
ဆောင်းပါး
=====
ရှေ့နေနှင့် ဥပဒေမူကြမ်းရေးဆွဲရေး
===================
ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့်ဥပဒေမူကြမ်းရေးဆွဲရေးပါတဲ့ ”
“ဘာကိုရေးချင်တာပါလဲဆရာ”
“ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ဝေတဲ့ ဥပဒေ မူကြမ်းရေးဆွဲရေးလမ်းညွှန် (Legislative Drafting Guidance) စာအုပ်အကြောင်း တင်ပြရေးသားချင်တာပါ”
“ဥပဒေရေးဆွဲရေးကို စိတ်ဝင်စားသူတိုင်း သိရှိသင့် ပါတယ် ဆရာ ”
“ဒါဖြင့် .. ဖတ်ကြည့်ကြစို့ ”
မာတိကာ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက “ ဥပဒေ ရေးဆွဲခြင်းသည် အသိပညာ၊ အတတ်ပညာ နှံ့စပ် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံကြွယ်ဝမှုအပေါ် များစွာ အခြေခံရသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း၊ ကောင်းမွန်မျှတသော ဥပဒေများဖြစ်စေရန်နှင့် ရေးထုံး ရေးနည်း မှန်ကန်စွာရေးဆွဲနိုင်ရေးအတွက် ဤလမ်းညွှန် စာအုပ်က အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း” အမှာစာနှင့်အတူ နိဒါန်း၊ အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)၊ အပိုင်း(၄)နှင့် အပိုင်း(၅) တို့ကို ဖော်ပြထားသည်။ ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်စာအုပ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသည်။
အပိုင်း(၁)
ဥပဒေမူကြမ်းများရေးဆွဲရာတွင် အဓိကအခြေခံရမည့် အချက်များအကြောင်း ဖော်ပြထားသည်။
အပိုင်း(၂)
ဥပဒေမူကြမ်း ရေးထုံးရေးနည်းများနှင့် လက်တွေ့ ရေးဆွဲခြင်း အကြောင်း ဖော်ပြထားပြီး အခန်းပေါင်း(၂၀)ပါရှိသည်။
အပိုင်း(၃)
ပြင်ဆင်သည့် ဥပဒေရေးဆွဲနည်းအကြောင်း ဖော်ပြ ထားပြီး အခန်း(၄) ခန်း ဖော်ပြပါရှိသည်။
အပိုင်း(၄)
ဥပဒေကို ရုပ်သိမ်းခြင်းအကြောင်း ဖော်ပြထားသည်။ အခန်းပေါင်း (၅)ခန်း ပါဝင်သည်။
အပိုင်း(၅)
တစ်ဆင့်ခံဥပဒေများ ရေးဆွဲနည်းအကြောင်း ဖော်ပြ ထားသည်။ အခန်းပေါင်း(၅)ခန်း ဖော်ပြပါရှိသည်။
ဥပဒေမူကြမ်းရေးထုံးရေးနည်းများနှင့် လက်တွေ့ရေးဆွဲခြင်း
ဤအပိုင်းတွင်-
ဥပဒေမူကြမ်းရေးဆွဲရာတွင်အခြေခံရမည့် ရေးထုံးရေး နည်းများ၊ ဥပဒေမူကြမ်းတွင် အပိုင်းနှင့်အခန်းများ ခေါင်းစဉ်ခွဲများ၊ ဘေးခေါင်းစဉ်များခွဲခြားခြင်း၊ စာသား၊ ဝေါဟာရ၊ ဝါကျနှင့်သဒ္ဒါ အသုံးအနှုန်းရှင်းလင်းပြီး မှန်ကန် ရန်လိုအပ်ခြင်း၊ မာတိကာရေးသားခြင်း၊ ဥပဒေခေါင်းစည်း၊ ဥပဒေမူကြမ်းတွင် အပိုင်းနှင့် အခန်းများခွဲခြားခြင်း၊ ဥပဒေ အမည်၊ ဥပဒေစတင်အာဏာတည်သည့်နေ့ရက် သက်ဆိုင် ခြင်းနှင့်စီရင်ပိုင်ခွင့်၊ အဓိပ္ပာယ်ဖော်ပြချက်များ၊ ရည်ရွယ် ချက်များ၊ ကော်မတီနှင့် ကော်မရှင်စသည့် ဗဟိုအဆင့် အဖွဲ့အစည်းဖွဲ့စည်းခြင်းနှင့် တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းကော်မတီများ ဒေသဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ လုပ်ငန်းလိုင်စင်၊ ခွင့်ပြုမိန့်၊ မှတ်ပုံတင်ခြင်း စသည့်လုပ်ငန်းလုပ်ကိုင်ခွင့်ပြု ခြင်း၊ စီမံခန့်ခွဲရေးအမိန့် သို့မဟုတ် ပြစ်ဒဏ်၊ အယူခံခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ် သို့မဟုတ် တားမြစ်ချက်နှင့်ပြစ်ဒဏ်၊ ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်း၊ ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ၊ အထွေထွေ၊ နိုင်ငံတော် က လက်ခံထားသော ကွန်ဗင်းရှင်းများနှင့် ဒေသဆိုင်ရာ သဘောတူညီချက်များအရ ဥပဒေများရေးဆွဲခြင်းတို့ ပါဝင်သည်။
ပြင်ဆင်သည့်ဥပဒေရေးဆွဲနည်း
ဤအပိုင်းတွင်-
တည်ဆဲဥပဒေကို ပြင်ဆင်ခြင်း၊ ဥပဒေ၏အမည်ကို ပြင်ဆင်ခြင်း၊ စကားရပ်အများအပြားကို ပြင်ဆင်ခြင်း မပြုဘဲ ပုဒ်မနှင့်ပုဒ်မခွဲတစ်ခုလုံးကိုပြင်ဆင်ခြင်း၊ မူရင်း မြန်မာဘာသာဖြင့် ပြဋ္ဌာန်းထားသော ဥပဒေကို ပြင်ဆင် သည့်ဥပဒေရေးဆွဲနည်း၊ ဥပဒေခေါင်းစည်း၊ ဒုတိယအကြိမ်၊ တတိယအကြိမ် စသည်ဖြင့် ပြင်ဆင်သည့်ဥပဒေအမည်၊ ပုဒ်မနှင့် ပုဒ်မခွဲတို့ကို အစားထိုးခြင်း၊ ပယ်ဖျက်ခြင်းနှင့် ဖြည့်စွက်ခြင်း၊ စကားရပ်များအစားထိုးခြင်း၊ ပုဒ်မ အသစ်၊ ပုဒ်မခွဲအသစ် ဖြည့်စွက်ခြင်းတို့ပါဝင်သည်။ ဥပဒေရုပ်သိမ်း ခြင်းနှင့် တစ်ဆင့်ခံဥပဒေများ ရေးဆွဲနည်းအကြောင်းများ ကိုလည်း လေ့လာဖတ်ရှုနိုင်သေးသည်။
ခက်မသုံးဖြာ
နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခက်မသုံးဖြာဖြစ် သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား ကျင့်သုံး၍ အပြန်အလှန် ထိန်းကျောင်းခြင်းပြုရာတွင် ဥပဒေသည် အဓိကကျသော အခန်းကဏ္ဍ၌ ပါဝင်ပါ ကြောင်း၊ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးရာ၌လည်း ကောင်း၊ တရားစီရင်ရေးအာဏာကို ကျင့်သုံးရာ၌ လည်း ကောင်း၊ ဥပဒေပြုရေးအာဏာပိုင်က ပြဋ္ဌာန်းသော ဥပဒေ နှင့်အညီ ကျင့်သုံးအကောင်အထည်ဖော်ရပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေတစ်ရပ်သည် ဥပဒေပုံစံကျနေခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရန်လွယ်ကူခြင်း၊ ဥပဒေကို ကျင့်သုံးသော အဖွဲ့အစည်းများနှင့် ဥပဒေကို လိုက်နာရသူများအားလုံး လွယ်ကူစွာနားလည်သဘော ပေါက်ခြင်း၊ ခုခံချေပခွင့်၊ အယူခံခွင့်ရှိခြင်းနှင့် တရားမျှတ သောပြစ်မှုပြစ်ဒဏ်ပါဝင်ခြင်းဆိုသည့် အင်္ဂါရပ်များနှင့် ပြည်စုံရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ပြဋ္ဌာန်းသောဥပဒေ အရ ထုတ်ပြန်သည့်နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည်လည်း ဥပဒေကိုကျော်လွန်ခြင်း၊ ဆန့်ကျင်ခြင်း၊ ပဋိပက္ခဖြစ်ခြင်း မရှိစေရန် လိုအပ်ပါကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
