
ဒေါက်တာ သန်းဦး
“ပူဇော်ထိုက်သူတို့ကို၊ ပူဇော်ခြင်း
ချီးမြှင့်ထိုက်သူတို့ကို၊ ချီးမြှင့်ခြင်းသည်
မင်္ဂလာ တစ်ပါးဖြစ်ပါသည်။” မင်္ဂလသုတ်
ဂုဏ်ထူးဆောင်ဘွဲ့
ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် “ဂုဏ်ပြုထိုက်သူ တို့အား ဂုဏ်ပြုခြင်း” ဟူသော မွန်မြတ်သည့် အစဉ် အလာကောင်းတစ်ရပ်ရှိပေရာ ထိုအစဉ်အလာကောင်း နှင့်အညီ ထူးခြားထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်ကျော် များအား ထိုက်ထိုက်တန်တန် “ဂုဏ်ထူးဆောင်ဘွဲ့များ” ကို ပေးအပ်ချီးမြှင့်ခြင်း ပြုကြလေ့ရှိပါသည်။
မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်ကြီးသည်လည်း ထို့အတူ “ဂုဏ်ပြုထိုက်သူ၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်” များအား ရန်ကုန်တက္ကသိုလ်စတင်တည်ထောင်သည့်ကာလမှစ၍ နှစ်တစ်ရာကာလအတွင်း ထိုက်ထိုက် တန်တန် “ဂုဏ်ထူးဆောင်ဘွဲ့များ” ကို ဆက်ကပ်ခြင်း (ရဟန်းပုဂ္ဂိုလ်)၊ ပေးအပ်ချီးမြှင့်ခြင်း (လူပုဂ္ဂိုလ်) တို့ကို မွန်မြတ်သည့် အစဉ်အလာကောင်းတစ်ရပ်အဖြစ် ဆောင်ရွက်ဖြစ်ခဲ့သည်ကို ကောင်းစွာ လေ့လာတွေ့ရှိ မှတ်သားထားမိပါသည်။
မြန်မာနိုင်ငံရန်ကုန်တက္ကသိုလ်ကြီးသည် “တိုင်းကျိုး၊ ပြည်ပြု၊ ဆောင်ရွက်မှု” တွင် ထူးခြား၊ ထက်မြက်၊ ထူးချွန်၊ ပြောင်မြောက်ကြသော ရဟန်းပုဂ္ဂိုလ်ကျော်၊ လူပုဂ္ဂိုလ် ကျော်များအား ရွေးချယ်၍ ထိုက်လျောက်စွာ ဆက်ကပ် ခြင်း၊ ပေးအပ်ချီးမြှင့်ခြင်းတည်းဟူသော ကောင်းမြတ် သည့် “မင်္ဂလာ” တစ်ပါးကိုလည်း ဆောင်ရွက်ဖြစ်ခဲ့ ကြောင်း လေ့လာမှတ်သားထားပါသည်။
ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်ကျော်(ထင်ရှားကျော်ကြားသူ) ဟူသည် သက်ဆိုင်ရာ ပညာရပ်ဘာသာ ရပ်၌သော်လည်းကောင်း သင်ကြား သင်ယူရေး၊ သုတေ သနပြုရေး၊ စီမံခန့်ခွဲရေးစသည့် ကိစ္စရပ်များ၌ သော်လည်းကောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး (ယဉ်ကျေး မှု) စသည်တို့၌သော်လည်းကောင်း စွမ်းစွမ်း တမံ ထမ်းဆောင်ရွက်ခဲ့သူဟု ဆိုလိုရင်းဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်မျိုးတွင် ရံဖန်ရံခါ ပြည်ပမှလာရောက်ကြသော (ချစ်ကြည်ရေး) နိုင်ငံခေါင်းဆောင်များလည်း ပါဝင်နိုင် ပါသည်။ ထိုသူတို့အား ချီးမြှင့်ခြင်းသည် ထိုပုဂ္ဂိုလ်တို့၏ အရည်အသွေးကို ကောင်းစွာ အသိအမှတ်ပြုရာလည်း ရောက်ပါသည်။ ပူဇော်ချီးမြှင့်ထိုက်သူကို ပူဇော်ချီးမြှင့် ရာလည်း ရောက်သောကြောင့် မင်္ဂလာ ရှိပါသည်။
ထိုကဲ့သို့အသိအမှတ်ပြုခြင်း၊ ပူဇော်ခြင်း၊ ပေးအပ် ခြင်း၊ ချီးမြှင့်ခြင်းအမှုတို့ကိုပြုရာ၌ တက္ကသိုလ်အနေဖြင့် “ဂုဏ်ထူးဆောင်ဘွဲ့” ထိုက်လျောက်စွာပေးခြင်းထက် သာလွန် ကောင်းမွန်သော ချီးမြှင့်ဂုဏ်ပြုမှု မရှိနိုင်ပေ။
တက္ကသိုလ်ဟူသည် အဆင့်မြင့်ပညာရပ်များကို လေ့လာဆည်းပူးရာ၊ ပညာဖြန့်ဖြူးရာ၊ သုတေသနပြုရာ ဌာန တစ်နည်းအားဖြင့် “ပညာ” တည်းဟူသော မီးရှူး တန်ဆောင် ထွန်းပြောင်ရာဌာန၊ နိုင်ငံတော်၏ ပညာ ဂုဏ်ဆောင်ရာဌာန ဖြစ်သည့်အလျောက် ရွှေပေးရန် လည်း မသင့်၊ ငွေပေးရန်လည်းမကောင်း၊ ဂုဏ်ထူး ဆောင်ဘွဲ့ ဆက်ကပ်ပေးအပ် ချီးမြှင့်သည်သာ အဆီအလျော်ဆုံး (ဆီလျော်အပ်စပ်) သင့်မြတ်ဆုံး ဖြစ်ပါသည်။
ထိုသို့ ဆက်ကပ်၊ ပေးအပ်၊ ချီးမြှင့်ခြင်းဖြင့် ဆက်ကပ် ပေးအပ်ချီးမြှင့်သော တက္ကသိုလ်သည်လည်း တင့်တယ်၊ အချီးမြှင့်ခံပုဂ္ဂိုလ်အဖို့လည်း ကျက်သရေတိုးပွား၊ မြင်ရ၊ ကြားရသူအပေါင်း(နိုင်ငံသားများအပေါင်း)တို့အဖို့လည်း ဝမ်းမြောက် ဝမ်းသာ မုဒိတာ အမှန်ပင် ဖြစ်ကြရပါသည်။
ဥပဒေပြဋ္ဌာန်းချက်
၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေပုဒ်မ ၂၇ တွင် “ပညာရေးကိစ္စအတွက် တာဝန်ထမ်းဆောင်ရာ တွင် ထင်ရှားကျော်ဇောသောပုဂ္ဂိုလ်များအား သို့တည်း မဟုတ် ထူးကဲသောရာထူး ဌာနန္တရ သို့တည်းမဟုတ် စွမ်းရည်တို့ကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ ရသင့်ရထိုက် သောပုဂ္ဂိုလ်အား အဓိပတိသည် ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းနိုင်သည်” ဟူ၍ အတိအလင်းပြဋ္ဌာန်း ချက်ပါရှိထားပါသည်။
ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းချီးမြှင့်ခြင်း
ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ အပိုင်းနှစ်ပိုင်းခွဲ၍ ဆွေးနွေး တင်ပြပါမည်-
(က) ပထမပိုင်း မှာ ဂုဏ်ထူးဆောင်ဘွဲ့စတင်အပ်နှင်း သည့် ၁၉၂၁ ခုနှစ်မှအစပြု၍ ရန်ကုန်တက္ကသိုလ်ဥပဒေကို နိုင်ငံတော် တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်တွင် ရုပ်သိမ်းခြင်းခံရသည်။ ၁၉၆၂ ခုနှစ်အထိ နှစ်ပေါင်း လေးဆယ်ကျော်ကာလအတွင်း ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖော်ပြသွားပါမည်။
(ခ) ဒုတိယပိုင်း မှာ အဆိုပါ ၁၉၆၂ ခုနှစ်မှ နှစ်တစ်ရာ ပြည့် ၂၀၂၀ ပြည့်အထိ နှစ်ပေါင်း ငါးဆယ့်ရှစ်နှစ်ကာလ အတွင်း ဂုဏ်ထူးဆောင်ဘွဲ့များ ဆက်လက်အပ်နှင်းချီးမြှင့် ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဖော်ပြသွားပါမည်။
ပထမပိုင်းကာလ (၁၉၂၁ မှ ၁၉၆၁ အထိ)
၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးဘွဲ့နှင်းသဘင်တွင် အဂ္ဂ မဟာပဏ္ဍိတဘွဲ့ရ လယ်တီဆရာတော် ဦးဉာဏ ရဟန်း ပုဂ္ဂိုလ်အား ဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့ (Doctor of Letters) ဒီလစ်ဘွဲ့ကို ဆက်ကပ်ချီးမြှင့်ပါသည်။ ထိုဘွဲ့နှင်း သဘင်တွင်ပင် လူပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အရှေ့တိုင်းပညာ ရပ်များ ပါမောက္ခ နောင်တွင် ရှေးဟောင်းဌာနညွှန်ကြားရေးဝန်ဖြစ်လာသည့် ချားလ်စ်ဒူရိုင်ဇယ်လ် (Chas Duroiselle) အား ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာ (M.A) ဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ (ရဟန်းပုဂ္ဂိုလ်ကျော်တစ်ဦးနှင့် လူပုဂ္ဂိုလ်ကျော်တစ်ဦး)။ ထိုနှစ်ဦးကို ရန်ကုန်တက္ကသိုလ်က ပွဲဦးထွက် ပထမဆုံးအကြိမ် ဂုဏ်ထူးဆောင်ဘွဲ့များ (ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့နှင့် ဂုဏ်ထူးဆောင်မဟာ ဝိဇ္ဇာဘွဲ့) တို့ကို ထိုက်ထိုက်တန်တန် ဆက်ကပ်ပေးအပ် ချီးမြှင့်လိုက်ခြင်းဖြစ်၍ များစွာ နှစ်ထောင်းအားရ ဝမ်းမြောက် ဝမ်းသာ မုဒိတာဖြစ်ခဲ့ကြရပါသည်။
၁၉၂၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဥပဒေပြုကောင်စီသို့ တာဝန်ယူ တင်သွင်းခဲ့သူ ပညာမင်းကြီး (Director of Public Instruction) (D.P.I) ဆာမာစ်ဟန်တာ (Sir Mark Hunter) အား (ဝိဇ္ဇာပညာရှင်ဖြစ်သည်နှင့်အညီ) ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့(ဒီလစ်ဘွဲ့)ကိုလည်းကောင်း၊ ထိုစဉ်က ပထမဦးဆုံး ယူနီဗာစတီကောလိပ်ကျောင်းအုပ် ကြီးဖြစ်သူ မက်သျူးဟန်တာ (Mathew Hunter) (သိပ္ပံ ပညာရှင်ဖြစ်သည်နှင့်အညီ) ဂုဏ်ထူးဆောင်ဒီအက်စ်စီ (Doctor of Science) ဘွဲ့ကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ ပါသည်။ (ထိုစဉ်ကာလက ပညာမင်းကြီး Hunter နှင့် တက္ကသိုလ်ကျောင်းအုပ်ကြီး Hunter နှစ်ဦးရှိပါသည်။) ထိုနှစ်ဦးစလုံးကို ရန်ကုန်တက္ကသိုလ်၏ အကျိုးပြုပုဂ္ဂိုလ် နှစ်ဦးအဖြစ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ပါသည်။
