အယ်ဒီတာ့အာဘော်
===========
နိုင်ငံအနာဂတ်နှင့် ဂုဏ်ပြုရမည့်ပြည်သူ
====================
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန် ကျေပွန်စွာဆောင်ရွက်ခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနက် တက်တက်ကြွကြွ နိုးနိုးကြားကြား တာဝန်ကျေပွန်စွာ ပါဝင်ခဲ့ကြသော အဓိကကျသည့် ပြည်သူလူထုအပေါင်းတို့ကို ဦးစွာဂုဏ်ပြုကျေးဇူးတင်ရမည် ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အားလုံးနှင့် ပါဝင်ကူညီဆောင်ရွက် ကြသော အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရမည်ဖြစ်သည်။
အမှန်တကယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပချိန်ကာလ သည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်နေသောကာလဖြစ်၍ ရောဂါနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေသောကြောင့် ရွေးကောက်ပွဲအောင်မြင်ရေးတွင် အခက်အခဲများစွာရှိခဲ့သည်။ လက်တွေ့တွင် မဲရုံများ၌ ရွေးကောက်ပွဲများကို ကိုဗစ်-၁၉ ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ပြုလုပ်နိုင်ခဲ့ကြပြီး ပြည်သူ လူထုမှာလည်း ညွှန်ကြားထားသည့်အချက်များကို အလေးထားလိုက်နာခဲ့ ကြသည်။
အဓိကမှာ ပြည်သူလူထုသာလျှင်အဓိကဖြစ်ပြီး ပြည်သူမပါလျှင် မည်သည့်အရာမျှ အောင်မြင်နိုင်မည်မဟုတ်ဟုဆိုသည့်အတိုင်း ပြည်သူ လူထုသည် မည်သည့်အခြေအနေဖြစ်ဖြစ် ရွေးကောက်ပွဲသာ အဓိကဖြစ်ခဲ့ သည်။ ထို့ကြောင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ပြည်သူလူထုကို ဦးစွာကျေးဇူးတင်ရမည် ဖြစ်သည်။ ပြည်သူလူထုသည် ရွေးကောက်ပွဲကို အထူးစိတ်ဝင်စားခဲ့၊ ရွေးကောက်ပွဲတွင် တက်တက်ကြွကြွ အလေးထားပါဝင်ခဲ့သည်မှာ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည့် တရားမျှတမှု၊ မှန်ကန်မှု၊ စစ်မှန်မှု၊ ပြည်သူကို တန်ဖိုးထားမှုတို့ မပျောက်ဆုံးဘဲ ဆက်လက် ထွန်းကားရေးကို လိုလားသောကြောင့် အလေးအနက်ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။
ဤသည်မှာ လုံးဝမှန်ကန်သော အမှန်တရားဖြစ်သည်။ စစ်မှန်သော အမှန်တရားကို လူတိုင်းလက်ခံကြသည်။ ဤအောင်မြင်မှုအတွက်၊ ဤဒီမိုကရေစီ ဆက်လက်ရှင်သန်မှုအတွက် အားလုံးကောင်းချီးသြဘာပေးခဲ့ ကြသည်။ ဂုဏ်ပြုချီးကျူးထောမနာပြုခဲ့ကြသည်။ အဓိကမှာ တက်တက် ကြွကြွ ပါဝင်ဆင်နွှဲခဲ့ကြသော မြန်မာနိုင်ငံမှ မြန်မာပြည်သူ ပြည်သားများအား ဦးတည်ခဲ့သည်။ ရွေးကောက်ပွဲကျင်းပပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ ရောဂါကြားမှ ရွေးကောက်ပွဲများ အောင်အောင်မြင်မြင် ဖြစ်မြောက်အောင်လုပ်ပေးကြသည့် ပြည်သူလူထုအားလုံးအား ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ပြည်သူများကိုယ်တိုင် ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ်ပေါ်ပေါက် လာမည်ဖြစ်၍ တာဝန်ရှိပုဂ္ဂိုလ်အားလုံး ပူးပေါင်းဆောင်ရွက်ကာ ပိုမိုပြည့်စုံကောင်းမွန်သည့် ဒီမိုကရေစီနိုင်ငံဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပါတီအဖွဲ့အစည်းအသီးသီးတို့က ရွေးကောက်ပွဲနှင့်ပတ်သက်၍၊ ပြည်သူလူထုနှင့်ပါဝင်ဆောင်ရွက်ကြသူများ နှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြုအသိအမှတ်ပြုခဲ့ကြသည်။ နိုင်ငံတော်အပိုင်းမှ ပြည်သူအများ စိတ်ချလုံခြုံစွာမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရကျိုး နပ်ခဲ့သည်။ ပြည်သူ ပြည်သားများမှာ ကိုဗစ်-၁၉ ရောဂါကိုမမှုဘဲ ရွေးကောက်ပွဲတွင် တက်တက်ကြွကြွ ပါဝင်မဲပေးခဲ့ကြသည်။
ရွေးကောက်ပွဲဖြစ်စေ၊ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေ၊ တိုင်းပြည်အတွက် မည်သည့်အရေးကိစ္စတွင်ဖြစ်စေ ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည် အဓိက ကျသည်။ ပြည်သူမပါလျှင် မည်သည့်အရာမျှ အောင်မြင်နိုင်မည် မဟုတ်ပေ။ ယခုရွေးကောက်ပွဲကို ပြည်သူလူထုအားဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသော ကိုဗစ်-၁၉ ရောဂါဘေးအန္တရာယ် များနှင့် နိုင်ငံလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတာဝန်များအား ပြည်သူအားလုံး တို့က ရွေးကောက်ပွဲတွင်ပါဝင်သကဲ့သို့ နိုင်ငံတော်နှင့်အတူလက်တွဲ၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြမည်ဟု မျှော်လင့်ပါသည်။
သို့ဖြစ်ရာ ပြည်သူ့ဆန္ဒများကို အမှန်တကယ်ထုတ်ဖော်နိုင်သည့် မဲပေးရွေးချယ်ရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ရာ မြန်မာ ပြည်သူ ပြည်သားများအနေဖြင့် ပိုမို၍ ဒီမိုကရေစီနည်းလမ်းကျသော၊ ပိုမို၍ ငြိမ်းချမ်းသော၊ ပိုမို၍သာယာဝပြောသောအနာဂတ်ဆီသို့ ဆက်လက် လျှောက်လှမ်းနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။