးဆွဲဆောင်ရွက် သင့်ပြီး ဆုပေးမှုတွေလည်း လုပ်သင့်ပါတယ်။ ပြည်သူအသိပညာပေးလုပ်ငန်းတွေ လုပ်သင့်သလို တရားဥပဒေစိုးမိုးရေး၊ အပြစ်ပေးအရေးယူနိုင်ရေး ကိုလည်း လက်တွေ့ဆောင်ရွက်သင့်ပါတယ်။ ကျေးရွာတွေအလိုက်၊ မြို့နယ်အလိုက်၊ လမ်းအလိုက် သန့်ရှင်းသပ်ရပ်မှုကို အသိအမှတ်ပြုအဆင့် သတ်မှတ်တာ၊ ဆုပေးတာတွေ ဆောင်ရွက်ပြီး စည်းကမ်းရှိတဲ့ ဂုဏ်၊ နိုင်ငံသားတာဝန် ကျေပွန်တဲ့ ဂုဏ်တွေကို တန်ဖိုးထားပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့ စီမံသင့်ပါတယ်။
ကြွပ်ကြွပ်အိတ်နဲ့ ဆွေးမြည့်ဖို့ခက်ခဲတဲ့ပစ္စည်း တွေ သုံးစွဲတာလျှော့ချတဲ့နည်း-Reduce ၊ ဆွေးမြည့် ဖို့ ခက်ခဲတဲ့ပစ္စည်း၊ ပလတ်စတစ်ပစ္စည်းတွေကို စနစ်တကျ ပြန်လည်အသုံးပြုတဲ့နည်း-Reuse၊ ပလတ်စတစ်ပစ္စည်း / သတ္တုပစ္စည်း/ သစ်သား/ ဖန်ထည်/ ချည်မျှင်နဲ့ အဝတ်အထည်ပစ္စည်းတွေကို ပြန်လည်သန့်စင် ဆန်းသစ်တီထွင် အသုံးပြုတဲ့ နည်း-Recycle၊ ဘူးခွံခွက်ခွံ၊ ပလတ်စတစ်/ ကြွပ်ကြွပ်အိတ်တွေကို ဈေးဆိုင်တွေ/ အဟောင်း ဝယ်သူတွေထံ ပြန်လည်ရောင်းချ/ ပြန်သွင်းတဲ့ နည်း- Return၊ ဈေးဝယ်ရာမှာ ပလတ်စတစ်/ ကြွပ်ကြွပ်အိတ်နဲ့ပေးပါက မယူဘဲ ငြင်းဆိုတဲ့ နည်း- Refuse စတဲ့ 5R လို့ခေါ်တဲ့ အမှိုက်စီမံခန့်ခွဲရာ မှာ လိုက်နာကြရမယ့် နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်စေဖို့ တာဝန်ရှိသူတွေဘက်ကလည်း အသိပညာပေးဟောပြောတာ၊ ထိန်းကွပ်တာတွေ ဆောင်ရွက်သင့်သလို ပြည်သူတွေဘက်ကလည်း အမှန်တကယ် လိုက်နာကြဖို့ လိုအပ်ပါတယ်။
အမှိုက်စွန့်ပစ်ရာမှာလည်း အမှိုက်အမျိုးအစား ခွဲပြီး စနစ်တကျစွန့်ပစ်ခြင်း၊ ကျေးရွာ/ မြို့နဲ့ အနည်း ဆုံးပေ ၃၀၀၀ ခန့်အကွာမှာ နေရာသတ်မှတ်ပြီး တစ်နေ့ထွက်ရှိအမှိုက်ပမာဏအရ ငါးနှစ် (သို့ မဟုတ်) ၁၀ နှစ်ကာလအတွင်း စွန့်ပစ်မယ့်အမှိုက် ပမာဏဝင်ဆံ့နိုင်တဲ့ အလွှာလိုက်မြေဖုံး အမှိုက် ကျင်း (Landfill) ပြုလုပ်ပြီး စနစ်တကျစွန့်ပစ်တာ တွေကို ကျင့်သုံးသင့်ပါတယ်။
လက်တွေ့လိုက်နာကျင့်သုံးစေရေး စည်းရုံးဆောင်ရွက်သင့်
