
ရန်ကုန် မေ ၁၇
ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၃၁) ကြိမ် မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီး ဖိုင်နယ်ပွဲစဉ်များကို မေ ၁၈ ရက် (ယနေ့) ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ထိုင်းနှင့် ဖိလစ်ပိုင်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အိမ်ရှင် ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်းသည် အရှေ့တောင်အာရှ ထိပ်သီးအသင်းများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်တို့နှင့် ယခင်တွေ့ဆုံမှုများတွင် ရလဒ်မကောင်းခဲ့သော်လည်း ယခုနှစ်အတွင်း တွေ့ဆုံမှုများတွင် နှစ်သင်းစလုံးကို သရေကစားထားရာ ဗီယက်နမ်နှင့် ပြန်လည်တွေ့ဆုံမှု တွင် ရလဒ်ကောင်းရယူနိုင်ရန် မျှော်လင့်ချက်များ ရှိနေသည်။ မြန်မာအသင်းသည် အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စုအဆင့်တွင် ဗီယက်နမ်နှင့် နှစ်ဂိုးစီသရေကျခဲ့သလို ယခုဆီးဂိမ်းပြိုင်ပွဲ အုပ်စု အဆင့်တွင် ထိုင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည်။ ဗီယက်နမ်အသင်းသည် ယခုဆီးဂိမ်းပြိုင်ပွဲ၏ အိမ်ရှင် အသင်းဖြစ်သလို လက်ရှိချန်ပီယံအသင်းလည်းဖြစ်ရာ မြန်မာအသင်းအနေဖြင့် ပိုမိုအားထုတ်ကစားရဖွယ် ရှိနေပြီး အုပ်စုပွဲစဉ်များထက် ပိုမိုကောင်းမွန်သည့် ခြေစွမ်းဖြင့် ကစားနိုင်မှသာ ဗိုလ်လုပွဲသို့ တစ်ကျော့ ပြန် တက်ရောက်နိုင်မည်ဖြစ်သည်။ မြန်မာအသင်း သည် ဆီးဂိမ်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဝေးကွာနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အုပ်စုပွဲများကို လိုအပ်ချက် များ ပြန်လည်ပြင်ဆင်ကာ တိုက်စစ်ကစားပုံ ကောင်းမွန်လာပါက နိုင်ပွဲရယူနိုင်ရန် မျှော်လင့်ချက် ရှိနေသည်။
အုပ်စုပွဲများတွင် မြန်မာအသင်းက လာအိုအသင်း ကို သုံးဂိုး-ဂိုးမရှိ၊ စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့်နိုင်ပြီး ထိုင်းအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည်။ ဗီယက်နမ်အသင်းမှာမူ ဖိလစ်ပိုင်ကို နှစ်ဂိုး-တစ်ဂိုး၊ ကမ္ဘောဒီးယားကို ခုနစ်ဂိုးပြတ်တို့ဖြင့် အနိုင်ရလာ ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ဆီးဂိမ်းအမျိုးသမီးပြိုင်ပွဲ တွင် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ခုနစ်ခုရရှိထားပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် အကြိမ်တိုင်း ဆုတံဆိပ် မလွတ်တမ်းရယူနိုင်ခဲ့သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF