ချယ်ဆီးကို အနိုင်ယူပြီး အက်ဖ်အေဖလားကို လီဗာပူး ရှစ်ကြိမ်မြောက် ဆွတ်ခူး

 

အက်ဖ်အေဖလား   ဗိုလ်လုပွဲစဉ် အဖြစ် ချယ်ဆီးအသင်းနှင့် လီဗာပူး အသင်းတို့ပွဲစဉ်ကို  မေ ၁၄ ရက် ညပိုင်းက         ဝင်ဘလေကွင်း၌ အကြိတ်အနယ်  ယှဉ်ပြိုင်ကစားခဲ့ ရာ လီဗာပူးအသင်းက ပယ်နယ်တီ အဆုံးအဖြတ်တွင်    အနိုင်ရရှိပြီး အက်ဖ်အေဖလားကို    အသင်း သမိုင်းတစ်လျှောက်    ရှစ်ကြိမ် မြောက် ဆွတ်ခူးနိုင်ခဲ့သည်။ 

 


ကလော့ပ်၏ လီဗာပူးအသင်း သည် ဖေဖော်ဝါရီလတွင် ယှဉ်ပြိုင် ကစားခဲ့သည့်  ကာရာဘောင်ဖလား  ဗိုလ်လုပွဲတွင် ချယ်ဆီးအသင်းကို   ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သလို ယခုအကြိမ်တွေ့ဆုံ သည့်     အက်ဖ်အေဖလားဗိုလ်လုပွဲတွင်လည်း ချယ်ဆီးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခု  ပွဲစဉ်တွင်  မိနစ် ၉၀ ပြည့်သည်အထိ အနိုင်အရှုံးအဖြေမပေါ်ခဲ့သလို   အချိန်ပို   မိနစ်  ၃၀ တွင်လည်း အနိုင်အရှုံး အဖြေမပေါ်ခဲ့သည့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး လီဗာပူးအသင်းက ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 

 


ယခုပွဲစဉ်တွင်  လီဗာပူးအသင်းမှ  အားထားရသည့် တိုက်စစ်မှူး ဆာလာသည်  ၃၃ မိနစ်တွင်   ဒဏ်ရာရရှိခဲ့သောကြောင့်  ဂျိုတာဖြင့် လူစားလဲခဲ့ရသည်။ ထို့အပြင် ချယ်ဆီးအသင်းသည် အသင်းမှ အားထား ရသည့် တိုက်စစ်မှူး လူကာကူကို ပွဲချိန် ၈၅ မိနစ်တွင် အနားပေးခဲ့ပြီး ဇီယက်ချ်ကို ထည့်သွင်းအသုံးပြုခဲ့သည်။

 


လီဗာပူးအသင်းသည် အက်ဖ်အေဖလားကို  ၁၉၆၅ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၈၆ ခုနှစ်၊ ၁၉၈၉ ခုနှစ်၊ ၁၉၉၂ ခုနှစ်၊ ၂၀၀၁ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တို့တွင် ခုနစ်ကြိမ်  ဆွတ်ခူးထားပြီး   ယခုအကြိမ်  ရှစ်ကြိမ်မြောက်    အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခြင်းသည် ၁၆ နှစ်ကြာမှ တစ်ကျော့ပြန် ဆွတ်ခူးနိုင်ခြင်းဖြစ်သည်။            
                                  

အောင်ဇော်