ကျေးရွာအားလုံး လွှမ်းခြုံဆောင်ရွက်နိုင်ဖို့ ဆိုရင်တော့ ကျေးလက်ဦးစီးနဲ့အတူ အခြားဌာန ဆိုင်ရာတွေကပါ စီမံချက်ရေးဆွဲပြီး မိမိတို့ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း အမှိုက်စီမံ ခန့်ခွဲမှုစနစ် လက်တွေ့လိုက်နာကျင့်သုံးစေရေး စည်းရုံးဆောင်ရွက်သင့်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်း တွေဆောင်ရွက်ဖို့ လိုအပ်ချက်၊ စိစစ်ရွေးချယ်တဲ့ စံသတ်မှတ်ချက်၊ Criteria သတ်မှတ်ချက်တွေမှာ လည်း အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ဆောင်ရွက်နေတဲ့ ရွာ၊ ဆောင်ရွက်မယ့်ရွာကို ဦးစားပေးမယ့် Incentive Criteriaမျိုး ရေးဆွဲဆောင်ရွက်သင့်ပါတယ်။ ဥပမာ- ရေပေးရေး၊ မီးလင်းရေး၊ လမ်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း လိုအပ်လို့ ဆောင်ရွက်ချင်ရင် အမှိုက် စီမံခန့်ခွဲမှုစနစ် လုပ်နိုင်ရမယ်၊ လက်တွေ့လုပ်ရ မယ်၊ လုပ်ဖို့သင်ပေးမယ်၊ ကြီးကြပ်ပေးမယ် စသည် ဖြင့် မက်လုံးပေး ဆောင်ရွက်သင့်ပါတယ်။ အစိမ်း ရောင်ကျေးလက်ဖွံ့ဖြိုးရေးစီမံချက်တွေ ရေးဆွဲ ဆောင်ရွက်သင့်ပါတယ်။ အမှိုက်လျှော့ချသုံးစွဲမှု၊ အမှိုက်စီမံခန့်ခွဲမှုအပါအဝင် သဘာဝနဲ့ လူမှု ပတ်ဝန်းကျင်မထိခိုက်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဦးတည်ဆောင်ရွက်ရပါမယ်။
ကျောင်းတွေမှာ ဘယ်လိုအသိပညာပေးလဲ သိချင်လို့ အိမ်က သားနဲ့သမီးကိုလည်း မေးဖြစ်ခဲ့ ပါတယ်။
“သားသားနဲ့ မီးမီးရေ သားတို့ သမီးတို့ကျောင်း မှာ အမှိုက်စနစ်တကျပစ်ဖို့ ဘာတွေသင်လဲ” မေးတော့…
သားက “သားတို့ (၇)တန်းမှာတော့… ဘဝ တွက်တာကျွမ်းကျင်စရာဘာသာမှာ သင်ပါတယ်။ အဓိကသင်တာက အမှိုက်ကို အမှိုက်ပုံးထဲမှာ စွန့်ပစ်တာ လုပ်သင့်တဲ့အလုပ်၊ ရှက်စရာ မဟုတ်ဘူး ဆိုတာရယ်၊ အမှိုက်ကို ကြုံသလို စွန့်ပစ်ခြင်းကသာ မလုပ်သင့်တဲ့အလုပ်၊ ရှက်စရာကောင်းတဲ့ အလုပ် ဆိုတဲ့အကြောင်း သင်ပါတယ်။ “တာဝန်သိတာ ဂုဏ်ယူစရာ”၊ “တာဝန်မသိသူ ရှက်စရာလူ” ဆိုပြီး သင်ပါတယ် …ဖေဖေ”
သမီးက “သမီးတို့ (၂) တန်းက စာရိတ္တနဲ့ ပြည်သူ့နီတိမှာ သင်ပါတယ် ဖေဖေ၊ အိမ်၊ ကျောင်းနဲ့ ပတ်ဝန်းကျင်မှာ အမှိုက်စနစ်တကျစွန့်ပစ်ဖို့၊ အမှိုက် တွေကို ရေမြောင်းထဲမပစ်ဘဲ သတ်မှတ်နေရာမှာ ပစ်ဖို့ သင်ပါတယ် ဖေဖေ”
“ဒါဆို သားသားနဲ့ သမီးတို့ ကျောင်းသွားရင်း လမ်းမှာ၊ ကျောင်းမှာ၊ အိမ်မှာ၊ ကစားကွင်းမှာ အမှိုက်မပစ်ရဘူးနော်။ လိုက်နာကြရဲ့လား၊ စည်းကမ်းရှိမှ တာဝန်သိ ကျောင်းသားကျောင်းသူ ဖြစ်ပြီး ဂုဏ်ယူစရာမို့ အမြဲတမ်းလိုက်နာရမယ်နော်” လို့ ကျွန်တော် ထပ်ပြောတော့ သားရော၊ သမီးရော ပြိုင်တူ...