၁၉၂၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ အဓိပတိ ဖြစ်ခဲ့သည့် ဆာရယ်ဂျီနယ် ဟင်နရီခရက်ဒေါက်အား ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ (Doctor of Laws) (အယ်လ် အယ်လ်ဒီ) ကို ပေးအပ်ချီးမြှင့်သည်။ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းပညာရပ်များဆိုင်ရာ ကောလိပ်မှ မဟာဌာနမှူး ချားလ်စ်အော်တိုဘလဒင်အား ဂုဏ်ထူးဆောင် စာပေပါရဂူ ဘွဲ့(ဒီလစ်) ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများအရ သိရှိမှတ်သားရပါသည်။
၁၉၂၅ ခုနှစ်တွင် တရားသူကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်သူ ဦးမြင့်သိန်း၏ ကိုယ်ရေး မှတ်တမ်းအရ ရန်ကုန် တက္ကသိုလ်က ဂုဏ်ထူးဆောင်ဥပဒေဝိဇ္ဇာဘွဲ့ (Bachelor of Laws) ကို ချီးမြှင့်ခံရသည်ဟု ဖော်ပြ ထားကြောင်း တွေ့ရှိသည်။ ဤမှတ်တမ်းအရ ဂုဏ်ထူး ဆောင် ဥပဒေဝိဇ္ဇာဘွဲ့ကိုလည်း ရန်ကုန်တက္ကသိုလ်က ချီးမြှင့်ခဲ့ကြောင်း သိရှိမှတ်သားရပါသည်။
၁၉၂၇ ခုနှစ် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ထူးထူးခြားခြားဆောင်ရွက်မှုများရှိခဲ့သည်ကို တွေ့ရှိရပါ သည်။ ဂုဏ်ထူးဆောင်ဘွဲ့များကို လူပုဂ္ဂိုလ် လေးဦးအား ချီးမြှင့်ခြင်း ဖြစ်ပါသည်။ ပထမပုဂ္ဂိုလ်မှာ ရန်ကုန် တက္ကသိုလ်၏ ဒုတိယအဓိပတိဖြစ်သူ ဆာရောဘတ် ဆစ်ဒနီဂျိုင်းလ်စ် (Sir Robert Sidney Giles) ဖြစ်ပါ သည်။ ဒုတိယပုဂ္ဂိုလ်မှာ ဘီအိုစီရေနံကုမ္ပဏီ ဒါရိုက်တာ ဆာဂျွန်ကာဂင်လ် (Sir John Cargill) ဖြစ်ပါသည်။ ထိုသူက ဘီအိုစီအင်ဂျင်နီယာကောလိပ် အဆောက်အအုံ ကို ဆောက်လုပ်ရန် ငွေစတာလင်ပေါင် တစ်သိန်းလှူပါ သည်။ တတိယပုဂ္ဂိုလ်မှာ ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်ဆောက်လုပ်ရန် ငွေကျပ်နှစ်သိန်း အလှူရှင် ရာဂျာရာမာနာသာရက်ဒီယာ (Raja Ramanatha Reddiar) ဖြစ်ပါသည်။ စတုတ္ထပုဂ္ဂိုလ်မှာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံနှင့် ရန်ကုန် တက္ကသိုလ်လှေလှော် အသင်းတိုက်ဆောက်လုပ်ရန် ကျပ်နှစ်သိန်း အလှူရှင် မြေပိုင်ရှင် ဦးညို ဖြစ်ပါသည်။
ထိုပုဂ္ဂိုလ်လေးဦးအား ဂုဏ်ထူးဆောင်ဥပဒေပါရဂူ ဘွဲ့ အယ်လ်အယ်လ်ဒီ (Doctor of Laws) ဘွဲ့များကို ပေးအပ်ချီးမြှင့်ခြင်း ပြုပါသည်။ ရန်ကုန်တက္ကသိုလ် အကျိုးပြု အဆောက်အအုံများ ဆောက်လုပ်ရန် ပညာအလှူဒါန ပြုကြသူများအား ထိုက်ထိုက်တန်တန် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း လေ့လာတွေ့ရှိ မှတ်သားမိပါသည်။
၁၉၂၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပသော ဘွဲ့နှင်းသဘင်တွင် ရန်ကုန်တက္ကသိုလ်အဓိပတိအဖြစ် ဆောင်ရွက်ခဲ့သူ ဆာ စပင်ဆာ ဟာကုက်ဘတ္တလာ (Sir Speneer Harcourt Butler) ကို ဂုဏ်ထူးဆောင်ဥပဒေ ပါရဂူဘွဲ့ကို အပ်နှင်းချီးမြှင့်ပါသည်။
၁၉၃၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသော ဘွဲ့နှင်းသဘင်တွင် တက္ကသိုလ် ဒုတိယအဓိပတိဖြစ်ခဲ့သူ ဆာ ဘင်ဂျင်မင် ဟားဗလ်ဘီးလ်အား ဂုဏ်ထူးဆောင် ဥပဒေ ပါရဂူ ဘွဲ့ချီးမြှင့်သည်။
