မိုးကြိုကာလ သဘာဝအန္တရာယ်

 

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစု အစပိုင်းမှစတင်၍ သိသိသာသာ  ထင်ရှားလာခဲ့သည်။  ရာသီဥတုပုံမှန်မဟုတ်ဘဲ ပြောင်းလဲဖောက်ပြန်မှုတွင်        အပူလှိုင်းများကျရောက်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့်သဘာဝ ဘေးအန္တရာယ်ကျရောက်မှုများမှာ  ယခင်ထက်ပိုမို၍  ပြင်းထန် လာကြပြီး ဖြစ်ပေါ်မှု အကြိမ်အရေအတွက်မှာလည်း ပိုမိုများပြား လာခဲ့သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံများစွာ တို့တွင် ထိခိုက်ခံစားနေကြရသည့်အနက် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်   အခြေအနေမြင့်မားသည့်   နိုင်ငံများတွင် မိမိတို့နိုင်ငံလည်း ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ကာလသည်    ပူပြင်းခြောက်သွေ့သော    မိုးကြိုကာလဖြစ်ပြီး မကြာမီ   ရာသီအကူးအပြောင်းနှင့်အတူ   ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်သတိပြုထားကြရ မည်ဖြစ်သည်။

 


လူတို့၏      ပယောဂကြောင့်     ဖန်လုံအိမ်အာနိသင်များ အဆမတန်များပြားလာပြီး ကမ္ဘာကြီး အပူချိန်တိုးလာခြင်းကြောင့် ဖြစ်ပေါ်လာသည့်    ရာသီဥတုပြောင်းလဲမှုများက    မိမိတို့နိုင်ငံ ကိုလည်း သက်ရောက်စေခဲ့ရာ မိုးလေဝသမှတ်တမ်းများအရ ၁၉၇၇ ခုနှစ်မှစ၍ မိမိတို့နိုင်ငံ၏ ဒေသအနှံ့အပြားတွင် နွေရာသီ အပူချိန်များ သိသာစွာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ၎င်းအပူချိန်က ပင်လယ်သမုဒ္ဒရာရေပြင်များနှင့် ကုန်းမြေတို့အပေါ် တွင်လည်း သက်ရောက်စေသည့်အတွက် မုန်တိုင်းများဖြစ်ပေါ်စေနိုင်သည့်    အခြေခံအကြောင်းတရားဖြစ်ရာ     မိုးကြိုကာလ မုန်တိုင်းအန္တရာယ်ကို နှစ်စဉ်သတိရှိနေရမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ်က   မြန်မာနိုင်ငံ   မြစ်ဝကျွန်းပေါ်ဒေသနှင့်   ရန်ကုန်တိုင်း တို့တွင် ဝင်ရောက်တိုက်ခတ်သွားခဲ့သည့် အင်အားအလွန်ပြင်းထန် သော  နာဂစ်ဆိုင်ကလုန်း  မုန်တိုင်းကြီးသည်  ယင်းနှစ် ဧပြီလ ၂၈ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း အဖြစ်  စတင်သန္ဓေတည်ခဲ့ပြီး မေလ (၁) ရက်နေ့ တွင် ဧရာမ မုန်တိုင်းကြီးအဖြစ်အသွင်ပြောင်း    ရောက်ရှိသွားကာ   မေလ (၂) ရက်နေ့တွင် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၁၀ နှုန်းဖြင့်   ကုန်းမြေဆီသို့   ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံး ခဲ့ရပြီး  ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့သလို နောက်ဆက်တွဲ လူမှုဒုက္ခများစွာတို့မှာ မကြုံစဖူးကြီးမားလှသည်။ ပျက်စီးဆုံးရှုံးမှု အစုစုတို့၏ တန်ဖိုးမှာ ကျပ်ငွေ ထရီလီယံ (၁၁ ဒသမ ၇) အထိ ရှိခဲ့ရာ  သမိုင်းဝင်သည့် သဘာဝဘေးအန္တရာယ်ကြီး တစ်ခုပင် ဖြစ်သည်။

 


မြန်မာနိုင်ငံအနေဖြင့် လေမုန်တိုင်းတိုက်ခတ်မှု၊ မိုးသည်းထန် စွာ အဆက်မပြတ်ရွာသွန်းမှုနှင့် ဆက်စပ်၍ ဖြစ်ပေါ်တတ်သည့် ရုတ်တရက်ရေကြီးခြင်း (တောင်ကျရေ ကျဆင်းခြင်း)၊ မြေပြိုခြင်း၊ မြစ်ရေကြီးခြင်း စသည့်သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ရာသီအလိုက် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ် များအဖြစ် ကြိုတင်ပြင်ဆင်ကာ ဘေးအန္တရာယ်လျော့ပါးသက်သာ ရေးအတွက် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားရမည်ဖြစ်သည်။

 


နေ့စဉ်အချိန်နာရီအလိုက် မီဒီယာများမှတစ်ဆင့် ထုတ်လွှင့် ပေးနေသည့် မိုးလေဝသသတင်းများကို ဂရုတစိုက်နားထောင်ခြင်း၊ အရေးကြီးစာရွက်စာတမ်းများ၊ အဖိုးတန်ပစ္စည်းများ၊ မရှိမဖြစ် ဆေးဝါးများ၊    လိုအပ်သည့်   အသုံးအဆောင်များကို    ရေလုံ မပျက်မစီး အလွယ်တကူသယ်ဆောင်သွားနိုင်ရန် စီမံထားခြင်း၊ ဘေးလွတ်ရာနေရာကို ကြိုတင်သတ်မှတ်ထားခြင်း၊ မိမိတို့၏ နေအိမ်များကို အတတ်နိုင်ဆုံးခိုင်ခံ့အောင် ပြင်ဆင်ထားခြင်းတို့ အပါအဝင်   သဘာဝဘေးအန္တရာယ်ကျရောက်မှုမှ   လျော့ပါး သက်သာရေး       မျှော်တွေးဆောင်ရွက်မှုများ      ပြုလုပ်ထား ခြင်းဖြင့်    ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့်   အန္တရာယ်အပေါင်းတို့ကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု   အကျိုးမျှော်ကာ    နှိုးဆော်အပ် ပါကြောင်း။    ။