အာဆီယံဖူဆယ်ပြိုင်ပွဲ မြန်မာအသင်း စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရ

 

 

ရန်ကုန်   ဧပြီ   ၁၁
၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာ လုပွဲကို ဧပြီ ၁၀ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ အသင်း စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။
တတိယနေရာလုပွဲအဖြစ်   မြန်မာနှင့်    ဗီယက်နမ်အသင်းတို့   တစ်ဂိုးစီ သရေကျနေသဖြင့် ပယ်နယ်တီဖြင့်  ဆုံးဖြတ်ရာ  ဗီယက်နမ် အသင်းက လေးဂိုး-တစ်ဂိုး၊  စုစုပေါင်း    ငါးဂိုး-နှစ်ဂိုးဖြင့်   အနိုင်ရခဲ့ခြင်း ဖြစ်သည်။ 
အုပ်စုတွင်း တွေ့ဆုံစဉ်က တစ်ဂိုးစီ သရေကျခဲ့သည့် မြန်မာ နှင့် ဗီယက်နမ်အသင်းမှာ ယခုထပ်မံတွေ့ဆုံရာတွင်လည်း ပွဲချိန်အတွင်း တစ်ဂိုးစီ သရေကျနေသဖြင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းတွင် ပွဲပယ်ခံထားရသည့် ဂိုးသမားကျော်ထက်အောင်မှ လွဲ၍   ကျန်အမာခံကစားသမားများ အစုံအလင်ပါဝင်ကစားခဲ့သည်။  ပထမပိုင်းတွင် ဂိုးမရှိသရေကျနေပြီး ဒုတိယပိုင်းအစတွင် ဗီယက်နမ် အသင်းက ဦးဆောင်ဂိုးသွင်းယူသော်လည်း ပွဲပြီးခါနီးတွင် ခင်ဇော်လင်း က မြန်မာအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ပယ်နယ်တီဆုံးဖြတ် ရာတွင် ဗီယက်နမ်က  လေးဂိုးဝင်ပြီး  မြန်မာအသင်းက တစ်ဂိုးသာ ဝင်သဖြင့် မြန်မာအသင်း တတိယနေရာနှင့် လွဲချော်ခဲ့သည်။
ဗိုလ်လုပွဲတွင် ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ပွဲချိန်အတွင်း နှစ်ဂိုးစီ သရေကျနေသဖြင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ ထိုင်းအသင်းက  ငါးဂိုး-သုံးဂိုး စုစုပေါင်းဂိုးရလဒ် ခုနစ်ဂိုး-ငါးဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုရရှိခဲ့ သည်။ ထိုင်းအသင်းသည် အာဆီယံ ဖူဆယ်ချန်ပီယံဆုကို (၁၆) ကြိမ် မြောက်    ရယူနိုင်ခဲ့ခြင်းဖြစ်သည်။   ယခုပြိုင်ပွဲတွင်  ပထမဆုရ  ထိုင်း အသင်း၊ ဒုတိယဆုရ အင်ဒိုနီးရှားအသင်းနှင့် တတိယဆုရ ဗီယက်နမ် အသင်းတို့မှာ စက်တင်ဘာလတွင် ကူဝိတ်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ အာရှဖလား ဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး မြန်မာအသင်းမှာ ခြေစစ်ပွဲ အောင်မြင်ခြင်းမရှိခဲ့ပေ။    
                ရဲရင့်လွင်