သာသနာပိုင်ဆရာတော် ဦးဝိသုဒ္ဓနှင့် ခရစ်ယာန် ဘုန်းကြီး ရောဘတ်ကာလီဒေးတို့အား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်သည်။ ထို့အပြင် မြန်မာစာ ညွန့်ပေါင်းကျမ်းပြုစုသူ ပညာရှင်ဦးကျော်ဒွန်း၊ အဂ္ဂမဟာ ပဏ္ဍိတ ဦးမောင်ကြီး၊ ပုဂံယဉ်ကျေးမှုပညာရှင် ဦးကင် (ပုဂံ)နှင့် မစ္စစ်လက်စလီမိုင်း (Mrs. Leslie Milne) တို့ကို ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့များ ချီးမြှင့်ကြောင်း လေ့လာ မှတ်သားရပါသည်။ (ဤဘွဲ့နှင်းသဘင်တွင် ချီးမြှင့်ရာ၌ သာသနာပိုင် ရဟန်းပုဂ္ဂိုလ်တစ်ပါးနှင့် ခရစ်ယာန်ဘုန်းကြီးတစ်ပါးတို့အပြင် အမျိုးသမီးတစ်ဦး လည်း ပါဝင်လာကြောင်း တွေ့ရပါသည်။)
၁၉၃၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပ သည့် ဘွဲ့နှင်းသဘင်တွင် ယူနီဘာစီတီကောလိပ် ဓာတု ဗေဒ ကထိက ဦးဘအား ဂုဏ်ထူးဆောင် မဟာသိပ္ပံ (M.Sc) ဘွဲ့ အပ်နှင်းချီးမြှင့်သည်။
၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ သည့် ဘွဲ့နှင်းသဘင်၌ တက္ကသိုလ် ဒုတိယ အဓိပတိ ဦးဆက်အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ပေးအပ် ချီးမြှင့်သည်။ ထို့ပြင် ဂျပ်ဆင်ကောလိပ်ကျောင်းအုပ်ကြီး ခရစ်ယာန် ဘုန်းကြီး ဝေါလစ်စိန့်ဂျွန်အား ဂုဏ်ထူးဆောင် စာပေပါရဂူ ဘွဲ့ပေးအပ်ချီးမြှင့်သည်။ ထိုဘွဲ့နှင်းသဘင် တွင်ပင် မြန်မာစာပေပညာရှင် ဆရာကြီးဦးပွားအား ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာ (M.A) ဘွဲ့ပေးအပ်ချီးမြှင့် ကြောင်းတွေ့ရှိ မှတ်သားရသည်။
ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံသို့ ကူးလောင် လာပါသည်။ စစ်ပြီးကာလ ၁၉၄၅ ခုနှစ် လောက်မှစ၍ ရန်ကုန် တက္ကသိုလ် ပြန်လည်ဖွင့်လှစ်သော်လည်း တက္ကသိုလ် ဘွဲ့နှင်းသဘင်များ မကျင်းပနိုင်သေးပါ။
၁၉၄၇ ခုနှစ် တွင် ဥပဒေမဟာဌာနမှူး ပါမောက္ခ ဒေါက်တာဘဟန်၏ ကိုယ်ရေးမှတ်တမ်းတွင် ၎င်းအား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ (Doctor of Laws) ချီးမြှင့်သည်ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။
၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စစ်ကြီး အပြီးကာလ ပထမဆုံး ပုံမှန်ဘွဲ့နှင်းသဘင်အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ယင်းဘွဲ့ နှင်း သဘင်၌ အင်ဂျင်နီယာမဟာဌာနမှူး ဒေးဗစ်ပဲဒရင်း ဒေးဗီးစ် (David Pen dril-Davies) အား အဝေးရောက် ဂုဏ်ထူးဆောင် မဟာသိပ္ပံ (M.Sc) ဘွဲ့ကို အပ်နှင်း ချီးမြှင့်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပုံမှန်ကျင်းပ သည့်ဘွဲ့နှင်းသဘင်တွင် အဂ္ဂမဟာပဏ္ဍိတဆရာကြီး ဦးလင်းကို ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ (M.A)နှင့် ဆရာမကြီး ဒေါ်ခင်သိန်းကို ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ (B.A) ပေးအပ်ချီးမြှင့်ပါသည်။ (ဒေါ်ခင်သိန်းသည် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ဒုတိယအမျိုးသမီးတစ်ဦး ဖြစ်လာပါသည်။)
၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ အထူးဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ၍ အဂ္ဂမဟာသရေစည်သူ ဆာဘဦး (နိုင်ငံတော်သမ္မတ)နှင့် သတိုးသီရိသုဓမ္ဓ ဦးမြ (အထက်လွှတ်တော်ဥက္ကဋ္ဌ) တို့အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်သည်။
၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပ သည့် ပုံမှန်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် တရားဝန် ကြီး ဦးဧမောင် (ဥပဒေပညာကထိကနှင့် တက္ကသိုလ် ဒုတိယ အဓိပတိတာဝန်များထမ်းဆောင်ခဲ့သူ)နှင့် ဒေါက်တာ ထင်အောင် (ပါမောက္ခချုပ် ဒုတိယအဓိပတိတာဝန်များ ထမ်းဆောင်ခဲ့သူ) ထိုနှစ်ဦးအား ဂုဏ်ထူးဆောင် ဥပဒေ ပါရဂူဘွဲ့အပ်၍ အယ်လ်အယ်လ်ဒီ (Doctor of Laws) ဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့ကြောင်း တွေ့ရှိမှတ်သားရပါသည်။
