
ဒေါက်တာ သန်းဦး
“နာဂတ်သက်သေ၊ ကမ္ဘာကြေလည်း
မကျေတို့စွာ၊ အံ့မောရာသည်၊
နောင်လာပြောဖို့၊ ဥဒါန်းတည်း”
မန်လည်ဆရာတော်ဘုရားကြီး
မဟာသုတကာရီ၊ မဃဒေဝလင်္ကာသစ်
အပုဒ် (၇၈)၊ စာ ၄၈
တက္ကသိုလ် ဝေါဟာရ အဓိပ္ပာယ်
မြန်မာအဘိဓာန်တွင် တက္ကသိုလ်ဟူသော ဝေါဟာရ ကို
“တက္ကသိုလ် / တက်ဂသို / န - အဆင့်မြင့် ပညာရပ် များကို သင်ကြားဆည်းပူးရာကျောင်းကြီး [ဝါ၊ တက္က သီလ] ဟူ၍၊ လိုရင်းတိုရှင်း ဖွင့်ဆိုထားသည်ကို လေ့လာ တွေ့မြင် မှတ်သားနိုင်ပါသည်။
တက္ကသိုလ် စတင်တည်ထောင်ခြင်း
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပထမဆုံး တက္ကသိုလ်အဖြစ် ပေါ်ပေါက်လာခဲ့သည်။ အဆင့်မြင့် ပညာရေးဗိမာန်တစ်ခု ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်ကို စတင်ဖွဲ့စည်း တည်ထောင် စဉ်က အပေါင်းပါ ကောလိပ်စနစ် (Collegiate System) ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်ပါသည်။
ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် ပါဝင်သည့် -
(၁) ရန်ကုန်ကောလိပ်ကို အမည်ပြောင်းထား သည့် တက္ကသိုလ်ကောလိပ် (မူလက ရန်ကုန် အစိုးရအထက်တန်းကျောင်း၊ နောက် ရန်ကုန် ကောလိပ်ဖြစ်လာသည်။ ယခုအမှတ် ၁- အထက၊ လသာ)
(၂) ဂျပ်ဆင်ကောလိပ် (မူလက၊ ကူရှင်အထက် တန်းကျောင်း၊ နောက် ဘက်ပတစ်ကောလိပ်၊ ယခုအမှတ် - ၄ - အထက၊ အလုံ)
နှစ်ကျောင်းသည် ရန်ကုန်တက္ကသိုလ်နှင့် ဆက်သွယ် ပေါင်းစည်းထားသည့် ကောလိပ်များ ဖြစ်ခဲ့ကြပါသည်။ အဆိုပါစနစ်ဖြင့် ရန်ကုန်တက္ကသိုလ်ကို ပထမဦးစွာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်၏ ပထမပိုင်းဘဝ (၁၉၂၀-၁၉၄၂)
စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ်၏ ပထမဘဝ သည် ရန်ကုန်တက္ကသိုလ်အဖြစ် စတင်တည်ထောင်ခဲ့ သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ မြန်မာ နိုင်ငံသို့ ဒုတိယကမ္ဘာစစ်မီး ကူးစက်လာသော ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ၂၂ နှစ် ကြာကာလ ဖြစ် သည်။ စစ်မီးကူးစက်လာသဖြင့် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဘုရင်ခံ၏ အမိန့်ဖြင့် ရန်ကုန်တက္ကသိုလ် ကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။
၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ချက်အရ နယ်များတွင် ကောလိပ်များ ဖွင့်လှစ် ခွင့်ရှိရလာသည့်အလျောက် ၁၉၂၅ ခုနှစ် ဇွန်လတွင် မန္တလေးမြို့ ဥပစာကောလိပ် (Intermediate College) ကို ရန်ကုန်တက္ကသိုလ်က ကွပ်ကဲအုပ်ချုပ်ရသည့် ကောလိပ်အဖြစ် ဖွင့်လှစ်ခွင့်ရခဲ့သည်။
၁၉၃ဝ ပြည့်နှစ်တွင် ဆရာဖြစ်သင် ကောလိပ်နှင့် ဆေးကောလိပ်တို့ကို ရန်ကုန်တက္ကသိုလ်နှင့် ဆက်သွယ် ပေါင်းစည်းထားသော ကောလိပ်များအဖြစ် သီးခြားခွဲ၍ တည်ထောင်ရာ ဆရာဖြစ်သင်ကောလိပ် (Teacher Training College-TTC) ကို ၁၉၃၁ ခုနှစ် ဇူလိုင်လတွင် လည်းကောင်း၊ ဆေးကောလိပ် (Medical College) ကို ၁၉၃၁ ခုနှစ် စက်တင်ဘာလတွင်လည်းကောင်း ဖွင့်လှစ်ခဲ့ ကြသည်။
၁၉၃၈ ခုနှစ်တွင် မန္တလေးမြို့ရှိ စိုက်ပျိုးရေးကောလိပ် (Agricultural College) ကိုလည်း ရန်ကုန်တက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်းထားသော ကောလိပ်တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။
ဤသို့ဖြင့် ဒုတိယကမ္ဘာစစ်မီး ကူးစက်လာသော ကာလအထိ တည်ထောင်ဖွင့်လှစ်ခဲ့ပြီးသော ကောလိပ် များမှာ (၁) တက္ကသိုလ်ကောလိပ်၊ (၂) ဂျပ်ဆင်ကောလိပ်၊ (၃) မန္တလေးဥပစာကောလိပ်၊ (၄) ဆရာဖြစ်သင်ကောလိပ် (၅) ဆေးကောလိပ်နှင့် (၆) စိုက်ပျိုးရေးကောလိပ်တို့ ဖြစ်ကြသည်။
ထိုကောလိပ်ခြောက်ခုတွင် မန္တလေး ဥပစာကောလိပ် သည် ရန်ကုန်တက္ကသိုလ်က ကွပ်ကဲအုပ်ချုပ်သော ကောလိပ်ဖြစ်၍ ကျန်ကောလိပ် ငါးခုမှာ ရန်ကုန် တက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်းထားသော ကောလိပ် များ ဖြစ်ခဲ့ကြသည်။
ဤသည်မှာ အမိရန်ကုန်တက္ကသိုလ်၏ ပထမဘဝ ပုံရိပ်အဖြစ် ကောင်းစွာမြင်တွေ့ရခြင်း ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်ကို အပေါင်းပါ ကောလိပ်စနစ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ၂၂ နှစ်ကြာ ကာလအတွင်း သင်ကြားရေးနှင့် စပ်လျဉ်းသည့်စနစ်ကို လေ့လာ ကြည့်ပါက ဘာသာတွဲစနစ် (Combination System) ဖြင့် သင်ကြားပို့ချခဲ့သည်ကို တွေ့ရသည်။
