ယောနိသောမနသီကာရ

 

 

ကမ္ဘာတစ်လွှား၊ မြန်မာနိုင်ငံတစ်လွှား၌ ကိုဗစ်ရောဂါကူးစက် ပြန့်ပွားပြီဟု သိသည့်ခဏတွင် လူတို့တွင် ပထမဆုံးဖြစ်ပေါ်သော ခံစားမှုမှာ စိုးရိမ်စိတ်ဖြစ်၏။ စိုးရိမ်စိတ်နှင့် တွဲကပ်လာသည်မှာ စိတ်ပူပန်မှု။

ထို စိတ်ပူပန်မှုက ရောဂါကူးစက်ပြန့်ပွားမှု မြန်ဆန်လာပြီ၊ ဖြစ်ပွားသူအရေအတွက် များစွာတိုးမြင့်လာပြီ စသည့်သတင်း များကို သိလာရသည်နှင့်အမျှ စိတ်ပူပန်မှုကလည်း ကြီးကြ လေသည်။ မိမိထံသို့ ကူးစက်မည်လား၊ မည်သူတွေဆီမှာ ပိုးရှိနေသလဲ အစရှိသည့် တွေးတောပူပန်စရာများက တလည် လည် ဖြစ်လာသည်။ ထိုပူပန်မှုတို့က စိတ်ဖိစီးမှုကို ဖန်တီး ပေးလေသည်။ ရောဂါပိုးက ဘယ်ဆီနေသည်မသိသော်လည်း ဖိစီးမှုက ဝန်ထုပ်ဝန်ပိုးသဖွယ် ပိလာနေသည်။ ဤသို့သော အခြေအနေတွင် မိမိနှင့် သိကျွမ်းနီးစပ်သူတို့ ရောဂါပိုးကူးစက် ခံရသည်ဟု သိရသည့်အခါ စိတ်ဖိစီးမှုတွင် အတွေးလွန်မှုနှင့် ပူပန်လွန်မှုတို့ဖြစ်လာတတ်ပြီး ယင်းပူပန်လွန်မှုက စိတ်ဓာတ် ကျဆင်းမှုကို ဖြစ်စေတတ်ပါသည်။

 

 

ကိုယ်ကိုယ်တိုင်က သံသယလူနာစာရင်းတွင် ပါလာပြီဆိုလျှင် မူ ဆိုဖွယ်ရာမရှိတော့ပြီ။ ပိုးရှိ မရှိ စစ်ဆေးစမ်းသပ်ဓာတ်ခွဲခြင်းတို့ ပြုလုပ်ရပြီ။ ထိုအချိန်တွင် စိုးရိမ်ပူပန်မှုနှင့်အတူ မိမိကိုယ်ကိုယ် အပြစ်တင်မှုများ၊ နီးစပ်ပတ်သက်သူများကို အပြစ်တင်လိုစိတ်များ ဖြင့် စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့က ပိုမိုများပြားလေးလံ လာတော့သည်။

စိုးရိမ်လွန်ခြင်းကို အသိဉာဏ်ပညာဖြင့် မထိန်းကွပ်နိုင်ပါက ရောဂါ၏ သဘောသဘာ၀ကို နားမလည်၊ ပြဿနာ၏ ရင်းမြစ်ကို မဆန်းစစ်နိုင် ဖြစ်တတ်၏။ ထို့ပြင် သတင်းမှားများ လုပ်ကြံ သတင်းများကလည်း လူတို့ကို စိတ်ထိခိုက်မှုဖြစ်အောင် တမင် ဖန်တီးနေကြခြင်း ဖြစ်ပေသည်။ စိတ်ပူပန်မှုများခြင်းသည် စိတ်ဖိစီးမှုနှင့် စိတ်ထိခိုက်မှုကိုသာ ဖြစ်စေမည်ဆိုသည်ကို သတိမူသင့်ပါသည်။

