၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၄၃ )ဂုဏ်ယူကြရမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ

Type

ဆောင်းပါး

=======

 

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ( ၄၃ )ဂုဏ်ယူကြရမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ

================================================================

 

မောင်စာဂ

 

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကျင်းပရန် ၁၆ ရက်သာ လိုပါတော့သည်။ ရွေးကောက်ပွဲတစ်ခုတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြရသော မဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင်များသည် အဓိက အခရာကျသည်ဟု ဆိုနိုင်သည်။ ဤတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကို မည်သို့ ခန့်ထားသနည်း။ ၎င်းတို့၏တာဝန်များကား အဘယ်နည်း။ ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများ နှင့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များလက်စွဲမှ ကောက်နုတ်၍ အနှစ်ချုပ်မျှဝေပါရစေ။

 

ခန့်ထားခြင်း

 

မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မဲရုံများကိုကြီးကြပ် ကွပ်ကဲရန် သင့်လျော်သူများကို မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဦးစားပေး အစီအစဉ်အတိုင်း ခန့်အပ်သည်။ မဲရုံအဖွဲ့ဝင်များအဖြစ် ဝန်ထမ်းများအပြင် ယင်းမဲရုံမဲစာရင်းတွင် ပါဝင်ပြီးဖြစ်သည့် အများပြည်သူ ယုံကြည်လေးစားခြင်းခံရသော မဲဆန္ဒရှင် သို့မဟုတ် ဒေသခံပြည်သူများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သည်။

မဲရုံအဖွဲ့ဝင်အရေအတွက် မည်မျှဖွဲ့စည်းရမည်ကို မဲဆန္ဒရှင် ဦးရေအပေါ်မူတည်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးသော ဦးရေ အတွင်း ဖွဲ့စည်းရသည်။ အဖွဲ့ဝင်များထဲမှ မဲစာရင်း စစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မဲရုံလုံခြုံရေး၊ မဲပေးပြီးကြောင်းမင်တို့ပေးသူဟူ၍ သီးခြားစီတာဝန်များ ခွဲဝေသတ်မှတ်ပေးသည်။ မဲရုံတစ်ရုံစီတွင် မဲရုံအဖွဲ့ဝင်အရေ အတွက် မတူညီပါ။ မဲဆန္ဒရှင်များလျှင် မဲရုံအဖွဲ့ဝင် အရေအတွက် ပိုများသည်။

 

မဲရုံမှူး၏ တာဝန်များ

 

မဲရုံတွင်အသုံးပြုမည့် မဲပုံး၊ မဲစာရင်းမှစ၍ လိုအပ်သည့် ပစ္စည်းကိရိယာ၊ ပုံစံစာရွက်စာတမ်းများ ပြည့်ပြည့်စုံစုံ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ မဲရုံဖွင့်ချိန် နံနက် ၆ နာရီ မထိုးမီ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲက လာရောက်ပေးပို့သော ကြိုတင်မဲစာရင်းပုံစံ (၁၃)နှင့် မဲစာရင်းပုံစံ (၁)၊ (၁-က) တို့ကို စနစ်တကျ လက်ခံရယူရမည်။ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ် များ၏ခန့်စာကို ကိုယ်တိုင်ရယူ သိမ်းဆည်းထားရမည်။ မဲဆန္ဒရှင်များ၏အခြေအနေကိုချင့်ချိန်၍ ဆန္ဒမဲလက်မှတ် များတွင် ကြိုတင်လက်မှတ် ရေးထိုးထားရမည်။ မဲရုံမှူး လက်မှတ်မပါက ပယ်မဲဖြစ်သွားမည်။

နံနက် ၆ နာရီထိုးသည်နှင့် မဲရုံကိုဖွင့်၍ ညနေ ၄ နာရီထိုးသည်နှင့် မဲရုံကို ပိတ်ရမည်။ သို့သော် ညနေ ၄ နာရီမထိုးမီ မဲရုံပရဝဏ်အတွင်းသို့ ရောက်ရှိနေသူများအား စာရင်းကောက်ယူ၍ အားလုံး ဆန္ဒမဲပေးပြီးသည်အထိ မဲရုံကိုဖွင့်လှစ်ထားရမည်။ ဆန္ဒမဲပေးသူများ မဲရုံအတွင်း စည်းကမ်းတကျ ဝင်ရောက်ရေး၊ လွတ်လပ်စွာနှင့် လျှို့ဝှက်စွာ ဆန္ဒမဲပေးနိုင်ရေး၊ စာမဖတ်တတ်သူများ၊ မသန်စွမ်းသူများအား သတ်မှတ်ထားသည့်အတိုင်း ကူညီ ဆောင်ရွက်ရေး၊ ဆန္ဒမဲပေးစဉ်တစ်လျှောက်လုံး ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဖြစ်စေ ရေးတို့အတွက် စီမံကြပ်မတ် ဆောင်ရွက်ရမည်။

