နိုင်ငံရေးသီလ လုံခြုံမြဲမြံသော ခေါင်းဆောင်များ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

ဒီမိုကရေစီစနစ်တွင် မိမိတို့ကို အုပ်ချုပ်မည့်အစိုးရကို မိမိတို့ ကိုယ်တိုင် ရွေးချယ်ခန့်အပ်ခွင့်သည် အလွန်မြင့်မားခံ့ညားသော အခွင့်အရေးဖြစ်ပါသည်။ ယင်းသို့ ခန့်အပ်နိုင်ဖို့အတွက် လွတ်လပ် သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရ၏။ ထိုရွေးကောက်ပွဲများကတစ်ဆင့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခန့်အပ်ရ၏။ တိုင်းပြည်နှင့် နိုင်ငံသားတို့၏ အကျိုးကို တာဝန်ယူဆောင်ရွက်လိုသော နိုင်ငံရေး သမားတို့က ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးချယ်ခံရင်း ပြည်သူလူထု၏ အဆုံးအဖြတ်ကို ခံယူ၏။
ထို့ကြောင့် ရွေးကောက်ပွဲ မဲပေးရွေးချယ်သည်ဆိုခြင်းမှာ မိမိ ကိုယ်တိုင်နှင့် မိမိတို့နိုင်ငံကို အုပ်ချုပ်မည့် အစိုးရ၊ သမ္မတ၊ နိုင်ငံ ခေါင်းဆောင်တို့ကိုလည်းကောင်း၊ ဥပဒေရေးရာတို့ကို တာဝန်ခံ ရေးဆွဲပြင်ဆင်ပြဋ္ဌာန်းနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များကို လည်းကောင်း မဲပေးရွေးချယ်ခြင်းလည်း ဖြစ်ပါ၏။
ကိုယ်ကြိုက်မှန်းမသိ မကြိုက်မှန်း မသိ၊ သို့မဟုတ် ကိုယ်ကြိုက် ကြိုက် မကြိုက်ကြိုက်၊ ကိုယ့်ကို နှိပ်စက်ချင်တိုင်း ရက်ရက်စက်စက် နှိပ်စက်သူများ၏ လက်ထဲတွင် လုပ်ပိုင်ခွင့်များ၊ အာဏာများ ရောက်ချင်သလို ရောက်ရသည့်စနစ်ကို ပြောင်းလဲရေးပင်ဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ခွင့်နှင့် တိုင်းပြည်တစ်ခုလုံးကို စီမံချင်သလို စီမံခွင့် ကို အမွေပေးသလို ကိုယ်ကြိုက်သူ ကိုယ်ပေးချင်သူ လက်ထဲထည့် သည့်စနစ်ကို အဆုံးသတ်ရေးပဲ ဖြစ်ပါသည်။
ရွေးကောက်ပွဲမှာ မဲပေးသည်ဆိုခြင်းမှာ ဒီမိုကရေစီဘောင်ကို ချဲ့သည့် ခြေတစ်လှမ်းဖြစ်၏။ အာဏာရှင်ဘောင်ကို ကျဉ်းသည် ထက်ကျဉ်းအောင် တွန်းထိုးထည့်လိုက်သည့် အင်အားပြင်းပြင်း တစ်ခုဖြစ်၏။ ယင်းကဲ့သို့ ဒီမိုကရေစီဘောင် ရသလောက်ချဲ့နိုင်ရန်၊ အာဏာရှင်ဘောင်ကို တတ်နိုင်သလောက် ချုံ့ရန်၊ မဲပေးခွင့်ရရန် အတွက်ကိုပင် မြန်မာပြည်သူလူထုသည် အသက်များကို စတေး ခဲ့ရပါသည်။ လူများစွာ၏ သွေးများကို ပေးဆပ်ခဲ့ရပါသည်။ ဒီမို ကရေစီရေး တက်ကြွသူများ၊ နိုင်ငံရေးလှုပ်ရှားသူများသည် အကျဉ်း စံကာ တိုက်ပိတ်ခံကာ အရိုက်အနှက်ခံကာ ရင်းခဲ့ရပါသည်။ ယခုလို မဲပေးရွေးချယ်ခွင့်၊ ဒီမိုကရေစီအခွင့်အရေး ပြည်သူလူထုအခွင့်အရေး များကို မည်သို့တာဝန်ယူပါမည်ဟု ကတိပေးမဲဆွယ်နေသူများကို ရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်များအဖြစ် မြင်တွေ့နေရခြင်းကပင် တန်ဖိုးတစ်ခုဟု မြင်ပါသည်။ လူထုကို အပေါ်စီးက ဆက်ဆံသူတို့ အစား လူထုကိုအစီရင်ခံတင်ပြရင်း တာဝန်ပေးပါရန် တောင်းခံနေ သူများအဖြစ် မြင်နေရပါပြီ။
ဤသို့ မဲပေးရွေးချယ်ရေး အစီအစဉ်သည် ဒီမိုကရေစီစနစ်၏ အမူအလေ့များထဲက အရေးကြီးသည့် ဒီမိုကရေစီလုပ်ငန်းစဉ်ပင် ဖြစ်၏။ ယင်းလုပ်ငန်းစဉ်ထဲတွင် လူထုကရွေးချယ်တာဝန်ပေးအပ် ခြင်း ခံရသည့် ပြည်သူ့ကိုယ်စားလှယ်များက လူထုကို ကိုယ်စားပြု မည့် အဓိကဇာတ်ဆောင်များ ဖြစ်၏။
ပြည်သူလူထုကို ကိုယ်စားပြုရမည့်သူများဖြစ်သည့်အတွက် ပြည်သူ့ကိုယ်စားလှယ် တစ်ဦးချင်းသည် နိုင်ငံရေးသီလကို အထူး စောင့်ထိန်းရသူများဖြစ်ပေသည်။ နိုင်ငံရေးသီလသည် နိုင်ငံရေး သမားများအတွက် မစောင့်မဖြစ် စောင့်ထိန်းကြဖို့ လိုအပ်ချက်များ ဖြစ်သည်ဟု ယူဆပါသည်။ နိုင်ငံရေးသီလများထဲ အရေးကြီးဆုံး သည်ကား ပြည်သူလူထုအပေါ် စေတနာထား မှန်ကန်ရေး၊ နိုင်ငံ နှင့် ပြည်သူလူထု၏ ရေရှည်အကျိုးကို အမြော်အမြင်ကြီးကြီးဖြင့် တာဝန်ယူ အလုပ်လုပ်ရေး၊ နိုင်ငံရေးကို ခုတုံးလုပ်ကာ ကိုယ်ကျိုး စီးပွားရှာမှုကို ရှောင်ကြဉ်ရေး၊ အဂတိကင်းစင်ရေးနှင့် လူထုအကျိုး ကို ရှေ့တန်းတင်သော ရင့်ကျက်သည့် အမြင်ရှိရေးတို့ဖြစ်သည်ဟု အခိုင်အမာယုံကြည်ပါသည်။
ရွေးကောက်ပွဲသည် ဒီမိုကရေစီရေးအတွက် အရေးကြီးသည့် ပွဲတစ်ပွဲဖြစ်သကဲ့သို့ ရွေးချယ်ရမည့် ပြည်သူ့ကိုယ်စားလှယ်လောင်း များသည်လည်း နိုင်ငံရေးသီလ လုံခြုံသူများဖြစ်ကြရန် အရေးကြီး ပါသည်။ ပြည်သူလူထုကလည်း နိုင်ငံရေးသီလလုံသူများကို မဲပေး ရွေးချယ်ကြခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင်မြင်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်နိုင်ပါစေသား။ ။