လူ့ဘ၀ကို အေးချမ်းစွာလျှောက်လှမ်းနိုင်ရေးတွင် စိတ်ထား တတ်ခြင်းသည် အရေးကြီးသည့် လိုအပ်ချက်တစ်ခုအဖြစ် လူအများ ယုံကြည်ကြလေ့ရှိ၏။ ထိုသို့ ယုံကြည်သည့်အတိုင်း လည်း ထုတ်ဖော်ပြောဆိုကြလေ့ရှိ၏။ ယောနိသော မနသီကာရ ဟူသော သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်းကိုလည်း ညွှန်းဆိုလေ့ရှိ၏။ စိတ်နှလုံးအေးချမ်းစွာထားရှိကာ အခြေအနေ အရပ်ရပ်ကို သင့်တင့်စွာ နှလုံးသွင်းနိုင်ခြင်းသည် လူ၏ ကျန်းမာ ရေးကို များစွာသက်သာစေမည့် သော့ချက်တစ်ခုဖြစ်ပါသည်။ စိတ်နှလုံးအေးချမ်းစွာ ထားနိုင်ခြင်းသည်ကား စိတ်ပူပန်မှုကို ငြိမ်းစေမည်သာ။

 

 

သင့်တင့်စွာ နှလုံးသွင်းနိုင်ရေးအတွက် မပေါ့လျော့သော သတိဖြင့်နေထိုင်ခြင်း၊ စည်းကမ်းစည်းမျဉ်းများကို လိုက်နာ နေထိုင်ခြင်း၊ ဝန်းကျင်အသိုင်းအဝိုင်းမှ သတင်းများကို ဆန်းစစ်လက်ခံခြင်း၊ သတင်းများကို ကိုယ်တိုင်နှလုံးသွင်းရာ ဖြန့်ဝေရာတွင် နာသူလည်းအကျိုးမရှိ၊ ပြောသူလည်းအကျိုးမရှိ သည့် စိတ်ညှိုးနွမ်းစေသည်တို့ကို အမှန်လိုအပ်သည့် အခါမျိုးမှ အပ မျှဝေခြင်းမပြုခြင်းတို့က အရေးကြီးပါသည်။

ထိုနည်းတူပင် သူတစ်ပါးကို လွယ်လင့်တကူ အပြစ်ဖို့ခြင်းကို အထူးသတိထား ရှောင်ကြဉ်ကြခြင်း၊ လိုအပ်နေသူများ၊ ရောဂါပိုး ရှိသည်ဟု သိထားရသူများနှင့် မိသားစုဝင်များကို ကူညီနိုင်မည့် နည်းလမ်းရှာဖွေကာ တတ်နိုင်သမျှ ကူညီခြင်း၊ လောကလူ့ပြည် တွင် ရံဖန်ရံခါ၌ မည်သို့မျှ ရှောင်လွှဲ၍မရဘဲ ဖြစ်တတ် ကြုံတွေ့ရ တတ်သော သဘာ၀တရားအတိုင်း ကြုံရတွေ့ရသည်ကို လက်ခံ နားလည်တတ်အောင် ကြိုးစားခြင်းတို့သည်လည်း စိတ်ပူပန်မှုကို ကုစားနိုင်ပါမည်။ ထို့ပြင် ကိုဗစ်ရောဂါပိုးကာကွယ်ရေး အခြေခံ နည်းလမ်းများဖြစ်သည့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ လက်ကို ရေ ဆပ်ပြာတို့ဖြင့် စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ အိမ်တွင်းတွင်သာ အတတ်နိုင်ဆုံး နေထိုင်ခြင်း၊ မဖြစ်မနေထွက်ရ မည်ဆိုလျှင်လည်း မျက်နှာဖုံး နှာခေါင်းစည်းတပ်ဆင်ခြင်း စသည်တို့ကို လိုက်နာရင်း ရောဂါပိုးကို ကြောက်ရွံ့နေခြင်းကို လျှော့ချရန်လည်း လိုအပ်ပါသည်။

 

 

ဘယ်အရာမှ မတည်မြဲဟူသည့် လောကဓမ္မတာကို နားလည် ပြီးသည့်နောက် ယခုကဲ့သို့သော စိုးရိမ်ပူပန်နေရသည့် ကာလ သည်လည်း ကျော်လွန်သွားမည်သာဖြစ်သည်ဟု နှလုံးသွင်းကာ မိမိတို့ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို လိုက်နာကြခြင်းဖြင့် ကပ်ရောဂါဘေးက ကင်းဝေးကာ အေးချမ်း သာယာရှိကြပါစေကြောင်း သီတင်းကျွတ် မင်္ဂလာအခါသမယတွင် ဆုမွန်တောင်းအပ်ပါသည်။ ။