
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်)
အားလုံးကို ကျန်းမာ၊ ချမ်းသာကြပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဒီကနေ့ အခမ်းအနားကို ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကနေစတင်ခဲ့တဲ့ ဖြစ်စဉ်များကြောင့် တစ်ဖက်နိုင်ငံကို ထွက်ခွာသွားခဲ့ကြတဲ့သူတွေကို စနစ်တကျ ပြန်လည်လက်ခံဖို့၊ ပြည်တွင်းမှာကျန်ရှိနေတဲ့သူတွေအတွက် နေရာချထားဖို့နဲ့ ပြန်လည်ထူထောင် နိုင်ဖို့၊ ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီးတော့ ရေရှည်ပဋိပက္ခတွေ ကင်းဝေးပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ပြည်သူများအားလုံးပါဝင်တဲ့ ပြည်ထောင်စုစီမံကိန်း အဖြစ် ဖွဲ့စည်းခဲ့တဲ့ UEHRD ကော်မတီရဲ့ (၃)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ ခြင်းပဲဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ တည်ငြိမ်အေးချမ်းဖို့ဆိုတာ အဲဒီနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသူများအားလုံးမှာ တာဝန်ရှိသလို နိုင်ငံကို ဦးဆောင် တာဝန်ယူစီမံခန့်ခွဲဆောင်ရွက်တဲ့ အစိုးရကလည်း နိုင်ငံရဲ့ နေရာဒေသအားလုံး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ဖို့၊ တည်ငြိမ်အေးချမ်းဖို့ လိုအပ်တဲ့ဖွဲ့စည်းမှု တွေ၊ စီမံကိန်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
အဲဒီစီမံဆောင်ရွက်မှုတွေအနက် UEHRD စီမံကိန်းကော်မတီဟာ ရခိုင်ပြည်နယ်အတွက် သီးသန့်ရည်ရွယ်ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခု၊ ကော်မတီတစ်ခု ဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံဟာ ရှေးဘိုးဘွားဘီဘင်များ လက်ထက်ကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံတို့ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ နိုင်ငံဖြစ်ပါတယ်။ မတူညီမှုတွေကို အခြေခံပြီး ညီညွတ် ရေးဆောက်တည်ခြင်းကို အချိန်ကာလမရွေး၊ အစဉ်တစိုက် လုပ်ဆောင် နေရမှာပါ။ ယခုအချိန်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု ဆောက်တည်ရေးလုပ်ငန်းများ အထူးလိုအပ်နေပါတယ်။
ရခိုင်ပြည်နယ်မှာ ကာလအဆက်ဆက် ဖြစ်တည်နေခဲ့တဲ့ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့တာတွေ၊ ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေဟာ စိန်ခေါ်မှုတွေ အနေနဲ့ရှိနေပြီး ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်မတို့အစိုးရအဖွဲ့အနေနဲ့ စတင်တာဝန်ယူချိန်ကတည်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။
ဗဟိုကော်မတီရဲ့အောက်မှာ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း ကော်မတီ (၄)ခုကို ထပ်မံဖွဲ့စည်းပြီး အားဖြည့်ဆောင်ရွက်ခဲ့ပါတယ်။ ဒီဗဟို ကော်မတီနဲ့ လုပ်ငန်းကော်မတီတွေကတော့ အစိုးရဝန်ကြီးဌာန တာဝန်ရှိသူ တွေနဲ့ ဖွဲ့စည်းထားပြီး ဌာနအလိုက် သက်ဆိုင်တဲ့လုပ်ငန်းရပ်တွေကို ဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။
UEHRD ဟာ အစိုးရဌာနဆိုင်ရာ လုပ်ငန်းများအပြင်၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ဖို့လိုအပ်တဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဟဇာတ ဖြစ်ရေးစတဲ့ ကဏ္ဍစုံမှာ လုပ်ငန်းရှင်ကြီးတွေ၊ ပညာရှင်ကြီးတွေရဲ့ အကြံဉာဏ် တွေ၊ ပြည်တွင်း၊ ပြည်ပ ပူးပေါင်းပါဝင်မှုတွေ၊ အထောက်အပံ့တွေနဲ့ပါ ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ နေရာဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဖွဲ့စည်းမှုပုံစံအသစ်နဲ့ ပထမဦးဆုံးဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စုစီမံကိန်း ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။