ယူနီဗာစီတီကျောင်းအုပ်ကြီး (မြန်မာထဲက တက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်ခဲ့သူ ပါဠိနှင့် မြန်မာစာ ပါမောက္ခ တာဝန်များထမ်းဆောင်ခဲ့သူ ဆရာကြီး ဦးဖေမောင်တင်အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ချီးမြှင့်ခံရကြောင်း၊ ထို့ပြင် တက္ကသိုလ်ဆရာအတတ်သင် ကောလိပ် ကျောင်းအုပ်ကြီး ပါမောက္ခပညာရေးမဟာဌာန မှူး တာဝန်များကို ထမ်းဆောင်ခဲ့သူ ဆရာကြီးဦးဘ အားလည်း ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့တို့ ချီးမြှင့်ခံရ ကြောင်း၊ ၎င်းတို့၏ ကိုယ်ရေးမှတ်တမ်းများတွင် ဖော်ပြထား သည်ကိုလည်း တွေ့ရှိရပါသည်။
၁၉၅၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျင်းပသည့် ပုံမှန်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် အဂ္ဂမဟာပဏ္ဍိတ ဆရာကြီးဦးလင်း(မဟာဝိဇ္ဇာ)အား ဂုဏ်ထူးဆောင် စာပေ ပါရဂူဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့သည်။
၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပ သည့် ပုံမှန်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် တရားရေး ဝန်ကြီး ဦးဘိုကြီး(တက္ကသိုလ် ဒုတိယအဓိပတိ တာဝန် ထမ်းဆောင်ခဲ့သူ) အား ဂုဏ်ထူးဆောင်ဥပဒေပါရဂူ ဘွဲ့ကို အပ်နှင်းချီးမြှင့်သည်။ စိုက်ပျိုးရေးသိပ္ပံပညာ မဟာဌာနမှူး ဟောင်း ဦးလှအုန်းအားလည်း ဂုဏ်ထူးဆောင် မဟာ သိပ္ပံ(M.Sc)ဘွဲ့ကို အပ်နှင်းချီးမြှင့်ခဲ့သည်။ အဆိုပါ ဘွဲ့နှင်း သဘင်တွင်ပင် ချီးမြောက်သည်။ ကာယဗလ ဖခင်ကြီး ဦးဇော်ဝိတ်နှင့် ဂီတမိခင်ကြီး ဒေါ်စောမြဧကြည်တို့ နှစ်ဦး စလုံးအားလည်း ဂုဏ်ထူးဆောင် ဝိဇ္ဇာ(B.A) ဘွဲ့များအပ်နှင်း ချီးမြှင့်ခဲ့ပါသည်။ (ကာယပညာနှင့် ဂီတပညာတို့၌ ထူးချွန် ပြောက်မြောက်ကြသူများအား အမှတ်တရ ထိုက်ထိုက် တန်တန် ချီးမြှင့်လိုက်ခြင်းဖြစ်ပါသည်။)
၁၉၅၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ယူဂိုဆလားဗီးယားနိုင်ငံ သမ္မတ မာရှယ်တီးတိုး အား ဂုဏ်ထူးဆောင်ဥပဒေပါရဂူ (Doctor of Laws) ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း မှတ်သား ရပါသည်။
၁၉၅၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပုံမှန်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အီသီယိုဘုရင် ဟိုင်လီဆေးလက်စီ (Haile Selassie) နှင့် ကမ္ဘောဒီးယား ဘုရင် နိုရိုဒုံသီဟာနု တို့အား အဝေးရောက်ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည်။ ယင်းဘွဲ့နှင်းသဘင်တွင်ပင် ဆာမြဘူး(တက္ကသိုလ် ဒုတိယအဓိပတိ တာဝန်ထမ်းဆောင် ခဲ့သူ)နှင့် ဦးကျော်မြင့် (ဥပဒေပညာ၊ မဟာဌာနမှူး၊ ပါမောက္ခ)တို့အား ဂုဏ်ထူးဆောင်ဥပဒေ ပါရဂူဘွဲ့ကို လည်းကောင်း၊ မစ္စတာဘဆန်တာကူမာ ဟာလ်ဒါ (Mr.Bnsanta Kumar Haldar) အား ဂုဏ်ထူး ဆောင်စာပေပါရဂူ ဘွဲ့၊ ဒီလစ်ဘွဲ့ကို လည်းကောင်း ချီးမြှင့်ကြောင်း တွေ့ရှိရ သည်။
၁၉၅၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပ သော ပုံမှန်ဘွဲ့နှင်းသဘင်တွင် ဆာအာသာအဂ္ဂါ (ဥပဒေ ပညာပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်လှေလှော်အသင်းကို စတင်တည်ထောင်ခဲ့သူ) အား ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ ကို အပ်နှင်းခဲ့သည်။ ၁၉၅၇ ခုနှစ်ဘွဲ့နှင်းသဘင် မှတ်တမ်း များတွင် မတွေ့ရသော်လည်း ၎င်းတို့၏ ကိုယ်ရေးမှတ်တမ်း များအရ မြန်မာစာပေပညာရှင် ဦးဘိုးလတ်နှင့် ယဉ်ကျေးမှု ညွှန်ကြားရေးဝန် ဦးသာမြတ်တို့အား ဂုဏ်ထူးဆောင် မဟာ ဝိဇ္ဇာဘွဲ့ (M.A) ဘွဲ့၊ တရားဝန်ကြီး ဦးသိန်းမောင်အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့တို့ကို ရန်ကုန်တက္ကသိုလ် က ချီးမြှင့်သည်ဟု ဖော်ပြပါရှိပါသည်။