“ဟုတ်ကဲ့ ဖေဖေ” လို့ ပြိုင်တူဖြေပြီး သမီး ဖြစ်သူက
“သမီးက အိမ်မှာ မေမေ့ကို အမှိုက်မရှိအောင် ဝိုင်းသိမ်းပေးပါတယ်။ ဒါပေမဲ့ သမီးအရုပ်တွေတော့ အမှိုက်မဟုတ်ဘူးနော်”၊ “သမီးအရုပ်တွေကိုတော့ လွှင့်မပစ်ဘဲ သိမ်းထားပေးပါ”တဲ့။
ငယ်စဉ်ကလေးဘဝကတည်းက ကြီးတဲ့အထိ ရင်ထဲမှာ စွဲမြဲနေအောင် ပညာပေးလေ့ကျင့်ပေးရင်း နဲ့ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်တဲ့အနာဂတ် အတွက် ကလေးတွေကို ပြုစုပျိုးထောင်ပေးကြရမယ်။
စည်းကမ်းမဲ့ အမှိုက်မပစ်ဖို့ လိုအပ်
စိတ်ဓာတ်စည်းကမ်းကောင်းမှ နိုင်ငံသား ကောင်းဖြစ်မယ်။ စည်းကမ်းမရှိ၊ စိတ်ဓာတ် မကောင်းရင် လူ့အမှိုက်ပဲဖြစ်မယ်။ ဒါကို ရှက်တတ် ရမယ်။ နိုင်ငံသားတိုင်း စိတ်ဓာတ်၊ စည်းကမ်း ကောင်းဖို့လိုသလို စိတ်ဓာတ်စည်းကမ်း ကောင်းမွန် တာကို ဂုဏ်ယူတတ်ရမယ်။လက်ရှိတွင်မူ အမှိုက် နဲ့ပတ်သက်ရင် စည်းကမ်းရှိမှု အားနည်းနေသေး တယ်။ ကျွန်တော်အပါအဝင် တာဝန်ရှိသူတွေ၊ မူဝါဒ ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တာဝန် ကျေပွန်အောင် စီမံခန့်ခွဲဖို့လိုသလို နိုင်ငံသားတိုင်း၊ မြို့ပြ/ ကျေးလက်နေ ပြည်သူတိုင်းကလည်း စည်းကမ်းရှိဖို့၊ စည်းကမ်းတကျနဲ့ အမှိုက်ပစ်ကြဖို့၊ စည်းကမ်းမဲ့ အမှိုက်မပစ်ဖို့ လိုအပ်ပါတယ်။
အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းမှသည် နေ့စဉ် လူမှုဘဝအထွေထွေတွင်လည်း လူတိုင်း စည်းကမ်း ရှိပြီး တာဝန်သိနိုင်ငံသားတွေဖြစ်အောင် နေထိုင် ကျင့်ကြံကြပါက သန့်ရှင်းသာယာလှပတဲ့ မြို့ပြ တွေ၊ ကျေးရွာတွေမှသည် သန့်ရှင်းလှပတဲ့ မြန်မာ နိုင်ငံဖြစ်လာစေဖို့ အားလုံးပါဝင်တည်ထောင်ကြ ပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ။
- Log in to post comments