မဲရုံအတွင်း မဖွယ်မရာပြုသူများ၊ တာဝန်အရညွှန်ကြား သည်ကို မလိုက်နာသူများအား မဲရုံမှ ဖယ်ရှားရေးနှင့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုတစ်ခုခုကိုကျူးလွန်သူအား ဖမ်းဆီးစေရေးတို့အတွက် တာဝန်ကျရဲတပ်ဖွဲ့ဝင် သို့မဟုတ် အခြား လုံခြုံရေးတာဝန်ရှိသူများအား ညွှန်ကြားရမည်။ မဲရုံဖွင့်ချိန်မှ မဲရုံပိတ်ချိန်အတွင်း မဲရုံအတွင်း ဆောင်ရွက် ချက် ဖြစ်စဉ်မှန်သမျှကို နောက်ဆက်တွဲပုံစံ(ဃ) တွင် ရေးသွင်းမှတ်သားထားရမည်။

ဆန္ဒမဲများရေတွက်ခြင်း၊ ပယ်မဲသတ်မှတ်ခြင်း၊ ပုံစံများ တွင် ဖြည့်သွင်းခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ပေးပို့ရန် ဆောင်ရွက်ခြင်းတို့ကို ဥပဒေ၊ နည်း ဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့် ညီညွတ်မှန်ကန်မှု ရှိရမည်။ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၏လုပ်ငန်း တာဝန်များကို ကောင်းစွာသိရှိထားပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သော စီမံ ကြီးကြပ်မှုများ ပြုရမည်။

 

ဒုတိယမဲရုံမှူး၏တာဝန်များ

 

ရွေးကောက်ပွဲမကျင်းပမီကာလတွင် မိမိတို့ဆောင်ရွက် ရမည့်လုပ်ငန်း အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ လုပ်ငန်းလမ်းညွှန် နှင့် လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေ များနှင့် ညွှန်ကြားချက်များပါ သိသင့်သိထိုက်သော အချက် အလက်များကို မဲရုံအဖွဲ့ဝင်များအား ရှင်းပြထားရခြင်း၊ တာဝန်ကျမည့် မဲရုံသို့သွားရောက်ရာတွင် မည်သည့်အချိန်၊ မည်သည့်နေရာ၌ ကြိုတင်တွေ့ဆုံကြမည်ကို ကြိုတင်၍ မဲရုံအဖွဲ့ဝင်များနှင့် ညှိနှိုင်းထားခြင်းတို့ ဆောင်ရွက်ရမည်။

 

မဲရုံမဖွင့်မီကာလတွင် မဲရုံနှင့်သက်ဆိုင်သောမဲစာရင်းများ၊ မဲပုံးများ၊ ဆန္ဒပြုသည့်တံဆိပ်တုံးများ၊ ဆန္ဒမဲလက်မှတ် ရေတွက်စစ်ဆေးခြင်း ပုံစံ (၁၁)၊ မဲစာရင်းများပြင်ဆင်ခြင်း ပုံစံ (၁၂)၊ ကိုယ်စားလှယ်လောင်းများရရှိသော မဲစာရင်းပုံစံ (၁၆) နှင့် (၁၆-က)၊ မသုံးဘဲကျန်နေသော မဲလက်မှတ် စာရင်း ပုံစံ(၁၆-၁)၊ ပယ်မဲစာရင်းပုံစံ(၁၇) နှင့် (၁၇-က)၊ လုပ်ငန်းလမ်းညွှန် နောက်ဆက်တွဲပုံစံ (ခ) (ဂ) (ဃ)၊ မင်ခံ ခွက်၊ ချည်ကြိုး၊ ချိပ်တံဆိပ်နှင့် ချိပ်တောင့်၊ ဖယောင်း တိုင်၊ မီးခြစ်၊ မဲရုံ အမှတ်စာတမ်း၊ ဘောပင်များ(အနက်ရောင် နှင့် အပြာရောင်)၊ မဲလက်မှတ်များထည့်ရန် အိတ်များ (အိတ်သေး၊ အိတ်ကြီး)၊ ပေတံ၊ မဲလက်မှတ်များ ထည့် သွင်းရေတွက်ရန်ခွက်များ သို့မဟုတ် တောင်းများ၊ မဲပေး ပြီး ကြောင်းမင်တို့ရန်မင်အိုး၊ မင်ခွက်များစသည်တို့ကို ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲထံမှ ထုတ်ယူ ထားရ မည်။

