၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်မည့် ပန်းခင်းစီမံချက်ကို အချိန်မီပြီးစီးရေး အတွက် သက်ဆိုင်ရာက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့တွင် ရာနှုန်းပြည့်ပြီးစီးနေကြပြီ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများအနက် လူဦးရေ ၄ ဒသမ ၆ သန်းကျော်သည် ကိုင်ဆောင် ကတ်ပြားတစ်ခုခုမရှိဘဲ မဲစာရင်းတွင် ပါဝင်နေခဲ့ခြင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံသားသက်သေခံ အထောက်အထားတစ်စုံတစ်ရာ ကိုင်ဆောင် ထားခြင်းမရှိသူများ သန်းနှင့်ချီ၍ ရှိနေခြင်းတို့က ပန်းခင်းစီမံချက် ချမှတ် ဆောင်ရွက်ရခြင်း၏ အကြောင်းရင်းဖြစ်ရာ စီမံချက်၏ လုပ်ငန်းပမာဏမှာ လွန်စွာ ကြီးမားလှသည်။
ပန်းခင်းစီမံချက်အရ နိုင်ငံသားတစ်ဦးအနေဖြင့် ကိုင်ဆောင်ရမည့် အသိအမှတ်ပြုကတ်ပြားတစ်ခုခု ကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စုတစ်ခု အနေဖြင့် အိမ်ထောင်စု လူဦးရေစာရင်းတစ်ခု ထာဝစဉ်ကိုင်ဆောင်ထားနိုင် ရေးအတွက် ဆောင်ရွက်ပေးခြင်းသည် တိုင်းလုံးကျွတ်၊ ပြည်နယ်လုံးကျွတ်၊ မြို့နယ်လုံးကျွတ်ပြီးစီးနေသည့် ဒေသများရှိနေပြီဖြစ်ရာ ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ခရီးသွားလာခြင်းအပါအဝင် အထောက်အထားပြသရန် လိုအပ်သည့်နေရာတိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုသာ ပြသ၍ စိစစ်မှုခံယူကြရမည်ဖြစ်ပြီး ယာယီထောက်ခံစာများကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း မီဒီယာများမှတစ်ဆင့် အသိပေးကြေညာချက်များ ထုတ်ပြန်ထားခဲ့သည်။ သို့ဖြစ်သည့်အလျောက် ဧပြီ ၁ ရက်နေ့ တွင် မြို့နယ်အချို့၌ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားများအား နိုင်ငံသား စိစစ်ရေးကတ်ပါ မပါ စစ်ဆေးခြင်း၊ မပြုလုပ်ရသေးသူများအား အမြန် ပြုလုပ်ရန် တိုက်တွန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကလည်း ဧပြီ ၁ ရက်မှစ၍ စစ်ဆေးဆောင်ရွက်မည့် မိဘပြည်သူ များသို့ အသိပေးကြေညာထားသည့် နိုင်ငံသားကတ်(မှတ်ပုံတင်) စစ်ဆေးမည့်လုပ်ငန်းစဉ်သည် စနစ်တကျ ဆောင်ရွက်နိုင်ရန် အရေးကြီး ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ နိုင်ငံသားအားလုံး နိုင်ငံသားကတ်(မှတ်ပုံတင်) ကိုင်ဆောင်နိုင်ရေးနှင့် မရှိသေးသူများ မဖြစ်မနေ ဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ပါကြောင်း၊ ရှိပြီးသူများ အနေဖြင့် ပျောက်ဆုံး/ပျက်စီးပါကလည်း ပြန်လည်လျှောက်ထား ရယူကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်ပြီး စနစ်တကျ ကိုင်ဆောင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ သတ်မှတ်နေရာများ၌ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးသည့်အခါတွင်လည်း လုပ်နည်းလုပ်ဟန် မှန်ကန်စေရေးအတွက် ဆောင်ရွက်ကြရန် စသည်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ တာဝန်ရှိသူများအား မှာကြားခဲ့သည်ကို သတင်း၌ တွေ့ရှိရသည်။
ယခုအခါ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးမည့် အကျုံးဝင်သူတိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင် ထားနိုင်ရေး၊ အမြဲနေထိုင်ရာနေရာဒေသတွင် ဆန္ဒမဲပေးနိုင်ရေးနှင့် နေထိုင်ကြောင်း အထောက်အထားဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း လဝကပုံစံ ၆၆/၆ ရှိရေးတို့မှာ အရေးကြီးသည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဝန်ထမ်းများက ကြိုးပမ်းလုပ်ဆောင်နေကြသလို နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုး မပြုလုပ်ရသေးသူ၊ လက်ဝယ် မရှိသူ၊ ပျက်စီးပျောက်ဆုံးနေသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသည့် မိသားစုများအနေဖြင့် သက်ဆိုင်ရာဌာနတွင် လျှောက်ထား ရယူရေးကို မဖြစ်မနေ ဆောင်ရွက်ကြရန်လိုသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံသားသက်သေခံ အထောက်အထားသည် နိုင်ငံသားများအတွက် နိုင်ငံသားအခွင့်အရေးပင် ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးဆုံး ဖြစ်သော အထွေထွေရွေးကောက်ပွဲအတွက် စာရင်းဇယားများ တိကျ မှန်ကန်စေရေးအတွက်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း၌ နိုင်ငံသား စိစစ်ရေးကတ် လဝကပုံစံ ၆၆/၆ တို့ ကိုင်ဆောင်ထားရှိကြရမည်ဖြစ်ရာ မိမိတို့အတွက်ရော နိုင်ငံအတွက်ပါ အရေးပါသည့် နိုင်ငံသားစိစစ်ရေးကတ် နှင့် လဝကပုံစံ ၆၆/၆ တို့ ရရှိကိုင်ဆောင်ထားနိုင်ရေး အလေးအနက်ဂရုပြု ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။