
သန်းဖြိုးနိုင်(ကညင်ကျိုး)
သီတင်းကျွတ်လ ဆိုသည်မှာ
မြန်မာ့သမိုင်း၌ သီတင်းကျွတ်လ ကို ပုဂံခေတ်ကျောက်စာများတွင် ‘သန္တူလ (အသံထွက်-သန်တူလ)’ ဟု ရေးသားခဲ့သည်။ ‘သန်’ ဆိုသည် မှာ ‘ကောက်ပင်’ဟု အဓိပ္ပာယ်ရပြီး ‘တူ’ ဆိုသည်မှာ ‘ထောင်မတ်သည်၊ ပေါက်ပွားသည်’ ဟု အဓိပ္ပာယ်ရ သည်။ ဆိုလိုသည်မှာ ကောက်ပင် များ ထောင်မတ်ပေါက်ပွားသော ကာလဟု အဓိပ္ပာယ်ဖွင့်ဆိုကြောင်း စာပေများတွင် လေ့လာမိရ၏။
အင်းဝခေတ်စာပေများတွင်မူ ‘သီတင်းကျွတ်’ ဟု စတင်သုံးစွဲခဲ့ကြ ပြီး ‘သီတင်း’ ဆိုသည်မှာ ‘နေထိုင် ခြင်း’ ဟု အဓိပ္ပာယ်ရကာ ဝါတွင်း သုံးလကာလပတ်လုံး သီတင်းသုံး နေထိုင်ခြင်းမှ ကျွတ်လွတ်သော အချိန်အခါဖြစ်ကြောင်း ဖွင့်ဆိုထား သည်ကို တွေ့ရသည်။ ရာသီပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်သည်။ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ရောက် သည့်အခါ လသည် နေနှင့် ဆန့်ကျင် ဘက်ဖြစ်ရာ ကမ္ဘာတစ်ဖက်ခြမ်း သို့ ရောက်ရှိနေသဖြင့် နေအလင်း ရောင်ကြောင့် ထိုနေ့ညတွင် လ သည် အပြည့်အဝ လင်းလက် တောက်ပလျက် ရှိသည်။ အမေရိကန် ရိုးရာအနေဖြင့်မူ ထိုည တွင် ထိန်ထိန်သာနေသော လမင်း ကြီးကို မုဆိုးလမင်း Full Hunter's Moon ဟု ခေါ်ဆိုသမုတ်ကြပြီး အခြားတွင်လည်း Full Traveller Moon (ခရီးသွားလ)နှင့် Blood Moon (သွေးရောင်လွှမ်းသောလ) များဟုလည်း ခေါ်ဆိုကြကြောင်း ဖတ်ရသည်။
အဘိဓမ္မာအခါတော်နေ့နှင့် မီးထွန်းပွဲတော်
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့ရှိရာ ဥရုဝေလတောအုပ်သို့ ကြွချီတော်မူပြီးနောက် တရားဦး ဓမ္မစကြာကို ခုနစ်ရက်တိုင်တိုင် ဟောကြားတော်မူခဲ့သည်။ ထို့နောက် မဟာ သက္ကရာဇ် ၁ဝ၉ ခုနှစ် ဝါဆိုလပြည့် ညနေပိုင်းတွင် တာဝတိံသာနတ်ပြည်သို့ မယ်တော်မိနတ်သားအား တရားဟောရန် ကြွချီတော်မူခဲ့လေသည်။ တရား ဟောရခြင်းမှာ မယ်တော်ဖြစ်ခဲ့ဖူးသူ သန္တုသိတနတ်သားကို မွေးကျေးဇူးဆပ် ရန်ဖြစ်သည်။ တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သား အပါအဝင် နတ်၊ ဗြဟ္မာအပေါင်းတို့ကို တစ်နေ့နှင့်တစ်ရက် (လူ့သက်တမ်း၌ ဝါတွင်းသုံးလ ပတ်လုံး) အဘိဓမ္မာတရားတော်ကို နေ့ညမစဲ တရားဟောတော်မူရာ သီတင်း ကျွတ်လပြည့်နေ့၌ တရားစခန်းသိမ်းလေသည်။ ထို့ကြောင့် နတ်ပြည်မှ လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်မြို့သို့ ပြန်လည်ဆင်းသက်ကြွချီတော်မူရာ လူ့ပြည်မှ မင်းနှင့်တကွ ပရိသတ်အပေါင်းတို့က မြတ်စွာဘုရားရှင်ကို ဆီမီး နံ့သာများဖြင့် ထွန်းညှိပူဇော် ကြိုဆိုခဲ့ကြသည့် အစဉ်အလာရှိခဲ့သည်။ ထိုနေ့ကို ‘အဘိဓမ္မာ အခါတော်နေ့’ ဟု သတ်မှတ်ခေါ်ဆိုကြပြီး နှစ်စဉ်နှစ်တိုင်း မြတ်စွာ ဘုရားရှင်ကို ရည်စူး၍ ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်လေသည်။
