မြန်မာဘိလိယက်ကစားသမား ပေါက်စ  ထိုင်းကစားသမားကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်


 

ရန်ကုန်    မေ    ၁၆
ဆီးဂိမ်း  ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ  ဆီမီးဖိုင်နယ်ပွဲစဉ်များကို   မေ ၁၆ ရက်က ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်   ဘိလိယက်ကစားသမား    ပေါက်စသည် ထိုင်းနာမည်ကြီးကစားသမား ပရာပွတ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားသည်။
ပေါက်စသည်   ကွာတားဖိုင်နယ်အဆင့်မှ    စတင် ကစားရပြီး  အိမ်ရှင်  ဗီယက်နမ်  ကစားသမားကို သုံးပွဲ ပြတ်ဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ်တွင် ထိုင်းနာမည်ကြီး ကစားသမား  ပရာပွတ်ကို  ၃-၁  ပွဲဖြင့်  အနိုင်ယူကာ ဗိုလ်လုပွဲ   တက်ရောက်ခဲ့ခြင်းဖြစ်သည်။   ပေါက်စသည်  ပထမပွဲငယ်တွင် ၆၅-၁၀၀ မှတ်ဖြင့် အရေးနိမ့်ခဲ့သော် လည်း ပွဲငယ်သုံးပွဲဆက်တိုက် ပြန်လည်အနိုင်ယူခဲ့ခြင်း ဖြစ်သည်။  ပေါက်စသည် ဒုတိယပွဲငယ်တွင် ၁၀၀-၉ မှတ်၊ တတိယပွဲငယ်တွင်  ၁၀၀-၂၇  မှတ်၊  စတုတ္ထပွဲငယ်တွင် ၁၀၀-၃၀ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ပေါက်စသည် ဗိုလ်လုပွဲ တွင် စင်ကာပူနာမည်ကြီး ဘိလိယက်ကစားသမား   ပီတာ ဂေးလ်ခရစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မေ ၁၇ ရက် (ယနေ့)  နံနက်ပိုင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပီတာဂေးလ်ခရစ်သည် ဆီးဂိမ်းဘိလိယက်  တစ်ဦးချင်း ရွှေတံဆိပ်ဆုကို ၂၀၀၉ ခုနှစ်မှစတင်ကာ   ခြောက်ကြိမ်  ဆက်တိုက်ရယူထားသူ ဖြစ်သည်။    ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင်    မြန်မာ ကစားသမားနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ မင်းစည်သူထွန်း သည်  ကွာတားဖိုင်နယ်တွင်  ပီတာဂေးလ်ခရစ်ကို  ရှုံးနိမ့် ခဲ့သည်။
မေ ၁၆ ရက်က ပြုလုပ်သည့် ပြိုင်ပွဲများအနက် စနူကာ 6 Reds   တစ်ဦးချင်းပြိုင်ပွဲတွင်    မြန်မာကစားသမား နှစ်ဦးဖြစ်သည့် အောင်ဖြိုးနှင့်  ဝင်းကိုကိုတို့ နှစ်ဦးစလုံး ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသည်။ Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာကစားသမား    သော်ဇင်ထက်မှာမူ ကွာတားဖိုင်နယ်အဆင့်ဖြင့် ကျေနပ် ခဲ့ရသည်။ မြန်မာဘိလိယက်အဖွဲ့သည် စနူကာတစ်ဦးချင်း ပြိုင်ပွဲ၊ ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲနှင့် Pool 10 Ball အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတို့တွင် ထပ်မံယှဉ်ပြိုင်မည် ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-IBSF