 

မဲလက်မှတ်စာအုပ်များရရှိပြီးနောက် အတွင်း လက်ခံ ဖြတ်ပိုင်းရှိ အမှတ်စဉ်များကို လိုအပ်သလို ရေးမှတ်ခြင်း၊ မဲစာရင်း၏စာမျက်နှာအမှတ်စဉ်နှင့် ရွက်ရေပြည့်စုံခြင်း ရှိမရှိနှင့် မဲဆန္ဒရှင်အမှတ်စဉ်များ မှန်ကန်မှုရှိ၊ မရှိ စစ်ဆေး ခြင်း၊ မဲရုံအဖွဲ့ဝင်များနှင့် မဲရုံအတွင်းဝင်ခွင့်ရှိသော ပုဂ္ဂိုလ် များအား သတ်မှတ်ထားသည့်အတိုင်း နေရာချထားပေး နိုင်ရန် စီစဉ်ခြင်း၊ မဲပုံးအလွတ်ကို မဲရုံအဖွဲ့ဝင်များနှင့် မဲရုံကိုယ်စားလှယ်များ အပါအဝင် မဲရုံ၌ရှိသူများအား ပြသပြီး လုံခြုံစွာပိတ်၍ မဲရုံအတွင်း သတ်မှတ်နေရာ၌ ထားရှိခြင်းနှင့် စာမတတ်သောမဲဆန္ဒရှင်များ လက်ဗွေနှိပ် ရန် မင်ခံခွက်နှင့် လက်သုတ်ရန်အဝတ်များ ထားရှိခြင်း တို့ကို ဆောင်ရွက်ရမည်။

 

မဲရုံဖွင့်လှစ်ထားစဉ်ကာလတွင် မဲဆန္ဒရှင်များ မဲရုံ အတွင်းသို့ အေးချမ်းစွာဖြင့် စည်းကမ်းတကျ ဝင်ခွင့်ပေးရန် စီမံဆောင်ရွက်ခြင်း၊ မဲပေးသူသည် ကျန်းမာသန်စွမ်းခြင်း မရှိသောကြောင့် မဲလက်မှတ်ကို မဲပုံးထဲသို့ထည့်နိုင်စွမ်းမရှိ လျှင် ကူညီဆောင်ရွက်ပေးခြင်း၊ မဲဆန္ဒရှင်တစ်ဦးက မဲလက်မှတ်ကို မဲရုံပြင်ပသို့ ယူဆောင်သွားလျှင် သို့မဟုတ် ဆုတ်ဖြဲလျှင် မဲရုံမှူးထံ ချက်ချင်းတင်ပြခြင်း၊ မဲရုံလုံခြုံမှု အတွက် လိုအပ်သလို ကြည့်ရှုစစ်ဆေးခြင်း၊ မဲရုံမှူးမရှိ သည့်အချိန်တွင် မဲရုံမှူး၏တာဝန်များကို ထမ်းဆောင် ခြင်းတို့ ပြုရမည်။

 

မဲစာရင်းစစ်ဆေးသူ၏တာဝန်များ

 

မိမိနှင့်သက်ဆိုင်သည့် လွှတ်တော်မဲစာရင်း ဟုတ်၊ မဟုတ်၊ မဲစာရင်းပါ စာမျက်နှာ၊ အမှတ်စဉ်နှင့် ရွက်ရေ ပြည့်စုံမှန်ကန်မှု ရှိ၊ မရှိ၊ မဲစာရင်းပါမဲဆန္ဒရှင်အမှတ်စဉ် များ မှန်ကန်မှု ရှိ၊ မရှိ၊ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေး ပြီးသူများစာရင်းကို မဲစာရင်းတွင်မှတ်သားထားပြီး ဖြစ်၊ မဖြစ် သေချာစွာ စစ်ဆေးရမည်။ ဆန္ဒမဲလာရောက် ပေးသူများကို လိုအပ်သလိုစိစစ်၍ ဆန္ဒမဲပေးခွင့်ပြုပါက မဲစာရင်းပုံစံ(၁) သို့မဟုတ် ပုံစံ(၁-က)တွင် လက်မှတ် ရေးထိုးစေရမည်။ လက်မှတ် မထိုးတတ်ပါက လက်ဝဲ လက်မ လက်ဗွေနှိပ်စေရမည်။

