
ရန်ကုန် ဧပြီ ၃၀
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ် ကစားသမား ၁၆ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်း အကြိုပြင်ဆင်မှုအဖြစ် ဧပြီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပသည့်ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် ထိုင်းနိုင်ငံ၌ ဆက်လက်နေထိုင်လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ဧပြီ ၂၉ ရက်တွင် ထိုင်းအမျိုးသမီး ဖူဆယ်ကလပ်အသင်းနှင့် ခြေစမ်း ပြီးနောက် အပြီးသတ်ကစားသမားများ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားသည့် ကစားသမား ၂၂ ဦးမှ ခြောက်ဦးလျှော့ချကာ ၁၆ ဦး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်း အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်း နုတ်ထွက်သွားသဖြင့် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်နှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကို မေ ၁၅ ရက်မှ ၁၉ ရက်အထိ ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းတွင် အဖွဲ့ ခေါင်းဆောင် – ဦးနိုင်သောင်းထိုက်၊ နည်းပြချုပ် – ဦးတင်မောင်ဌေး၊ လက်ထောက်နည်းပြ – ဦးဇော်ရဲမောင်၊ ဂိုးနည်းပြ – ဦးဟန်မင်းထွဋ်၊ အသင်းအတွင်းရေးမှူး- ဒေါ်သီတာကြည်၊ အသင်းဆရာဝန် – ဒေါက်တာ ပွင့်မာလာသော်၊ အကြောကျွမ်းကျင် – ဒေါ်ထက်ထက်ထွန်း
ဂိုးသမားအဖြစ် ခိုင်နှင်းသန့်(ISPE)၊ နွယ်နွယ်စိုး(ဧရာဝတီ)၊ ကစားသမားများအဖြစ် အေးအေးထွေး(YREO)၊ နန်းခမ်းမို(SPED)၊ ဝင်းဝင်းခိုင်( ဖူဆယ်ချစ်သူ)၊ နန့်မေသဇင်(ISPE)၊ ခိုင်သဇင်ဦး(ISPE)၊ ခိုင်ပြည့်လင်း (ISPE)၊ စုပိုပိုကျော်( Shin Lay-2)၊ဝါဝါခိုင်(SPED)၊ ခင်မာလင်း (SPED)၊ ဇင်မိုးပြည့် (ရန်ကုန်)၊မေသက်ပိုင်(ပဲခူး)၊ နှင်းစန္ဒာလှိုင် (သစ္စာအားမာန်)၊ ယမင်းလွင် (သစ္စာအားမာန်)၊ ယွန်းမီမီလွင် (သစ္စာအားမာန်) တို့ ပါဝင်ကြသည်။
ရဲရင့်လွင်