အဆိုပါ ဘာသာတွဲစနစ်အရ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသူသည် ဝိဇ္ဇာဘာသာတွဲ သို့တည်း မဟုတ် သိပ္ပံဘာသာတွဲကို ဥပစာတန်း (Intermediate Class) ၌ နှစ်နှစ် ဆည်းပူးခြင်း ပြုရပါသည်။ သဘော အားဖြင့် မိမိတို့ နှစ်သက်ရာ ဝိဇ္ဇာဘာသာရပ်တွဲကိုဖြစ်စေ၊ သိပ္ပံဘာသာရပ်တွဲကိုဖြစ်စေ တက္ကသိုလ်သို့ စတင် တက်ရောက်သောအခါ၌ ရွေးချယ်သင်ယူကြခြင်း ဖြစ် ပေသည်။ ဥပစာဝိဇ္ဇာ ဘာသာတွဲတွင် အင်္ဂလိပ်နှင့် မြန်မာ စာတို့မှာ မယူမနေရ ဘာသာနှစ်ရပ်ဖြစ်၍ မိမိနှစ်သက်ရာ ဝိဇ္ဇာဘာသာရပ်သုံးရပ်ကို ဘာသာတွဲအဖြစ် သင်ယူရပါ သည်။ ဥပစာသိပ္ပံဘာသာတွဲတွင် အင်္ဂလိပ်စာနှင့် မြန်မာစာတို့မှာ မယူမနေရ ဘာသာနှစ်ရပ်ဖြစ်၍ မိမိ နှစ်သက်ရာ သိပ္ပံဘာသာရပ် သုံးရပ်ကို ဘာသာတွဲအဖြစ် သင်ယူရပါသည်။
ဥပစာတန်း၌ နှစ်နှစ် သင်ယူအောင်မြင်ပြီးနောက် နောက်ထပ် နှစ်နှစ်ကို ဘွဲ့ကြို၊ ဝိဇ္ဇာဘွဲ့ (B.A)၊ သိပ္ပံဘွဲ့ (B.Sc) တန်းများသို့ တက်ရောက်သင်ယူဆည်းပူးရပါ သည်။ ဘွဲ့လွန်မဟာတန်းများသို့ ဆက်လက်ဆည်းပူး နိုင်ပါသည်။
(က) တက္ကသိုလ်ကောလိပ် တွင် အောက်ဖော်ပြပါ ဘာသာရပ်များကို သင်ကြားသင်ယူသည်-
(၁) အင်္ဂလိပ်စာ၊ (၂) အင်္ဂလိပ်ဘာသာနှင့်စာပေ၊ (၃) ပင်ရင်း မြန်မာစာဘာသာ၊ (၄) စိတ်ကြိုက် မြန်မာစာ ဘာသာ၊ (၅) ပါဠိ၊ (၆) သင်္ချာ၊ (၇) ရာဇဝင်၊ (၈) ဓာတုဗေဒ၊ (၉) ရူပဗေဒ၊ (၁၀) ဇီဝဗေဒ၊ (၁၁) ဘောဂဗေဒ၊ (၁၂) ပထဝီဝင်၊ (၁၃) ဘူမိဗေဒ၊ (၁၄) ဥပဒေ၊ (၁၅) သစ်တော၊ (၁၆) အင်ဂျင်နီယာ။
(ခ) ဂျပ်ဆင်ကောလိပ် တွင်လည်း တက္ကသိုလ်ကောလိပ် မှာကဲ့သို့ ဘာသာရပ်များကို သင်ကြားသင်ယူရသည်။ သို့ရာတွင် ပထဝီဝင်နှင့် ဘူမိဗေဒအစား ယုတ္တိဗေဒကို သင်ကြားသင်ယူရသည်။ ဝိဇ္ဇာတန်းတွင် ဒဿနိကဗေဒကို သင်ကြားသင်ယူနိုင်သည်။
(ဂ) မန္တလေးဥပစာကောလိပ် တွင်မူ (၁) အင်္ဂလိပ်စာ (၂) ပင်ရင်း မြန်မာစာဘာသာ၊ (၃) ပါဠိ၊(၄) သင်္ချာ၊ (၅) ယုတ္တိ ဗေဒ၊ (၆) ရာဇဝင်၊ (၇) ရူပဗေဒ၊ (၈) ဓာတုဗေဒဘာသာ ရပ်များကို သင်ကြားပေးသည်။
သင်ကြားမှု အဓိကဘာသာ (Medium of Instruction) သင်ကြားပို့ချသည့် ဘာသာ
မြန်မာဘာသာရပ်မှလွဲ၍ဘာသာရပ်များ အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ပို့ချပေးပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခါနီး လောက်တွင် ရာဇဝင်နှင့် ပါဠိဘာသာနှစ်ရပ် ကို မြန်မာဘာသာဖြင့် စတင်သင်ကြားခဲ့ ကြောင်း လေ့လာမှတ်သားရသည်။
ဘွဲ့အပ်နှင်းခြင်း