မဲဆန္ဒရှင်တစ်ဦးသည် မဲစာရင်းပါအချက်များနှင့်မကိုက် ညီခဲ့လျှင် သို့မဟုတ် သူတစ်ပါးအယောင်ဆောင်၍ မဲလက် မှတ် လာရောက်တောင်းဆိုကြောင်း စိစစ်တွေ့ရှိလျှင် သို့မဟုတ် မဲဆန္ဒရှင် အမှန်မဟုတ်ဟု သံသယရှိလျှင် မဲရုံမှူးထံ ချက်ချင်းတင်ပြရမည်။ မဲဆန္ဒရှင်ကိုယ်စား အခြားသူတစ်ဦးက မဲလာရောက်ပေးခြင်းကို လုံးဝခွင့်မပြု ရပါ။ မဲစာရင်းစစ်ဆေးခြင်းလုပ်ငန်းပြီးဆုံးပါက ထုတ်ယူ ထားသောမဲစာရင်းကို မဲရုံမှူးထံသို့ ပြန်လည်အပ်နှံပြီး နောက်ဆက်တွဲပုံစံ(ခ)၏ ကျောဘက်တွင် မဲရုံမှူးအား လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးစေရမည်။ မိမိ၏ တာဝန်ကို မဲရုံမှူး၏ ခွင့်ပြုချက်မရရှိဘဲ အခြားမဲရုံ အဖွဲ့ဝင် တစ်ဦးဦးအား လွှဲပြောင်းခြင်း မပြုရပါ။

 

ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ၏တာဝန်များ

မိမိနှင့်သက်ဆိုင်သည့်လွှတ်တော်အတွက် ဆန္ဒမဲ လက်မှတ် ဟုတ်၊ မဟုတ်၊ မဲလက်မှတ်စာအုပ်များတွင် ရွက်ရေပြည့်စုံမှန်ကန်မှုရှိ၊ မရှိ၊ မဲလက်မှတ်များတွင်မဲရုံမှူး လက်မှတ်ရေးထိုးထားခြင်းရှိ၊ မရှိ စစ်ဆေးရမည်။ မဲလက်မှတ်တောင်းဆိုသူသည် မဲစာရင်းပါအမည်နှင့် အမှတ်စဉ်တို့ မှန်ကန်ပါက မဲလက်မှတ်၏ လက်ခံဖြတ် ပိုင်းတွင် လက်မှတ်ရေးထိုးစေပြီးနောက် မဲလက်မှတ်ကို ထုတ်ပေးရမည်။

 

စာမတတ်သည့်မဲဆန္ဒရှင်များ မဲလက်မှတ်လာရောက် တောင်းဆိုသည့်အခါ မဲစာရင်း၌ လက်ဗွေနှိပ်ရသဖြင့် လက်ကိုအဝတ်ဖြင့်သုတ်စေရမည်။ မဲလက်မှတ်အပို ထုတ် မပေးမိစေရေးအတွက် အထူးသတိထားထုတ်ပေးရမည်။ မူလကပင် အစွန်းထင်နေသော၊ စုတ်ပြဲနေသော မဲလက်မှတ်များကို ထုတ်မပေးရန်နှင့် တွေ့ရှိက မဲရုံမှူးထံ ချက်ချင်း တင်ပြရမည်။ ထုတ်ပေးပြီးသော မဲလက်မှတ် အရေအတွက်နှင့် လက်ကျန်မဲလက်မှတ်အရေအတွက် တို့ကို ကိုက်ညီမှု ရှိ၊ မရှိ အခါအားလျော်စွာ စစ်ဆေး၍ ကွဲလွဲချက်တွေ့ရှိက ချက်ချင်းမဲရုံမှူးထံ တင်ပြရမည်။

 