ဥပဒေမူကြမ်းရေးဆွဲရာတွင် အဓိကအခြေခံရမည့်အချက်များ
ဥပဒေမူကြမ်းများကို ရေးဆွဲရာတွင်-
(က) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ် ရမည်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)ပါ နိုင်ငံတော်၏အခြေခံမူများနှင့် ကိုက်ညီရမည်ဖြစ်သည်။
(ခ) ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)ပါ နိုင်ငံ သား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုင်ရာ ပြဋ္ဌာန်းချက်များကို တိကျစွာ လိုက်နာရမည်။
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်ဆိုင်ရာ ဇယား ၁၊ ဇယား ၂ နှင့် ဇယား ၃ တို့ပါ ဥပဒေပြုစာရင်း အရ ပြဋ္ဌာန်းပိုင်ခွင့်များကို ခွဲခြား၍ ဥပဒေများ စိစစ်ရေးဆွဲရမည်။
(ဃ) တည်ဆဲဥပဒေများနှင့် ဆန့်ကျင်ခြင်း ရှိ၊ မရှိ စိစစ် ရမည်။ အကယ်၍ ဆန့်ကျင်ပါက နောက်ကျ သည့် ဥပဒေသည် ရှေးဦးကျသောဥပဒေကို လွှမ်းမိုးမည်ဖြစ်၍ ထိုသို့ လွှမ်းမိုးရန် ဥပဒေ အသစ်၏ အနှစ်သာရနှင့် ရည်ရွယ်ချက်ရှိရမည်။
( င) နိုင်ငံတော်က လက်ရှိချမှတ်သော မူဝါဒများ၊ ဦးတည်ချက်များနှင့် ညီညွတ်ရမည်။
( စ) ရေးဆွဲပြဋ္ဌာန်းရန် မူဝါဒချမှတ်ထားသည့် ဥပဒေ ၏ အနှစ်သာရနှင့် ရည်ရွယ်ချက် ပေါ်လွင်စေရ မည်။
(ဆ) နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွား ကို ဖြစ်ထွန်းစေရမည့်အပြင် ကာကွယ် စောင့်ရှောက်နိုင်ရမည်။ ထို့ပြင် အများပြည်သူက လက်ခံနိုင်သည့် ဥပဒေမျိုးလည်း ဖြစ်ရန်လို သည်။
(ဇ) ဥပဒေပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သော ဌာန၊ အဖွဲ့အစည်းများ၊ ယန္တရားများနှင့် လုပ်ငန်း တာဝန်များ ဖော်ပြပါရှိရမည်။
(စျ) နိုင်ငံတော် တည်တံ့ခိုင်မြဲရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြု ထိပါးစေမည့်အချက်များ ပါဝင်ခြင်း မရှိစေရန် သတိပြုရမည်။
(ည) နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် လိုက် လျောညီထွေမှု ရှိရမည်။
( ဋ) အများပြည်သူ၏လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်စေနိုင်ခြင်းမရှိရန် သတိပြုရမည်။
( ဌ) နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိခိုက်စေမည့်အချက်များကို ရှောင် ရှားရမည်။
( ဍ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက် ပျက်ပြားစေမည့် အသုံးအနှုန်းများ ပါဝင်ခြင်းမရှိ စေရန် ဂရုပြုရမည်။