စစ်ကြိုခေတ် တက္ကသိုလ်ဘွဲ့နှင်းသဘင် ကို ၁၉၂၁ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း မှန်မှန် ပင် ကျင်းပခဲ့ပေသည်။ ပထမဦးဆုံး ဘွဲ့နှင်း သဘင်ကို ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ တွင် ဂျူဗလီဟော၌ ကျင်းပခဲ့သည်။ အဆိုပါ ဘွဲ့နှင်းသဘင်တွင် ဂုဏ်ထူးဆောင် စာပေ ပါရဂူဘွဲ့ [Doctor of Letters, (Honoris Causa] ကို အဂ္ဂမဟာ ပဏ္ဍိတ မဟာသီရိလယ်တီ ဆရာတော် ဘုရား ကြီးအား လည်းကောင်း၊ ဂုဏ်ထူး ဆောင် မဟာဘွဲ့ [Master of Arts (Honoris Causa) ကို C.Duroi-selle] အမည်တွင်သူ လူ ပုဂ္ဂိုလ်တစ်ဦး အားလည်းကောင်း စတင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း လေ့လာတွေ့ရှိ မှတ်သားရပါ သည်။
ထိုဘွဲ့နှင်းသဘင်တွင် ရန်ကုန် ကောလိပ်အနေ ဖြင့် ဘီ၊ အေ၊ ဝိဇ္ဇာဘွဲ့ကို (၁၈၈၅ ခုနှစ်မှ ၁၉၂၁ ခုနှစ် အထိ) ရရှိခဲ့ သူများ စာရင်း အရ ပေးအပ် ချီးမြှင့် ခဲ့သည်။ ဘီ၊ အက်စ်၊ သိပ္ပံဘွဲ့ကို (၁၉၁၅ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ) ရရှိခဲ့သူများ စာရင်းအရ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဘီ၊ အဲလ်၊ ဥပဒေ ဝိဇ္ဇာဘွဲ့ကို (၁၉၁၉ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ) ရရှိခဲ့သူများ စာရင်းအရ ပေးအပ်ချီးမြှင့်ခဲ့ သည်။
ထိုဘွဲ့နှင်းသဘင်တွင် ဂျပ်ဆင်ကောလိပ် အနေဖြင့် ဘီ၊ အေ၊ ဝိဇ္ဇာဘွဲ့ကို (၁၉၁၁ ခုနှစ်မှ ၁၉၂၂ ခုနှစ်အထိ) ရရှိခဲ့သူများ စာရင်းအရ ပေးအပ်ချီးမြှင့်ခဲ့သည်။
[မှတ်ချက် ၁။ ရန်ကုန်တက္ကသိုလ် ကလင်ဒါ (၁၉၂၂-၂၃) တွင် List of Gra-duates of the University အဖြစ် နှစ်အလိုက် လူအမည်ဖြင့် ဖော်ပြ ထားပါသည်။ နံပါတ်စဉ် တပ် မထားပါ၊ ထိုကလင်ဒါစာအုပ် စာမျက်နှာ ၁၂၉ မှ ၁၃၂ အထိရှု။
မှတ်ချက် ၂ ။ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံကို ဆောက်လုပ် ပြီးစီးသော ၁၉၃၁ ခုနှစ်၌ (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ယင်းဘွဲ့နှင်းသဘင်ခန်းမ၌ ပထမ ဦးဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။ စစ်ကြိုခေတ် အကြိမ် (၂၀) မြောက် ဘွဲ့နှင်းသဘင်ကို ၁၉၄ဝ ပြည့်နှစ် နိုဝင် ဘာလ ၂၀ ရက်တွင် ကျင်းပခဲ့သည်။ ဘွဲ့ရသူ ဦးရေမှာ ၁၉၂၁ ခုနှစ်တွင် ၅၃ ဦး၊ ၁၉၃၁ ခုနှစ် တွင် ၁၈၅ ဦး၊ ၁၉၄ဝ ပြည့်နှစ်တွင် ၁၉၃ ဦးဖြစ်ကြောင်း ဖော်ပြပါ အစီရင်ခံစာ- စာမျက် နှာ ၁၇- နှင့် ၁၈ တို့တွင် ဖော်ပြထားသည်ကို လေ့လာတွေ့ရှိ မှတ်သားရပါသည်။]
ဒုတိယကမ္ဘာစစ်ကြီးအတွင်းကာလနှင့် စစ်ကြီးပြီးစကာလ