မဲရုံပိတ်သည့်အခါ မဲစာရင်းနှင့်လက်ကျန်မဲလက်မှတ် များကိုစိစစ်၍ မဲရုံမှူးထံ အမြန်ပေးအပ်ရမည်။ နောက် ဆက်တွဲ ပုံစံ(ဂ)၏ ကျောဘက်တွင် မဲရုံမှူးအား လက်ခံရရှိ ကြောင်း လက်မှတ်ရေးထိုးစေပြီး မဲရုံမှူးထံ အပ်နှံရမည်။ မိမိ၏တာဝန်ကို မဲရုံမှူး၏ခွင့်ပြုချက်မရရှိဘဲ အခြား မဲရုံ အဖွဲ့ဝင်တစ်ဦးဦးအား လွှဲပြောင်းခြင်းမပြုရ။

 

မဲရုံလုံခြုံရေး၏တာဝန်များ

 

မဲပုံးများကိုသတ်မှတ်နေရာတွင် စနစ်တကျထားရှိခြင်း ရှိ၊ မရှိနှင့် မဲပုံးများ၌ မဲလက်မှတ်ကို လွယ်ကူစွာ ထည့် နိုင်သော အပေါက်ပြုလုပ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ မဲဆန္ဒရှင်များ မဲရုံအတွင်းသို့ စနစ်တကျဝင်ထွက်နိုင်ရေးနှင့် သတ်မှတ်ချိန်အတွင်း မဲပေးခြင်းပြီးစီးနိုင်ရေး ကြပ်မတ် ဆောင်ရွက်ခြင်း၊ ကျန်းမာသန်စွမ်းခြင်း မရှိသောကြောင့် မဲလက်မှတ်ကို မဲပုံးထဲသို့ထည့်နိုင်စွမ်းမရှိသည့် မဲဆန္ဒရှင် အား ဒုမဲရုံမှူးနှင့်အတူ ကူညီဆောင်ရွက်ခြင်းတို့ပြုရ

မည်။

 

ရွေးကောက်ပွဲကျင်းပနေစဉ် မဲပုံးကိုယူဆောင်သွားလျှင် သို့မဟုတ် မဲပုံးအတွင်းရှိ လက်မှတ်များကို ပျက်စီးအောင် ပြုလျှင်၊ ဆန္ဒမဲလက်မှတ်ကိုဆုတ်ဖြဲ၍ မဲပုံးထဲသို့ထည့်ရန် ကြံရွယ်နေကြောင်း တွေ့ရှိလျှင် သို့မဟုတ် ဆန္ဒမဲပေးခြင်း ကို အနှောင့်အယှက်ပြုရန် မသင်္ကာဖွယ်ရာတွေ့ရှိလျှင် မဲရုံမှူးထံချက်ချင်းတင်ပြရမည်။ လွတ်လပ်စွာမဲပေးခြင်းကို ထိခိုက်မှုမရှိစေရန်၊ လေ့လာသူအဖွဲ့များအား စနစ်တကျ ရှိစေရန်နှင့် မဲပေးပြီးသူများ မင်တို့စေရန် ကြပ်မတ်ရမည်။ မိမိတာဝန်ကို မဲရုံမှူး၏ခွင့်ပြုချက်မရရှိဘဲ အခြားမဲရုံ အဖွဲ့ဝင်တစ်ဦးဦးအား လွှဲပြောင်းခြင်းမပြုရပါ။

 

မဲပေးပြီးကြောင်းမင်တို့သူ၏တာဝန်များ

 

မဲရုံမဖွင့်မီ မဲရုံမှူးထံမှ မင်တို့ရန်လိုအပ်သည့် မင်အိုး၊ မင်ခွက်တို့ကိုထုတ်ယူ၍ သတ်မှတ်နေရာတွင်ထားရမည်။ ဆန္ဒမဲပေးပြီး ပြန်လည် ထွက်ခွာမည့်သူများအား လွှတ်တော်အသီးသီးအတွက် မဲပေးခြင်းပြီးစီးမှု ရှိ၊ မရှိ စုံစမ်းမေးမြန်းရမည်။ မဲပေးပြီးကြောင်း သိရှိရပါက ထိုသူ၏ လက်ဝဲလက်သန်းတွင် မင်တို့ရမည်။ လက်သန်း မရှိပါက လက်ချောင်း တစ်ချောင်းချောင်းပေါ်တွင် မင်တို့ ရမည်။

အထူးလိုက်နာရန်လိုအပ်မည့်အချက်များ

 

ယခုကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသည့် အချိန်ကာလ အတွင်း ကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။ ယခင်က ရွေးကောက်ပွဲများတွင် ဆောင်ရွက်ခဲ့ရသည်ထက် လုပ်ငန်း များ ပိုမိုများပြားလာသည်။ တာဝန်လည်း ပို၍ကြီးလာ သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စံလုပ်ငန်း လမ်းညွှန် အပိုင်း(၂)တွင် ဖော်ပြထားချက်များနှင့်အညီ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအားလုံး လိုက်နာဆောင်ရွက် ရန်လိုအပ်သည်။ ကြိုတင်လေ့လာထားကြရမည်။ လိုအပ် သော မျက်နှာအကာအကွယ်(Face Shield)၊ နှာခေါင်းစည်း (Mask) ၊ လက်အိတ် ၊ ရေမလို လက်သန့်ဆေးရည်များ အချိန်မီရရှိအောင် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။ မဲရုံအတွင်း တာဝန်ရှိသူတစ်ဦး နှင့်တစ်ဦး ခြောက်ပေအကွာ နေရာထိုင်ခင်းများ စီစဉ်၍ မဲဆန္ဒရှင်များကိုလည်း ခြောက်ပေအကွာ နေရာများ သတ်မှတ်ထားရှိရမည်။

 

တရားစွဲဆိုခြင်းမခံထိုက်စေရပါ

 

တရားဝင်အပ်နှင်းထားသောလုပ်ပိုင်ခွင့်အရ ဥပဒေ နှင့်အညီ မိမိတာဝန်ကိုသဘောရိုးဖြင့် စွမ်းဆောင်နိုင်သမျှ ထမ်းဆောင်သော မဲရုံမှူးအပါအဝင် မဲရုံအဖွဲ့ဝင်များ၏လုပ်ဆောင်ချက်များအတွက် တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း မခံထိုက်စေရပါ။

 

ဂုဏ်ယူထိုက်ပါသည်

 

မဲရုံများသည် များသောအားဖြင့် အစိုးရစာသင်ကျောင်း များတွင် ဖြစ်သည်။ မဲရုံမှူး၊ ဒုတိယမဲရုံမှူး အများစုမှာ အစိုးရစာသင်ကျောင်းများမှ ဆရာ၊ ဆရာမများဖြစ်ကြ သည်။ မဲရုံအဖွဲ့ဝင်များသည်လည်း ဝန်ထမ်းများ၊ အများ ကြည်ညိုလေးစားခံရသူများဖြစ်ကြသည်။ ရွေးကောက်ပွဲ တိုင်းလိုလို ပါဝင်ဆောင်ရွက်ခဲ့ကြဖူးသည့်အတွက် အတွေ့ အကြုံကောင်းစွာ ရရှိထားကြသူများဖြစ်သည်။

 

ကြိုးစားကြသည်။ နိုးနိုးကြားကြားရှိကြရသည်။ အခွင့် အရေးကိုမမျှော်၊ စေတနာသက်သက်ဖြင့် တိုင်းကျိုးပြည်ပြု ဆောင်ရွက်ကြရသည်။ မှန်ကန်ရသည်။ ဥပဒေနှင့်အညီ ဖြစ်ရသည်။ တာဝန်က ကြီးလေးသည်။ လုပ်ငန်းကမွန်မြတ် လှသည်။ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ အဖြစ် စေတနာ့ဝန်ထမ်း လုပ်ငန်းတာဝန်ထမ်းဆောင်ခွင့်ရရှိ ခြင်းသည် ပြည်သူနှင့်နိုင်ငံတော်အတွက် အရေးကြီးသော လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သဖြင့် တန်ဖိုး မဖြတ်နိုင်၊ ဂုဏ်ယူထိုက်ပါသည်။

 

အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးခြင်းအတွက် အဓိကအကျဆုံး အရေးပါဆုံးနေရာ မှ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းကို ပို၍ပို၍ ဂုဏ်ယူထိုက် ကြောင်း၊ နိုင်ငံနှင့်ပြည်သူတို့အတွက် တန်ဖိုးမဖြတ်နိုင်ပါ ကြောင်း ဖွင့်ဆိုလိုက်ပါရစေ။

မဲရုံမှူးနှင့်အဖွဲ့ဝင်များ စုပေါင်းအင်အားဖြင့် ကိုယ်စီ တာဝန်ကျေပွန်ကြပါစေ၊

မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒပြု မဲပေးနိုင်ရေး စီမံဆောင်ရွက်နိုင်ကြ ပါစေ။

 

တိုင်းကျိုးပြည်ပြုပါဝင်စွမ်းဆောင်မှုဖြင့် စံယူ ထိုက်သူများဖြစ်ကြပါစေ။ ။