ပညာသင်နှစ်အဆုံး စာမေးပွဲများကျင်းပအပြီး မကြာမီ မြန်မာ့ ရိုးရာ နှစ်ကူးအတာသင်္ကြန်ပွဲအခါ ကျရောက်တော့မည်။ သင်္ကြန် အပြီး နွေကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား ကျောင်းသူ တို့၏ ကိုယ်ပိုင်အချိန်များက တန်ဖိုးရှိသည့်အချိန်များ ဖြစ်သည်။
“ ပိတ်ရက်ကာလကို အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ မိမိတို့ ၏ ကလေးငယ်များကိုလည်း ကျောင်းပိတ်ရက်အတွင်း အကျိုး ရှိစွာဖြင့် အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးစေလိုပြီး ယဉ်ကျေး လိမ္မာ စာပေဗဟုသုတများကို သင်ကြားပေးစေလိုကြောင်း၊ ယဉ်ကျေးသည့်လူမှုအသိုင်းအဝိုင်းနှင့် မြန်မာတို့၏ ဘာသာရေး ကိုင်းရှိုင်းမှု စသည့်အစဉ်အလာကောင်းများကို ပြန်လည် ဖော်ဆောင်ပေးပြီး ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ မြှင့်တင်ဆောင်ရွက် ပေးကြစေလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်း ပြည်နယ်(မြောက်ပိုင်း)အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လားရှိုးမြို့မှ မြို့မိ မြို့ဖများအား ဧပြီ ၉ ရက်က မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မျက်မှောက်ကာလ ကျောင်းနေအရွယ် ကလေးငယ်များကို သေချာစွာလေ့လာစေ့ငုကြည့်ပါက ၎င်းတို့အများစုအား အင်တာ နက် လူမှုကွန်ရက်များက လွှမ်းမိုးထားသည်ကို တွေ့နိုင်သည်။ ဖေ့စ်ဘုတ်၊ တစ်တော့ စသည်တို့အပါအဝင် လူမှုကွန်ရက်များမှာ ကလေးများအတွက် သီးသန့်ပြုလုပ်ထားခြင်းမဟုတ်သည့် အပြင် အရွယ်ရောက်ပြီးသူများနှင့် လူကြီးများအတွက်ပင်လျှင် သတိ တရား လက်ကိုင်ထား၍ သုံးစွဲနေကြရခြင်းဖြစ်ရာ ကလေးများ အင်တာနက်သုံးစွဲမှုသည် သုံးစွဲချိန်နှင့် သုံးစွဲသည့်အကြောင်းအရာ စသည်တို့အပေါ် မိဘအုပ်ထိန်းသူများ၏ ရှေ့မှောက်တွင် စနစ် တကျကွပ်ကဲ၍ သုံးစွဲမှုသာ ဖြစ်သင့်သည်။ လူကြီးမိဘ၏ မျက်ကွယ်တွင် အင်တာနက်လူမှုကွန်ရက်ကို ကလေးများ အချိန် ကြာမြင့်စွာ သုံးစွဲခြင်းက အကျိုးထက် အပြစ်ဖြစ်ရန်၊ အန္တရာယ် ဖြစ်ရန် အခွင့်အလမ်းပိုများသည်။
ကျောင်းပိတ်ရက်ကာလအတွင်း ကလေးများအား ယဉ်ကျေး လိမ္မာစာပေဗဟုသုတများ သင်ကြားပေးရေး၊ ယဉ်ကျေးသည့် လူမှုအသိုင်းအဝိုင်းနှင့် မြန်မာတို့၏ ဘာသာရေးကိုင်းရှိုင်းမှု အစဉ်အလာကောင်းများ ပြန်လည်ဖော်ဆောင်ပေးရေး လုပ်ငန်း များမှာ ကြီးမားကျယ်ပြန့်သည့် လုပ်ငန်းများဖြစ်ပြီး ထိထိ ရောက်ရောက် နှစ်စဉ် အကောင်အထည်ဖော်နိုင်သည်နှင့်အမျှ မြန်မာ့လူမှုအသိုင်းအဝိုင်းအတွက် ကောင်းကျိုးရလဒ်များ ဖြစ်ပေါ်နိုင်မည်ဖြစ်သလို ကလေးသူငယ်တစ်ဦးချင်းစီအဖို့လည်း ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ မြင့်မားလာနိုင်မည်ဖြစ်သည်။ လုပ်ငန်း များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ ဘာသာရေး လူမှုရေးအဖွဲ့အစည်းများ၏ ကူညီ ဆောင်ရွက်မှုများက အဓိကလိုအပ်ချက်များလည်း ဖြစ်သည်။
သည့်အပြင် ကလေးများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်း မြင့်မားရေး အတွက် လေ့ကျင့်သင်ကြားပေးမှုများဖြင့် မြှင့်တင်ကြရာတွင် မိဘအုပ်ထိန်းသူတို့က ကနဦးဆရာ ပုဗ္ဗာစရိယများအနေဖြင့် အထူးအရေးကြီးလှသည်ကို သတိမူကြရန်လိုသည်။ ယဉ်ကျေး လိမ္မာသည့်လူငယ်များနှင့် ယဉ်ကျေးသည့်လူမှုအသိုင်းအဝိုင်း များဖြစ်လာစေရန် ကလေးဘဝတွင် စတင်ထိတွေ့ရသည့် လူမှု အသိုက်အဝန်းဖြစ်သော မိသားစုက ဦးစွာ သင်ကြားပေးသူများပင် ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် မိမိတို့၏ ရင်သွေးသားသမီးတို့ ယဉ်ကျေးလိမ္မာမှုဖြင့် ကိုယ်ရည်ကိုယ်သွေးမြင့်မားအောင် မြှင့်တင် ပေးကြရမည်ဖြစ်သည်။ အလွယ်ကူဆုံးနည်းလမ်းမှာ စာကောင်း ပေမွန်များဖတ်ရှုခြင်းပင်ဖြစ်ရာ ကလေးဘဝကပင် စာဖတ်သည့် အလေ့အထများ ပြုစုပျိုးထောင်ပေးခြင်း၊ ကိုယ်အမူအရာ နှုတ် အမူအရာတို့ ယဉ်ကျေးဖွယ်ရာဖြစ်အောင် သွန်သင်ခြင်း၊ စိတ်ပိုင်း ရုပ်ပိုင်းအရ ဖြောင့်မတ်တည်ကြည်သူများ၊ ကျန်းမာကြံ့ခိုင်သူများ ဖြစ်အောင် ပဲ့ပြင်ဆုံးမလေ့ကျင့်ပေးခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု ကို ဖော်ဆောင်ကာ သားသမီးတို့အား မြင့်မားပါစေကြောင်း။ ။