သို့အတွက် ကျွန်ုပ်တို့ကိုယ်စီအနေဖြင့်လည်း မိမိတို့နေထိုင်ရာ အိမ်၊ ဌာနအသီးသီးတွင် သီတင်းကျွတ်လပြည့်နေ့ညရောက်တိုင်း ထိန်ထိန်သာ နေသည့် လမင်းကြီးနှင့်အတူ နတ်ပြည်မှ ဆင်းသက်လာသည့် မြတ်စွာဘုရား ကို ရည်မှန်းကာ ဆီမီးများ ထွန်းညှိပူဇော်ခဲ့ကြသည်။ ထို့ပြင် ဘုရားစေတီများ တွင်လည်း ဆီမီးတစ်ထောင်ပူဇော်ခြင်းများကို မြန်မာ့ရိုးရာဂီတဖြစ်သည့် အိုးစည်၊ ဗုံမောင်းများ တီးမှုတ်လျက် ကခုန်မြူးထူး၍ ပျော်ပျော်ပါးပါး ပြုလုပ် ပူဇော်ဆင်ယင်ကျင်းပလာခဲ့သည်မှာ ဘာသာရေးအစဉ်အလာတစ်ခုအဖြစ် ရှိနေခဲ့ပြီး ဖြစ်ပါသည်။
သီတင်းကျွတ်လပြည့်နေ့၊ ပဝါရဏာပွဲတော်နှင့် ဆရာ၊ မိဘများအား ကန်တော့ သည့် အလေ့အထ
သီတင်းကျွတ်လပြည့်နေ့တွင် သာသနာ့ဝန်ထမ်း ရဟန်းတော်များက ပဝါရဏာပွဲတော် ကျင်းပလေ့ရှိသည်။ သိက္ခာတော်၊ ဝါတော်အကြီးဆုံးဖြစ်သော မထေရ်ကြီးက လက်ဝဲဘက်ပခုံးပေါ်တွင် ဧကသီသင်္ကန်းကို တင်လျက် ဆောင့်ကြောင့်ထိုင်ပြီးလျှင် “ငါ့ရှင်တို့ တပည့်တော်သည် သံဃာကို ပင့်ဖိတ် ပါ၏။ တပည့်တော်၏အပြစ်ကို မြင်လျှင်သော်လည်းကောင်း၊ ကြားလျှင်သော် လည်းကောင်း၊ သံသယရှိလျှင်သော်လည်းကောင်း တပည့်တော်အား သနား သဖြင့် ပြော၍ဆို၍ သတိပေးပါ၊ အပြစ်ကိုရှာ၍ ကုစားပါမည်” ဟု သုံးကြိမ် တိုင်တိုင် သံဃာများကို ဖိတ်ကြားတိုက်တွန်း၍ ကျန်သံဃာတော်တို့က သာဓုသုံးကြိမ် ခေါ်ကြရသည်။ ပဝါရဏာပွဲတော်နည်းတူ မိဘ၊ ဘိုးဘွား၊ သက် ကြီး ဝါကြီး၊ ဆရာများအား ကန်တော့ကြသည့် အလေ့အထ စတင်ဖြစ်ထွန်း ပေါ်ပေါက်လာ ထိုပဝါရဏာနည်းတူ ကျွန်ုပ်တို့ သာမန်ပုထုဇဉ် လူသားများမှာ လည်း မိမိတို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘဘိုးဘွားများကို အပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချ၍ ကန်တော့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်လေသည်။ ထို့အတွက် ပင် ကျွန်ုပ်တို့ ငယ်စဉ်ကတည်းကပင် သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း မိဘများက ဖယောင်းတိုင်၊ အမွှေးတိုင်များ၊ အခြားကန်တော့ပစ္စည်း စားသောက်ဖွယ်ရာ၊ ဒေသထွက်သီးနှံလေးများဖြင့် မိမိတို့၏ ဘိုးဘွားများ၊ ဦးလေး၊ ဘကြီး၊ အဒေါ် တို့ကိုလည်းကောင်း၊ ဆရာ ဆရာမများကိုလည်းကောင်း နှစ်စဉ်ကန်တော့ခဲ့ကြသည့် အလေ့အထရှိခဲ့သည်။ မိမိတို့နှင့် ထိတွေ့ ဆက်ဆံခဲ့ကြရသည့် တစ်နှစ်အတွင်း သက်ကြီးဝါကြီး၊ ဆရာသခင်၊ မိဘတို့ အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံ တစ်ပါးပါးဖြင့် ပြစ်မှားခဲ့ကြသည်ရှိသော် အပြစ်မယူပြေပျောက်ရန် လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ရှိခိုးကန်တော့ကြ သည့်အခါ ကန်တော့ခံပုဂ္ဂိုလ်တို့ကလည်း ကြည်နူးဝမ်းဖြာလျက် ပြန်လည် ဆုတောင်းမေတ္တာ ပို့သပေးကြသည့်ဓလေ့မှာ အလွန်ကောင်းမွန်သင့်လျော် သည့် မြန်မာ့ထုံးတမ်းစဉ်လာတစ်ခု ဖြစ်ခဲ့သည်။ ထိုနည်းတူစွာပင် ထိုကောင်း သည့်အမှု၊ အလေ့အကျင့်ကို အစဉ်အဆက် လက်ဆင့်ကမ်းခဲ့ကြသည်မှာ ယနေ့အထိဖြစ်သည်။
