လူမှုကွန်ရက်များပေါ်မှာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

နည်းပညာများက အံ့ဩစရာကောင်းလောက်အောင် အရှိန်အဟုန်ဖြင့် အသစ်အဆန်းများ ပေါ်ထွန်းတိုးတက်လာသည်။ ထိုသို့ တိုးတက် ပြောင်းလဲလာသည့် နည်းပညာခေတ်သည် လူတိုင်းကို လွတ်လပ်သော သီးခြားဖြစ်သော ကိုယ်ပိုင်ကမ္ဘာငယ်လေးများကို ဖန်တီးပေးလိုက်၏။ ထိုကမ္ဘာငယ်လေးများက လက်တွေ့ကမ္ဘာကြီးနှင့် ကွန်ရက်များသဖွယ် ချိတ်ဆက်မိကာ အစွမ်းရှိလျှင်ရှိသလို ကျယ်ပြန့်သောလောက လူမှု မိုးကုတ်စက်ဝိုင်းကြီးများအဖြစ် ပြောင်းလဲပေးလိုက်၏။ ထိုလောက လူမှုမိုးကုတ်စက်ဝိုင်းကြီးများက လူမှုဆက်ဆံရေးသာမက၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး ရပ်ဝန်းများအဖြစ်ပါ ဖြစ်တည်လာခဲ့ပေသည်။
ဤသို့ဖြင့် ဖေ့စ်ဘုတ်၊ တွစ်တာ၊ အင်စတာဂရမ် အစရှိသည့် ကွန်ရက်အဖွဲ့များက လူတိုင်းအတွက် ကမ္ဘာငယ်များသဖွယ် ဖြစ်လာ၏။ မြန်မာနိုင်ငံအဖို့မူ ဖေ့စ်ဘုတ်ကို အသုံးများကြ၏။ နည်းပညာတိုးတက် မြင့်မားလာမှုနှင့်အတူ ဒီမိုကရေစီပွင့်လင်းလာမှုက ပြည်သူလူထု၏ လက်ထဲသို့ ရောက်လာလေသည့်အခါ ဖေ့စ်ဘုတ်ပေါ်က လူထုအသံကို ကျယ်ကျယ်လောင်လောင် ကြားရလေသည်။
ဤသို့ဖြင့် ဖေ့စ်ဘုတ်သည် မြန်မာနိုင်ငံသားတို့အကြား ရေပန်း စားလာ၏။ ဖေ့စ်ဘုတ်မှတစ်ဆင့် မျိုသိပ်ထားခဲ့ရသမျှ စကားတို့ကို ပြော၏။ ရင်တွင်းက အသံများကို လွတ်လွတ်လပ်လပ် ရင်ဖွင့်၏။ နှုတ်ကျွံ လက်လွန် စကားများကို ထုတ်ဖော်သည်ထိ ဖြစ်လာခဲ့ပေသည်။ မတရား မှုများကို ကြိတ်ခံခဲ့ရသော အချိန်ကိုအတိုးချကာ စိတ်ရှိတိုင်း ဖွင့်ဟ လာကြ၏။ မတရားသဖြင့်ခံခဲ့ရသည်တို့ကို ဘောင်ကျော်စည်းကျော် ဖွင့်ဟလာကြသည်။ ယခင်ကလို ပါးစပ်အနည်းငယ်ဟသည်နှင့် ဖမ်းဆီး နှိပ်စက်ခံရမည်ဆိုသည့် အန္တရာယ်က ဝေးသွားပြီဟု ခံစားနေမိကြသည်။
မြန်မာနိုင်ငံကို အုပ်စိုးလွှမ်းမိုးခဲ့သည့် အာဏာရှင်အဆက်ဆက်သည် သတင်းမှန်ဖုံးကွယ်ခြင်းကို ကျကျနန ပြုလုပ်၏။ သတင်း လက်ဝါး ကြီးအုပ်ကာ လူထုနှင့်သတင်းကို ဝေးကွာစေ၏။ နိုင်ငံတကာသတင်း များကို အတတ်နိုင်ဆုံး လူထုထံမရောက်စေရ။ နိုင်ငံတကာသတင်းဌာန များက ထုတ်လွှင့်သော မြန်မာနိုင်ငံသတင်းများကို လူထုမကြားစေရ။ နိုင်ငံခြားသတင်းဌာနများဟူသည် တိုင်းပြည်၏ ရန်သူသဖွယ် ဝါဒဖြန့်၏။ နိုင်ငံတကာသတင်းဌာနများသည် အလိမ်အညာ မုသားသတင်းများကိုသာ ထုတ်လွှင့်နေသည်ဟု လူထုကို ယုံစေချင်၏။ သို့သော်လည်း ပြည်သူလူထု ကမူ ရသည့်နည်းဖြင့် နိုင်ငံတကာသတင်းဌာနများထံက သတင်းရယူ နားထောင်ကြ၏။