UEHRD ဟာ စတင်ဖွဲ့စည်းပြီးချိန်မှာပဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များနဲ့အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေ သတ်မှတ် ကာလအတွင်း စတင်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ပြန်လည်လက်ခံရေးစခန်း (၂)ခုနဲ့ ယာယီကြားစခန်းတစ်ခု တည်ဆောက်ရေးကို ပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီး အကန့်အသတ်များစွာကြားက အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့တဲ့အတွက် သတ်မှတ်ထားတဲ့ အချိန် (၂)လကျော် (၃)လ အတွင်းမှာပဲ ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် အဆင်သင့် ဖြစ်စေခဲ့ပါတယ်။ တာဝန် ရှိလို့ ဆောင်ရွက်တာမျိုးမဟုတ်ဘဲ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်ကို တာဝန် သိစွာ၊ တာဝန်ကျေပွန်စွာနဲ့ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့တယ် ဆိုတာကို ကျွန်မတို့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
အဲဒီလို ပြန်လည်လက်ခံရေးအတွက် တစ်ဖက်က ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာ ပြည်နယ်အတွင်းက အကူအညီလိုနေသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ဖို့ နိုင်ငံအနှံ့အပြားက စေတနာ့ဝန်ထမ်းလူငယ်တွေနဲ့ “UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်” ကို ဖော်ဆောင်ကာ အစားအစာတွေ၊ ရိက္ခာတွေ ဖြန့်ဝေထောက်ပံ့မှု ပြုခဲ့ ကြပါတယ်။ ဒီနေရာမှာ ကျွန်မပြောချင်တာက လူကြီးတွေက ကဏ္ဍအသီးသီး ကနေ ပါဝင်နေသလို ကျွန်မတို့ရဲ့ လူငယ်တွေကလည်း တစ်ထောင့်တစ်နေရာက ပူးပေါင်းပါဝင်ခဲ့ကြတယ်ဆိုတာပါပဲ။
“UEHRD ကော်မတီ” လို့ ဆိုတဲ့အခါမှာ UEHRD ကော်မတီဝင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အတတ်ပညာရှင်တွေ၊ လူငယ် လူရွယ် လူလတ် အသီးသီးနဲ့ ဖွဲ့စည်းထားတဲ့ UEHRD Task Force များရဲ့ ဆောင်ရွက်ချက်တွေ ကို ညွှန်းဆိုနေတာ ဖြစ်ပါတယ်။ Task Force အသီးသီးဟာ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ကဏ္ဍအလိုက် ဖွဲ့စည်းပြီး ကိုယ့်ကဏ္ဍနဲ့ကိုယ် တစိုက်မတ်မတ် ဆောင်ရွက်နေကြလို့ အခုလို UEHRD ကော်မတီ လုပ်ငန်းဆောင်ရွက်ချက် ဆိုတာကြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
UEHRD ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည် ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ရေရှည် ပဋိပက္ခကင်းဝေးရေးတို့အတွက် ဆောင်ရွက်ဖို့ဆိုတဲ့ လုပ်ငန်းတာဝန် သတ်မှတ်ချက်အတိုင်း ဆောင်ရွက် နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
UEHRD အနေနဲ့ တစ်ဖက်ကို ထွက်သွားသူတွေကို စိစစ်လက်ခံပြီးရင် ပြန်လည်နေရာချထားဖို့နဲ့ တစ်ဖက်ကိုမသွားဘဲ ဒေသတွင်းမှာ မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး နေထိုင်ကြရတဲ့သူတွေကို ပြန်လည်နေရာချထားဖို့ အတွက် နေအိမ်တွေ တည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် မီးရရှိရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပေးရေးတွေမှာ လည်း အတိုင်းအတာတစ်ခုအထိ အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် ချီးမွမ်း ဂုဏ်ပြုရပါမယ်။
ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ရခိုင်ပြည်နယ်အစိုးရနဲ့ လုပ်ငန်းရှင် ကြီးတွေ၊ ပြည်သူတွေအပြင် နိုင်ငံတကာက ကျွန်မတို့ရဲ့မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့အစည်းတွေကလည်း ကူညီထောက်ပံ့ ဖြည့်ဆည်းပေးခဲ့ကြတာတွေ အတွက် ကျေးဇူးတင် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း UEHRD ရဲ့ လူသားချင်းစာနာမှု လုပ်ငန်းစဉ်တွေမှာ ကျွန်မတို့နဲ့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နဲ့ IFRC, ICRC တို့ ပူးပေါင်းပြီး Red Cross Movement (RCM) အစီအစဉ်အဖြစ် ဖြစ်စဉ်တွေ စတင်ကတည်းက ဖွဲ့စည်းဆောင်ရွက်ပေးနေတာဟာ ယခုထိတိုင် ဖြစ်ပါတယ်။ ဒါ့အပြင် WFP ကလည်း COVID-19 မတိုင်မီရော၊ အခု COVID-19 ဖြစ်ပွားမှုကာလတွေအထိ ရခိုင်ပြည်နယ်အတွင်းမှာ စားနပ်ရိက္ခာ အပါအဝင် ထောက်ပံ့မှုတွေကို စဉ်ဆက်မပြတ် ထောက်ပံ့ဆောင်ရွက်ပေးခဲ့တာအတွက် လည်း ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံများနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ကလည်း “One ASEAN One Response” ဆိုတဲ့အတိုင်း ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်တွေမှာ ကျွန်မတို့နဲ့အတူ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို မပြတ်ဆောင်ရွက် ပေးနေသလို မိတ်ဆွေနိုင်ငံများကလည်း ပါဝင်ကူညီခဲ့ကြပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ကူညီထောက်ပံ့မှုများ များစွာ ပါဝင်ခဲ့တာကို ကျွန်မတို့အနေနဲ့ ကျေးဇူးတင်အသိအမှတ်ပြုပါတယ်။
ဒီနေရာမှာ ကျွန်မပြောချင်တာက ဘယ်လုပ်ငန်းမဆို အခက်အခဲ အတား အဆီးနဲ့ မကင်းနိုင်ပါဘူး။ ကျွန်မတို့ ဘယ်လောက်ပဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ဖို့၊ တည်ငြိမ်အေးချမ်းဖို့ လုပ်ချင်ပါတယ်ဆိုဆို အဟန့်အတားတွေ ကိုတော့ အမြဲကြုံတွေ့နေရမှာဖြစ်တယ် ဆိုတာကိုတော့ သိစေချင်ပါတယ်။
ကျွန်မတို့အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေးတွေကို ကြိုးပမ်း ဆောင်ရွက်နေတဲ့ကာလတွေ အတောအတွင်းမှာပဲ ရခိုင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ တိုးမြှင့်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါ့အပြင် အခု ကမ္ဘာနဲ့တစ်ဝန်း ကြုံတွေ့နေရတဲ့ COVID-19 ကူးစက်ရောဂါရဲ့ ဒုတိယလှိုင်းလို့ သတ်မှတ်ရမယ့် တိုက်ခိုက်မှုဒဏ်ကိုလည်း ရခိုင်ပြည်နယ်အပါအဝင် ကျွန်မတို့ အားလုံးကြုံတွေ့နေရပါတယ်။
ဒီအခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့ဆိုရင် အရေးအကြီး ဆုံးက ကျွန်မတို့ ပြည်သူတွေ စည်းကမ်းတကျ လိုက်နာဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာစကားပုံမှာ “လက်သည်းဆိတ်ရင် လက်ထိပ် နာတယ်” ဆိုတာ ရှိပါတယ်၊ ရခိုင်ပြည်နယ်မှာမှ မဟုတ်ပါဘူး နိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်ပွားမှုတွေ၊ ရောဂါကျရောက် မှုတွေခံစားရတယ်။ တွေ့ကြုံရတယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးရဲ့ဒုက္ခ၊ မြန်မာတစ်နိုင်ငံလုံးရဲ့ အခက်အခဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ တစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက် ပြီး ပြီးခဲ့တဲ့ (၈)လပိုင်းတုန်းက ရခိုင်ပြည်နယ်ရဲ့ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်တဲ့ စကားဝိုင်းမှာ ကျွန်မ ပြောခဲ့ဖူးပါတယ်။ “ရခိုင်အတွက် ပြည်ထောင်စု၊ ပြည်ထောင်စုအတွက် ရခိုင်” ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆောင်ရွက်ကြ၊ ကြည့်တတ်ကြဖို့ပါပဲ။ ဒါမှလည်း ကျွန်မတို့နိုင်ငံ အဓွန့်ရှည် တည်တံ့ပြီး ကျွန်မတို့အားလုံး မျှော်မှန်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ကျွန်မတို့ ထူထောင်နိုင်ပြီး အနာဂတ်မျိုးဆက် သစ်တွေကို မှန်ကန်ကောင်းမွန်တဲ့ အမွေအဖြစ် လက်ဆင့်ကမ်းပေးနိုင်ခဲ့မှာပဲ ဖြစ်ပါတယ်။