၁၉၅၈ ခုနှစ်တွင် ဦးမြင့် (ဥပဒေပညာ မဟာဌာနမှူး ပါမောက္ခ) အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့တို့ကို ရန်ကုန်တက္ကသိုလ်က ချီးမြှင့်သည်ဟု ကိုယ်ရေးမှတ်တမ်း အရ သိရှိရသည်။
၁၉၅၈ ခုနှစ်တွင် ဗီယက်နမ်သမ္မတဟိုချီမင်း အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ချီးမြှင့်သည်ဟု ဆိုသည်။
၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အထူး ဘွဲ့နှင်း သဘင်အခမ်းအနားဖြင့် အစ္စရေးလ်ဝန်ကြီးချုပ် ဒေးဗစ်ဘင် ဂူရီယန်အား ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ကို အပ်နှင်း ချီးမြှင့်ခဲ့သည်။
ဒုတိယပိုင်းကာလ (၁၉၆၂ မှ ၂၀၂၀ အထိ)
နိုင်ငံတော်တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၆၂ ခုနှစ်တွင် “၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေ” ကိုရုပ်သိမ်းခဲ့သည်။ “၁၉၆၄ ခုနှစ် မြန်မာနိုင်ငံတက္ကသိုလ် ပညာရေးဥပဒေ” ကို ပြဋ္ဌာန်းလိုက်သည်။ ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံတက္ကသိုလ်ပညာရေး နည်းဥပဒေများ ကိုလည်း ဆက်လက်ပြဋ္ဌာန်းပါသည်။ ၁၉၇၃ ခုနှစ်တွင် နိုင်ငံတော် တော်လှန်ရေးကောင်စီက ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေကို ရုပ်သိမ်းပြန် သည်။ “၁၉၇၃ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးဥပဒေ” ကို ထပ်မံ ပြဋ္ဌာန်းထားပါသည်။ ယင်းဥပဒေ အခန်း (၄) တွင် တက္ကသိုလ်လုပ်ငန်းတာဝန် များအနေဖြင့် အောက်ပါအတိုင်း လုပ်ငန်းတာဝန်တစ်ရပ် ပြဋ္ဌာန်းထားသည်ကို တွေ့မြင် မှတ်သားရပါသည်။
ပုဒ်မ ၇ ။ ။ (င) တက္ကသိုလ်ဘွဲ့များ၊ ဒီပလိုမာ လက်မှတ်များ၊ တက္ကသိုလ်စာမေး ပွဲ အောင်လက်မှတ်များနှင့် တက္ကသိုလ်ဆိုင်ရာ အခြားပညာ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်း ချီးမြှင့်သည်။
ဤ ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေး ဥပဒေသည် လက်ရှိတည်ဆဲဥပဒေ တစ်ရပ် ဖြစ်ပါသည်။
ဤတည်ဆဲဥပဒေအရ ဒုတိယပိုင်းကာလတစ်လျှောက် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များအပ်နှင်း ချီးမြှင့်နေခြင်းတို့ကို ဆက်လက် ဆွေးနွေးတင်ပြသွားပါမည်။
၁၉၆၁ ခုနှစ်မှ ၁၉၉၉ နှစ် အတွင်း သုံးဆယ့်ရှစ်နှစ်ကြာ ကာလမှာ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခြင်း ပြုလုပ်သည်ကို မတွေ့ရှိရပါ။ ၂၀၀၀ ပြည့်နှစ် မှစ၍ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ (ရန်ကုန်တက္ကသိုလ်) ပညာရေး အဖွဲ့သည် ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းချီးမြှင့်ခြင်းကို ပြန်လည်ဆောင်ရွက်လာကြောင်း လေ့လာတွေ့ရှိရပါ သည်။ ဖော်ပြပါ ပညာရေးအဖွဲ့က “ဂုဏ်ထူးဆောင်ဘွဲ့ များ” ချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍-
(က) တိုင်းကျိုးပြည်ပြုဆောင်ရွက်မှုတွင် ထူးထူး ခြားခြား စွမ်းစွမ်းတမံ ထင်ထင်ရှားရှား ဆောင်ရွက်သူ ဖြစ်ခြင်း၊
(ခ) အများပြည်သူတို့အား အသိဉာဏ်တိုးပွား အောင် ပညာပေးရေးသားပြုစုရာ၌ အထူး ကျော်ကြားထင်ရှားသူ ဖြစ်ခြင်း၊