နည်းပညာခေတ်ကို အာဏာရှင်က ရပ်တန့်နေအောင် မစွမ်းဆောင် နိုင်ခဲ့။ နည်းပညာက တရိပ်ရိပ်တက်လာသည့်အခါ သတင်းများကို ဖုံးအုပ်ထားလို့မရ ဖြစ်လာ၏။ မြန်မာနိုင်ငံတွင်းက သတင်းများကို နိုင်ငံရပ်ခြားကလာသော ရေဒီယိုလေလှိုင်းသံများကတစ်ဆင့် နားထောင် ရသည်။ ကြားရသည့်သတင်းကို လူထုအကြားအဆင့်ဆင့် ဖြန့်ဝေကြ သည်။ ထိုလေလှိုင်းသံတို့က မြို့ကြီးပြကြီးများမှာသာမက၊ မြို့ဆင်ခြေဖုံး များမှသည် ကျေးလက်တောရွာများအထိ ပျံ့နှံ့၏။ ဇိမ်ခံကားကြီးများပေါ် က သတင်းနားစွင့်နေသူများမှသည် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ ထိပင် ဖြစ်၏။
ထိုစဉ်က နိုင်ငံခြားသတင်းဌာနက သတင်းများကို ရေဒီယိုက အသံဖမ်းယူ နားထောင်သည်ဆိုလျှင်ပင် ရာဇဝတ်မှုတစ်ခုသဖွယ် ဖြစ်ခဲ့ရသည်။ မတရားမှုအမြောက်အမြားကို ဖွင့်ဟပြောဆိုဖို့ မဆိုထား နှင့် နားထောင်ရဖို့ပင် မလွယ်လှသည့်ခေတ်ကို ဖြတ်သန်းခဲ့ကြရသည့် မြန်မာပြည်သူလူထုဖြစ်ပါသည်။ နည်းပညာအကူအညီဖြင့် အသံများ သာမက အရုပ်များ ထုတ်လွှင့်သည်ကိုပါ မြင်တွေ့လာရသည့်အခါ ပြည်သူလူထုသည် သတင်းရရှိခွင့်၊ သတင်းကြားခွင့်၊ မြင်ခွင့်နှင့်အတူ ကိုယ်တိုင်လည်း သတင်းပို့ခွင့်၊ ဖွင့်ဟပြောဆို ဝေဖန်ခွင့်တို့ကိုပါ တောင့်တတောင်းဆိုလာကြလေသည်။
ယခုအခါ ထိုထိုသော အခြေအနေများကို ကျော်လွန်ခဲ့ပြီ။ သတင်း မှန်များကို ကြားနေရ၊ မြင်နေရပြီ။ ကိုယ်တိုင်လည်း ဖွင့်ဟပြောဆိုခွင့် ရနေကြပြီ။ ဒီမိုကရေစီအခွင့်အရေးနှင့် နည်းပညာတို့ ပေါင်းစပ်မှု ခေတ်တွင် မြန်မာပြည်သူလူထုသည် ဖေ့စ်ဘုတ်ကတစ်ဆင့် မိမိတို့၏ ရင်တွင်းရှိသမျှ ဒေါသ၊ သောက၊ မေတ္တာ၊ ယုံကြည်ကိုးကွယ်မှု၊ မကျေနပ်မှုအားလုံးကို ဖော်ထုတ်ခွင့်ရလာကြသည်။
သို့သော်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟူသည် လွတ်လပ်စွာ ဆဲရေးတိုင်းထွာခွင့် မဟုတ်။ ဒီမိုကရေစီအခွင့်အရေး တို့တွင် တာဝန်နှင့် စည်းကမ်းတို့ရှိ၏။ ဥပဒေဖြင့် ကန့်သတ်ထားသော ဘောင်ရှိ၏။ လွတ်လပ်မှု၏ အစွန်းတစ်ဖက်တွင်ရှိသော ရမ်းကားမှု၊ စည်းမဲ့ရုန့်ရင်းမှုတို့ကို ဥပဒေက ခွင့်မပြုဆိုသည်ကိုမူ နားလည်ကြရန် လိုပါမည်။ သူတစ်ပါးကို ထိခိုက်စော်ကားခွင့်မရှိ၊ သူတစ်ပါး၏ အခွင့် အရေးနှင့် ဂုဏ်သိက္ခာကို လေးစားသမှုရှိရန် လိုပါသည်။ မိမိရသင့် ရထိုက်သည့် အခွင့်အရေးထက်ပိုမိုရယူခြင်းသည် ရရှိထားသည့် ဒီမိုကရေစီအခွင့်အရေးကို ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်သည်ကို သတိထားကြရန် လိုပါသည်။
ဒီမိုကရေစီအခွင့်အရေးဟူသည် မိမိတစ်ဦးတည်းရရှိသော အတိုင်း အဆမဲ့ အခွင့်အရေးမဟုတ်။ သူတစ်ပါး၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာ ကို လေးစားမှုဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၏ တန်ဖိုးကို မြှင့်တင်ကြခြင်းကသာ ဂုဏ်သိက္ခာကြီးမားသော နိုင်ငံကို တည်ဆောက် နိုင်မည် ဖြစ်ပါသတည်း။ ။