ထိုကာလကို နှစ်ပိုင်းခွဲခြားတွေ့မြင်ရပါသည်။
ဂျပန်လက်အောက်ခံ မြန်မာအစိုးရက စိန်ဂျွန်း မိန်းကလေးကျောင်း (ယခု အမှတ် ၂ လသာ အထက်တန်းကျောင်း) တွင် ဂျပန် ခေတ် ၁၉၄၃ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ပါသည်။ အပေါင်းပါ ကောလိပ်များ မရှိခဲ့ပါ။
စစ်ကြီးပြီးစကာလ ၁၉၄၅ ခုနှစ် သြဂုတ်လတွင် မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) ရှိ ရမ်းဒေးရီးယား ဟိုက်စကူး၌ အီးယူစီ ခေါ် “အရေးပေါ် တက္ကသိုလ်” သင်တန်းများကို ဖွင့်လှစ်ခဲ့ပြန်ပါသည်။
စစ်ပြီးခေတ် ဗြိတိသျှအစိုးရသည် ၁၉၄၆ ခုနှစ် ဇွန်လ၌ “ကြားဖြတ် ရန်ကုန်တက္ကသိုလ်” ဟု ခေါ်ပြီး တက္ကသိုလ်နယ်မြေရှိ ဘီအိုစီ ကောလိပ်အဆောက်အအုံနှင့် ပြည်ကျောင်း ဆောင်နှင့် တကောင်းကျောင်းဆောင် တို့အကြား ဆောက်လုပ်ထားသော စာသင်တဲများတွင် စတင်၍ ရန်ကုန် တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်ဖြစ်ခဲ့ပါ သည်။ ယင်းနေရာမှ တစ်ဖန် ဂျပ်ဆင် ကောလိပ်အဆောက်အအုံသို့ ရွှေ့ပြောင်း ဖွင့်လှစ်ခဲ့သည်။
စစ်ကြီးပြီးခေတ် ဗြိတိသျှအစိုးရသည် ၁၉၄၇ ခုနှစ်၌ တက္ကသိုလ်ကောင်စီနှင့် ပါမောက္ခအဖွဲ့များကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ လွတ်လပ်ရေးရပြီးစ ကာလ ၁၉၄၈-၄၉ စာသင်နှစ်သို့ ရောက်ရှိသောအခါ ဂျပ်ဆင် ကောလိပ် စာသင်အဆောက်အအုံတွင် သာမက ယခင်တက္ကသိုလ်ကောလိပ် စာသင် အဆောက်အအုံများသို့ပါ ပြောင်းရွှေ့ပြီး “ရန်ကုန်တက္ကသိုလ်” ကို ဖွင့်လှစ်ခဲ့၏။
ဖော်ပြပါ ၁၉၄၃ မှ ၁၉၄၈ အထိ လေးနှစ် ကျော်၊ ငါးနှစ်ကျော်ခန့်ကာလသည် ရန်ကုန် တက္ကသိုလ်၏ ဘဝပြောင်းလဲမှုတွင် “စပ်ကူး မပ်ကူး” ကာလသဖွယ်ဖြစ်၍ အတည်တကျ မဖြစ်သေးသည့်ကာလဟုလည်း ဆိုနိုင်ပါ သည်။ ဆိုရပါမည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံ သည် စစ်တလင်းနှစ်ကြိမ် ဖြစ်ခဲ့ရသဖြင့် ပညာသင်ကြားရေး ပျက်ပြားခဲ့ရသည်။ ပညာငတ်မွတ်ခဲ့ရသည်။ စစ်ကြီးအပြီး ကာလ ၌ ပညာသင်ကြားရေးကို အထူးတောင့်တခဲ့ ကြသည်။ သို့ရာတွင် စစ်ဘေးစစ်ဒဏ်သင့်ခဲ့ရ သောကြောင့် ပညာရေးပြန်လည်ထူထောင်မှု ပြုရာ၌ အခက်အခဲအများဖြင့် ကြုံတွေ့ ခဲ့ရသည်။
ထို့ကြောင့် ရန်ကုန်တက္ကသိုလ်သည် စစ်ဘေးစစ်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင် အလူးအလဲ ခါးစည်းခံခဲ့ရ၍ စစ်ကြီးအတွင်း ကာလနှင့် စစ်ကြီးအပြီးကာလတို့၌ ကြိုးစား ရပ်တည်နိုင်ရန် အထူးလုံ့လထုတ် ရုန်းကန်ခဲ့ ရပါသည်။
၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် ပေါ်ထွန်း လာသော အချိန်အခါမှစ၍၊ ရန်ကုန် တက္ကသိုလ်ပြန်လည်ထူထောင်ရေးကို အထူး ဝါယမစိုက်ထုတ် ကြိုးစားဆောင်ရွက်မှုများ ပြုလာနိုင်ခဲ့ပါသည်။
[မှတ်ချက် - ဒုတိယကမ္ဘာစစ်မီး မြန်မာ နိုင်ငံသို့ ကူးစက်လာသည့် ၁၉၄၂ ခုနှစ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်အထိ ၆ နှစ်ခန့်တာကာလကို ရန်ကုန် တက္ကသိုလ်၏ စပ်ကူးမပ်ကူးကာလတိုအဖြစ် သတ်မှတ်ရန် ဖြစ်ပါသည်။]
ဆောင်းပါးရှင် ဆရာကြီး ဒေါက်တာ သန်းဦး၏
ကိုယ်ရေးအကျဉ်း
--------------------------------------------------------
၁၉၅၀ ရန်ကုန်တက္ကသိုလ် ဘီအေ (အီးဒီ) ဘွဲ့
၁၉၅၄ ကျောင်းအုပ်ကြီး၊ အထက၊ ပုတီးကုန်း၊ ပြည်ခရိုင်
၁၉၆၀ ဘီအီးဒီဘွဲ့ မဟာသရေစည်သူ ဒေါက်တာဦးဘ ၏ ပထမရွှေတံဆိပ်ဆုကို ဝန်ကြီးချုပ် ဦးနုက ချီးမြှင့်ခဲ့
၁၉၆၀ ကျောင်းအုပ်ကြီး၊ အထက၊ အုတ်ဖို၊ သာယာဝတီ ခရိုင် အမ်အီးဒီဘွဲ့
(အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီတက္ကသိုလ်)
၁၉၆၃ လက်ထောက်အုပ်ချုပ်ရေးမှူး၊ ပညာမင်းကြီးရုံး
၁၉၆၄-၁၉၆၅ ကျောင်းအုပ်ကြီး၊
ပုသိမ်ဆရာအတတ်သင်ကျောင်း
၁၉၆၆-၁၉၇၇ လက်ထောက်သုတေသနအရာရှိမှ ဥက္ကဋ္ဌ ရာထူးအထိ ထမ်းဆောင်
မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့/ ဦးစီးဌာန
၁၉၇၇-၁၉၈၅ ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန
၁၉၉၉ မြန်မာနိုင်ငံပညာရေးဌာနသမိုင်းစာအုပ်ဖြင့်
(အမျိုးသားစာပေဆုရ)
၁၉၉၉-၂၀၁၃ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့
၁၉၉၉-ယနေ့အထိ ဥက္ကဋ္ဌ၊ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့
၁၉၉၉-ယနေ့အထိ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာတတ်မြောက်ရေး
အထောက်အကူပြုပင်မဌာန
၂၀၁၅-ဇန်နဝါရီ ရန်ကုန်တက္ကသိုလ် Doctor of Letters (Honoris
Causa) ဘွဲ့
၂၀၁၅-မေ အမေရိကန်နိုင်ငံ ဟာဝိုင်ရီတက္ကသိုလ် Doctor of
Humane Letters, (Honoris Causa) ဘွဲ့
၂၀၁၅-ဇွန် နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့
အဖွဲ့ဝင်
၂၀၁၈ ပခုက္ကူဦးအုန်းဖေတစ်သက်တာစာပေဆုရ
- Log in to post comments