(ဂ) လူမှုရေးလုပ်ငန်းများ (ပညာရေး၊ ယဉ်ကျေးမှု တို့အပါအဝင်)နှင့်စပ်လျဉ်း၍ လူငယ်များ၏ စာရိတ္တမြင့်မားရေးနှင့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များ တတ်မြောက်ရေးတို့ အတွက် ပြုစုပျိုးထောင်ဆောင်ရွက်ရာတွင် အထူး အောင်မြင်ကျော်ကြားသူ ဖြစ်ခြင်း၊
(ဃ) မြန်မာနိုင်ငံ၏ သမိုင်းရှေးဟောင်းသုတေသန နှင့် အနုပညာရပ်စသည်တို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန့်ပွားအောင်ဆောင်ရွက် ခြင်း စသည့် အရည်အချင်းများရှိသည့် ထက်မြက်ထူးချွန်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ပါသည်။
၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ပညာရေးအဖွဲ့က အထူးဘွဲ့နှင်းသဘင် အခမ်းအနားတစ်ရပ်ကျင်းပ၍ ဂုဏ်ထူးဆောင်စာပေပါရဂူ ဘွဲ့ (ဒီလစ်ဘွဲ့)ကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သီလာနန္ဒာဘိဝံသ ဆရာတော်နှင့် အလင်္ကာကျော်စွာ မဟာသဒ္ဓမ္မဇောတိက ဆရာကြီးဦးသုခတို့အား အပ်နှင်း ချီးမြှင့်ခြင်း ပြုခဲ့ပါသည်။
၂၀၀၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက် စနေနေ့နံနက် ပိုင်းတွင် ကျင်းပသည့် ရန်ကုန်တက္ကသိုလ်၏ (၁၀၅) ကြိမ် မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ရန်ကုန် တက္ကသိုလ်အဖွဲ့က ပါမောက္ခများဖြစ်ကြသော သမိုင်း ပါမောက္ခ ဦးကျော်ဝင်း၊ မြန်မာစာပါမောက္ခ ဦးခင်အေး၊ ဒဿနိကဗေဒပါမောက္ခ ဒေါ်တင်တင်ထွန်းနှင့် သင်္ချာ ပါမောက္ခ ဒေါ်ကြည်ကြည်အောင်တို့အား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့များကို အပ်နှင်းချီးမြှင့်ခဲ့ပါသည်။
၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် စနေနေ့တွင် ကျင်းပသည့်ရန်ကုန်တက္ကသိုလ်(၁၀၆) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် ဘဒ္ဒန္တမာရာဘိဝံသနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဩဝါဒစရိယနှင့် ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာတော် စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဘဒ္ဒန္တဉာဏိဿရတို့ နှစ်ပါးအား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ဆက်ကပ်အပ်နှင်းချီးမြှင့်ခဲ့ပါသည်။
၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ ဥပဒေ ပါမောက္ခ ဒေါ်သန်းနွဲ့နှင့် သတ္တဗေဒပါမောက္ခဒေါ်တင်နွယ် တို့ကို ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့များ အပ်နှင်း ချီးမြှင့်ခဲ့သည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ စိတ် ပညာပါမောက္ခ ဒေါ်ခင်အေးဝင်းကို ဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့သည်။
၂၀၀၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ အရှေ့တိုင်းပညာ ပါမောက္ခ ဒေါ်ခင်သိန်းကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့သည်။
၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်၌ မြန်မာစာအဖွဲ့ဝင် ဦးစံလွင်ကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့အပ်နှင်းချီးမြှင့် ခဲ့ပါသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တက္ကသိုလ် အထူးဘွဲ့နှင်းသဘင်အခမ်းအနား တစ်ရပ် ကျင်းပ၍ အောက်ဖော်ပြပါ ပုဂ္ဂိုလ် (၇)ဦးအား-
(၁) ဦးသန်းဦး၊ မြန်မာနိုင်ငံ ပညာရေးဖောင်ဒေး ရှင်း၊ အဖွဲ့ဝင်၊
(၂) ဦးစိုင်းအောင်ထွန်း၊ မြန်မာ့သမိုင်း၊ အဖွဲ့ဝင်၊
(၃) ဒေါ်ရီရီမြင့်၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်အဖွဲ့၊ အဖွဲ့ဝင်၊