နိဗ္ဗာန်စျေးများလည်း ပေါ်ပေါက်၊ စတုဒိသာလည်း ကျွေးမွေးကြ
သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ကြသည့် အခြားသော ပွဲတော်တစ်ခု မှာ နိဗ္ဗာန်စျေးဟုခေါ်သည့် ငွေကြေးပြည့်စုံသူ သို့မဟုတ် လှူချင်တန်းချင်သူများ က မိမိတို့စိတ်စေတနာအလျောက် တတ်နိုင်သလောက် အခမဲ့ ကျွေးမွေး ဝေငှကြသည့် အစဉ်အလာတစ်ခုလည်း ဖြစ်ထွန်းခဲ့သည်။ ထိုအစဉ်အလာမှာ ယနေ့တိုင် စွဲမြဲလျက် တတ်နိုင်သူတို့ကလည်း နိဗ္ဗာန်စျေးများ ဖွင့်လှစ်ကာ လာလာသမျှသော လူတို့ကို အယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒိသာကျွေး မွေးပွဲများ ပြုလုပ်ကျွေးမွေးလှူဒါန်းကြလေသည်။ ထိုအပြုအမူ အစဉ်အလာ ဓလေ့သည် မြန်မာ့ရိုးရာထုံးတမ်းစဉ်လာများထဲမှ အများနှစ်သက် ပျော်မွေ့ ကြသည့် ကိစ္စတစ်ခုလည်း ဖြစ်ခဲ့သည်။
အခြားပွဲလမ်းသဘင်များလည်း ဆင်ယင်ကျင်းပကြ
သီတင်းကျွတ်လပြည့်သည် မြန်မာတို့အတွက် ဘာသာရေးအနှစ်သာရ ပြည့်ထွန်းနေသည့် လဖြစ်သည့်အပြင် ရဟန်းသံဃာတော်များအတွက်လည်း ဝါလကင်းလွတ်သည့် လဖြစ်သောကြောင့် ဝါပန်စရာ မလိုဘဲ ခရီးသွားလာ ခွင့်ရကြလေသည်။ စိုစွတ်သောရာသီမှ လွတ်ကင်းသောကြောင့် ကုန်သည်၊ လယ်လုပ် ပြည်သူပြည်သားများအဖို့မှာလည်း ရောင်းဝယ်ဖောက်ကား သွားရေးလာရေး အဆင်ပြေသောလလည်း ဖြစ်သည့်အတွက် ငွေများရွှင်ကြသ ဖြင့် ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲ၊ ရုပ်သေးပွဲများ၊ အလှူအတန်းများ၊ စတုဒိသာ ကျွေးမွေးပွဲများဖြင့် စိတ်အေးချမ်းသာစွာ ကျင်းပလာနိုင်ခဲ့ကြသည်။
အထက်ပါ မြန်မာ့ရိုးရာ ကောင်းမှုကုသိုလ်ပြု အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြစေလိုပါသည်။ သို့သော် ကမ္ဘာတစ်ဝန်းလုံးကို ထိခိုက် စေသော ကိုဗစ်- ၁၉ ရောဂါကြောင့် ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တွင်မူ အထက်ပါ အစဉ်အလာပွဲတော်များကို ကျင်းပဆင်နွှဲကြရန် အခက်အခဲ ရှိကြမည်သာဖြစ်သည်။ မကျင်းပနိုင် ဖြစ်ကြပေလိမ့်မည်။ မီးထွန်းပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်၊ စတုဒိသာပွဲတော်နှင့် ပွဲလမ်းသဘင်များ ကျင်းပကြရန် မဖြစ်နိုင်သော်လည်း ဘိုးဘွားများ၊ မိဘ၊ ဆရာသမားများကို ရိုသေစွာ ကန်တော့ကြသည့် အလေ့အထကိုတော့ အတိုင်အတာတစ်ခုအထိ ဆောင်ရွက် နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဘိုးဘွား၊ မိဘများအနေဖြင့်လည်း မိမိတို့၏ သားငယ် သမီးငယ်များ ချစ်စရာဘာသာရေး ပွဲတော်များကို ချစ်တတ် မြတ်နိုး တတ်စေရန် အစဉ်အလာများကို ပြောပြပေး၊ ကောင်းမွေအဖြစ် လက်ဆင့်ကမ်း ပေးကြစေကြောင်း စာရေးသူအနေဖြင့် ဆန္ဒရှိမိပါသည်။ ။
- Log in to post comments