ကျွန်မပြောချင်တာ တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ ကျန်းမာရေးပဲ ဖြစ်ပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုလုပ်ငန်းတွေမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ COVID-19 ကူးစက် ပြန့်ပွားနေမှု အခြေအနေအရ ကျန်းမာရေးသတိ၊ ကျန်းမာရေးအသိ၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ အမူအကျင့်တွေ အမြဲရှိနေဖို့လိုပါတယ်။ တစ်ဦးချင်း တစ်ယောက်ချင်းကို ပြောချင်တာ ဖြစ်သလို UEHRD ကော်မတီမှာ ပါဝင် ဆောင်ရွက်နေသူများ အားလုံးကိုလည်း သတိပေးတာဖြစ်ပါတယ်။ UEHRD ကျန်းမာရေး Task Force အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအပိုင်းများမှာ တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်နေတာ ဖြစ်လို့ အထူးမှာကြားရတာ ဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် စနစ်တကျ နေထိုင်ပြီး ကျန်းမာနေမှ ကော်မတီရဲ့ လုပ်ငန်းတွေကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်မှာဖြစ်လို့ မိမိတို့အားလုံး အလုပ်ကိုလည်း လုပ်ကြပါ။ ကျန်းမာ ရေးကိုလည်း ဂရုပြုကြပါလို့ ပြောချင်ပါတယ်။
ပြီးခဲ့တဲ့ UEHRD (၂)နှစ်ပြည့်ကာလမှာ ပြောခဲ့တာ ရှိပါတယ်၊ ကျွန်မတို့ ဆောင်ရွက်နေတာဟာ ပြည်ထောင်စုကြီးအတွက် နောင်နှစ်ကာလ မြောက်မြားစွာ ခေတ်အဆက်ဆက် ကောင်းဖို့အတွက် လုပ်နေတာ ဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို နိုင်ငံသူ နိုင်ငံသား များ၊ ပြည်ထောင်စုသားသမီးများအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြေရှင်း နိုင်မယ်ဆိုရင် နောင်လာနောက်သားတွေအတွက် အင်မတန်မှ တန်ဖိုးဖြတ် လို့မရတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ အမွေအနှစ်ဖြစ်လာပြီး အဲ့ဒီအမွေ အနှစ်ကို ကျွန်မတို့ ထားခဲ့နိုင်မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ရင် ကျွန်မတို့ရဲ့ ဆောင်ရွက် မှုတွေအပေါ် အပြုသဘော ကြည့်မြင်ပြီး ဝိုင်းဝန်းကူညီကြတာတွေရှိသလို လိုအပ်ချက်တွေ အားနည်းချက်တွေပဲ ထောက်ပြဝေဖန်ပြီး ပိုမိုဆိုးရွားတဲ့ အခြေအနေတွေအထိ ရောက်အောင် တွန်းပို့နေကြတဲ့ ပြည်တွင်း/ပြည်ပ အသိုက်အဝန်းတွေလည်း ရှိနေတာဖြစ်တဲ့အတွက် သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့ လိုတယ်ဆိုတာကိုလည်း သတိပေးလိုပါတယ်။ ကျွန်မတို့ အနေနဲ့ကတော့ ရခိုင်ပြည်နယ်အပါအဝင် ကျွန်မတို့ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ရာမှာ “မည်သူမျှ မကျန်ရစ်စေရ” ဆိုတဲ့ မူကို လက်ကိုင်ပြုလို့ ဆောင်ရွက်နေတယ်ဆိုတာ ထပ်လောင်းအသိပေး ပြောကြား လိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ ပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့၊ ဆောင်ရွက်ပေးနေကြတဲ့ သက်ဆိုင်ရာ ဝန်ကြီး ဌာနအလိုက် တာဝန်ရှိသူတွေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ကျွန်မတို့ရဲ့ လုပ်ငန်းရှင်ကြီးတွေ၊ UEHRD ကော်မတီဝင် တွေ၊ မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ UEHRD ရဲ့ Task Force အဖွဲ့ဝင် တွေ၊ စေတနာရှင်ပြည်သူတွေ၊ အစရှိတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး တင်ပါတယ်။
COVID-19 ကပ်ရောဂါဘေးကလည်း ကင်းဝေးကြပါစေ၊ နိုင်ငံအကျိုး၊ အများပြည်သူအကျိုးကို စွမ်းနိုင်သမျှ ဆက်လက်ဆောင်ရွက်နိုင်ကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်လိုက် ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
- Log in to post comments