(၄) ဒေါ်ကြည်ကြည်လှ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊
(၅) ဦးစိန်မင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊
(၆) ဦးခင်ညို၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့၊ အဖွဲ့ဝင်၊
(၇) ဒေါ်နော်ဂျူးဖေါ၊ ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ် စာဌာန၊ ပါမောက္ခ၊ ဌာနမှူး၊
ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို အပ်နှင်းချီးမြှင့်ခဲ့ကြောင်း
လေ့လာတွေ့ရှိရပါသည်။
အချုပ်အားဖြင့် ကမ္ဘာ့တက္ကသိုလ်ကြီးများနည်းတူ ရန်ကုန်တက္ကသိုလ်သည် ကြီးမားလှသော ပညာရေးအစဉ် အလာ၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုအစဉ်အလာ တို့အရ ၁၉၂၁ ခုနှစ်မှအစပြု၍ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကာလအတွင်း အထက်တွင်ဖော်ပြခဲ့သော ဗုဒ္ဓဘာသာ ရဟန်းတော် ငါးပါး၊ ခရစ်ယာန်ဘုန်းတော်ကြီးနှစ်ပါး၊ နိုင်ငံခြား ခေါင်းဆောင်ကြီးငါးဦးနှင့် လူပုဂ္ဂိုလ် ၅၉ ဦး၊ စုစုပေါင်းပုဂ္ဂိုလ် ၇၁ ဦး တို့အား ဂုဏ်ထူးဆောင်ဘွဲ့ အမျိုးမျိုးတို့ကို ပုံမှန်ကျင်းပသော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ လည်းကောင်း၊ အထူးဘွဲ့နှင်းသဘင် ခေါ်ယူကျင်းပသော အခမ်းအနား၌ လည်းကောင်း၊ ထိုက်ထိုက်တန်တန် ဆက်ကပ်ခြင်း၊ အဝေးရောက် အပ်နှင်းခြင်း၊ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းတို့ကို ဆောင်ရွက်ဖြစ်ခဲ့ကြောင်း ရရှိနိုင်သမျှသော အထောက် အထားများအရ ယခုကဲ့သို့ ဆွေးနွေးတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
ဤကောင်းမြတ်လှသော အစဉ်အလာ၊ မင်္ဂလာ တစ်ပါးကို အမြဲတစေရှင်သန်နေစေရန်၊ ရန်ကုန် တက္ကသိုလ်ရာပြည့်ကာလမှ ရှေ့ဆက်လက်ထိန်းသိမ်း ကြိုးပမ်းဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသတည်း။ ။
ဆောင်းပါးရှင် ဆရာကြီး ဒေါက်တာ သန်းဦး၏
ကိုယ်ရေးအကျဉ်း
-----------------------------------
၁၉၅၀ ရန်ကုန်တက္ကသိုလ် ဘီအေ (အီးဒီ) ဘွဲ့
၁၉၅၄ ကျောင်းအုပ်ကြီး၊ အထက၊ ပုတီးကုန်း၊ ပြည်ခရိုင်
၁၉၆၀ ဘီအီးဒီဘွဲ့ မဟာသရေစည်သူ ဒေါက်တာ ဦးဘ၏ ပထမ ရွှေတံဆိပ်ဆုကို ဝန်ကြီးချုပ် ဦးနုက ချီးမြှင့်ခဲ့
၁၉၆၀ ကျောင်းအုပ်ကြီး၊ အထက၊ အုတ်ဖို၊ သာယာဝတီခရိုင် အမ်အီးဒီဘွဲ့
(အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီတက္ကသိုလ်)
၁၉၆၃ လက်ထောက်အုပ်ချုပ်ရေးမှူး၊ ပညာမင်းကြီးရုံး
၁၉၆၄-၁၉၆၅ ကျောင်းအုပ်ကြီး၊
ပုသိမ် ဆရာအတတ်သင် ကျောင်း
၁၉၆၆-၁၉၇၇ လက်ထောက် သုတေသန အရာရှိမှ ဥက္ကဋ္ဌ ရာထူးအထိ ထမ်းဆောင်
မြန်မာနိုင်ငံပညာရေး သုတေ သနအဖွဲ့/ ဦးစီးဌာန
၁၉၇၇-၁၉၈၅ ညွှန်ကြားရေးမှူးချုပ်၊ အခြေခံ ပညာဦးစီးဌာန
၁၉၉၉ မြန်မာနိုင်ငံ ပညာရေးဌာန သမိုင်းစာအုပ်ဖြင့်
(အမျိုးသားစာပေဆုရ)
၁၉၉၉-၂၀၁၃ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့
၁၉၉၉- ဥက္ကဋ္ဌ၊ ပညာတန်
ယနေ့အထိ ဆောင်အုပ်ချုပ်ရေးအဖွဲ့
၁၉၉၉- ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ
ယနေ့အထိ စာတတ်မြောက်ရေး
အထောက်အကူပြုပင်မဌာန
၂၀၁၅-ဇန်နဝါရီ ရန်ကုန်တက္ကသိုလ် Doctor of Letters (Honoris
Causa) ဘွဲ့
၂၀၁၅-မေ အမေရိကန်နိုင်ငံ ဟာဝိုင်ရီ တက္ကသိုလ် Doctor of
Humane Letters, (Honoris Causa) ဘွဲ့
၂၀၁၅-ဇွန် နိုင်ငံတော်သမ္မတ၏ ပညာရေး အကြံပေးအဖွဲ့
အဖွဲ့ဝင်
၂၀၁၈ ပခုက္ကူဦးအုန်းဖေ တစ်သက် တာ စာပေဆုရ
- Log in to post comments