
ရန်ကုန် မေ ၄
(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲကို မေ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသား ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ကို မေ ၆ ရက်မှ ၂၂ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး ဘရူနိုင်းနိုင်ငံမှလွဲ၍ ကျန်အရှေ့တောင်အာရှ ၁၀ နိုင်ငံစလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ ငါးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်သွားမည် ဖြစ်သည်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် လက်ရှိချန်ပီယံနှင့် အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ် ပိုင်၊ တီမော၊ အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ အုပ်စုအနေအထားအရ မြန်မာအသင်း သည် တီမော၊ ဖိလစ်ပိုင်တို့နှင့် ပွဲများ တွင် ရမှတ်အပြည့် ရယူထားနိုင်ရန် လိုအပ်ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့် ပွဲများမှာ ဆီမီးဖိုင်နယ် တက်ရောက်ရေး အတွက် အဆုံးအဖြတ်ဖြစ်လာနိုင် သည်။ အုပ်စုပွဲစဉ်များကို မေ ၆ ရက်မှ ၁၆ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ်အသင်း ပါဝင်သော အုပ်စု (က) ပွဲစဉ်များနှင့် စတင်မည်ဖြစ် သည်။ ပြိုင်ပွဲပထမနေ့အဖြစ် မေ ၆ ရက်တွင် ဖိလစ်ပိုင်နှင့် တီမောအသင်း၊ ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ မြန်မာအသင်းသည် အုပ်စုပထမ ပွဲကို မေ ၈ ရက်မှသာ ကစားရမည်ဖြစ်ပြီး မေ ၈ ရက်တွင် တီမောအသင်း၊ မေ ၁၀ ရက်တွင် ဖိလစ်ပိုင်အသင်း၊ မေ ၁၃ ရက်တွင် ဗီယက်နမ်အသင်း၊ မေ ၁၅ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ကို ယူ-၂၂ အဖြစ် သတ်မှတ်ထားသော် လည်း အသက်ကျော် ကစားသမား သုံးဦး အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။ မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် အပြီးသတ် လူစာရင်း ကို မေ ၅ ရက်တွင် ထုတ်ပြန်မည်ဖြစ် သည်။
ရဲရင့်လွင်