( ဎ) တိုင်းရင်းသားလူမျိုးစုအလိုက် အခြေတည် ခိုင်မာလျက်ရှိသော ဘာသာဓလေ့ထုံးတမ်း ဥပဒေများနှင့် ရိုးရာဓလေ့ထုံးစံများကို ထိခိုက်စေ နိုင်ခြင်းမရှိစေရန် အလေးဂရုပြုရမည်။
(ဏ) ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုတို့ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုတို့ဖြစ်စေ၊ ဝန်ကြီးဌာနတစ်ခုနှင့် တစ်ခုတို့ဖြစ်စေ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုနှင့် တစ်ခု တို့ ဖြစ်စေ၊ ယင်းအဖွဲ့အစည်းများအကြားတွင် လုပ်ပိုင်ခွင့်များ ရောထွေးစေသောဖော်ပြချက် များနှင့် ဆန့်ကျင်နေမှုများကို ဖယ်ရှားရမည်။
(တ) နိုင်ငံတော်က လက်ခံထားသော အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် ဒေသဆိုင်ရာ သဘောတူစာချုပ်များပါ တာဝန်အရ ရေးဆွဲ သော ဥပဒေမူကြမ်းဖြစ်ပါက သဘောတူလက်ခံ ထားသောအချက်များနှင့် လိုက်လျောညီထွေမှု ရှိစေရမည့်အပြင် နိုင်ငံတော်၏အချုပ်အခြာ အာဏာကို ထိပါးစေခြင်းမရှိစေရန် ဂရုပြုရမည်။ ထို့ပြင် နိုင်ငံတော်က လက်ခံစဉ် ခြွင်းချက်ပြုထားသောအချက်များနှင့် ကြေညာထားသော အချက်များရှိပါက ယင်းတို့ကိုလည်း အလေး ထားရမည်။
(ထ) ခေတ်စနစ်၊ အုပ်ချုပ်ရေးစနစ် ပြောင်းလဲသွား သော်လည်း ပြောင်းလဲလာသည့် စနစ်နှင့်အညီ ကျင့်သုံးအကောင်အထည်ဖော်နိုင်ရန် ဖြစ်နိုင် သမျှ ရည်ရွယ်၍ ရေးဆွဲရမည်။ ဆိုလိုသည်မှာ ပြဋ္ဌာန်းထားသည့်ဥပဒေကို နှစ်ကာလ တာရှည် စွာ ကျင့်သုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင် ရန် ရည်ရွယ်ရခြင်းဖြစ်သည်။
( ဒ) ဥပဒေမူကြမ်းရေးဆွဲသူတစ်ဦးသည် အတွေ့ အကြုံမည်မျှပင်ရှိစေကာမူ ထိုသူတစ်ဦးတည်း ၏ တွေးခေါ်စဉ်းစား စိစစ်ရေးဆွဲရုံမျှဖြင့် မည်သည့်အခါမျှ ပြည့်စုံနိုင်မည်မဟုတ်သဖြင့် ဥပဒေမူကြမ်းရေးဆွဲသူအစုအဖွဲ့ဖြင့် အခြေ အတင် ငြင်းခုံ၊ ဆွေးနွေး၊ ညှိနှိုင်းရေးဆွဲမှသာလျှင် အတော်အသင့်ပြည်စုံသည့် ဥပဒေမူကြမ်း တစ်ရပ်ဖြစ်သည်ကို သိနားလည်ထားရန် လိုအပ် ပါသည်။
အင်္ဂလိပ်ဘာသာ
ထို့ပြင် အင်္ဂလိပ်ဘာသာအားဖြင့် (LEGISLATIVE DRAFTING GUIDANCE ) အကြောင်းကို ပူးတွဲပုံနှိပ်ဖော်ပြ ထားသဖြင့် အင်္ဂလိပ်ဘာသာဖြင့်ပါ လေ့လာဖတ်ရှုနိုင် မည်ဖြစ်ပါသည်။
နိဂုံး
ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် ဥပဒေရေးဆွဲရေး တာဝန်ကို (တစ်ချိန်တစ်ခါက) ထမ်းဆောင်ခွင့်ရခဲ့သည့် ကျေးဇူးတရားများကို ကျွန်တော်အောက်မေ့တမ်းတလျက် ယနေ့ချိန်ခါတွင် ဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းများ ပို့သလိုက်ပါသည်။ ။
m
- Log in to post comments