နေပြည်တော်ကောင်စီနယ်မြေမှ အစပြုကာ စံနမူနာပြနိုင်ရေး

 

နိုင်ငံတော်၏မြို့တော်  နေပြည်တော်ကောင်စီနယ်မြေကို မြန်မာ နိုင်ငံ၏ အချက်အချာဒေသတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ နေပြည်တော်ကိုဗဟိုပြု၍ အရပ်လေးမျက်နှာ၊  အရပ်ရှစ်မျက်နှာ တို့ သွားလာရန် လျင်မြန်လွယ်ကူသည်။

 

စိုက်ပျိုးရေး၊ မွေးမြူ ရေး လုပ်ငန်းများအတွက် ရေမြေအခြေခံကောင်းများရှိပြီး ရေအား လျှပ်စစ်ထုတ်လုပ်မှုနှင့် နီးကပ်လျက်ရှိခြင်းကြောင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ တည်ထောင်နိုင်ရန် လိုအပ်သော စွမ်းအင်ကို လည်း လွယ်ကူစွာရရှိနိုင်သည်။

 


နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး အစည်း အဝေးကို မေ ၁၉ ရက်က ကျင်းပရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က  နေပြည်တော် ကောင်စီနယ်မြေသည် နိုင်ငံတော်၏မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပြီး Green City၊ Clean City၊ Smart City  အဖြစ် တိုးတက်အောင် ဆောင်ရွက်၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ စံပြ နယ်မြေတစ်ခုဖြစ်စေရေး   ကြိုးပမ်းဆောင်ရွက်ရန် ထည့်သွင်း မှာကြားခဲ့သည်။

 


နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ စနစ်တကျ   ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်မှာ စိုက်ပျိုးမွေးမြူသည့် တောင်သူလုပ်ငန်းရှင် များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး၊ စီမံခန့်ခွဲမှုများ ကောင်းမွန်ရေးတို့ လိုအပ်သကဲ့သို့ တောင်သူများ၏ လုံ့လဝီရိယ အားထုတ်ကြိုးပမ်းမှုများဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်မှုများ မြင့်မားအောင်    အလုပ်လုပ်နိုင်ကြရန်လည်း လိုသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့မှာ ဆက်စပ်နေသည့် လုပ်ငန်းများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးမှ   ထွက်ရှိလာသည့် ထုတ်ကုန်များကို အခြေခံကာ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ၊  အလုပ်ရုံ အသေးစား၊ အငယ်စား၊ အလတ်စား များစွာ တို့ကိုလည်း ထူထောင်နိုင်သည်။

 


လက်ရှိအခြေအနေတွင်     နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်မှုများမှာ  ရေမြေသယံဇာတ၊ လမ်းပန်းဆက်သွယ်ရေးနှင့်   စွမ်းအင်တို့   အခြေခံကောင်းများ ရှိသလောက်ကို  အကျိုးရှိဆုံး၊ အမြင့်မားဆုံး အသုံးချနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ အများစုမှာ တောင်သူများ၏ မိရိုးဖလာပုံစံများကိုသာ     တွေ့ရပြီး    လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ချက်များကို လည်း တွေ့ရသည်။ တစ်ရာသီအတွင်း သီးထပ်သီးညှပ်များ စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ် သည့် စားသောက်ကုန်နှင့် အခြားကုန်ထုတ်လုပ်မှုများ ထူထောင် လုပ်ကိုင်နိုင်ပါက ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ကောင်း မွန်ခြင်းနှင့်အတူ      လူနေမှုဘဝများလည်း  မြင့်မားလာမည် ဖြစ်သည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေး        ကုန်ထုတ်လုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေမှအစပြုကာ စံနမူနာပြဆောင်ရွက် ခြင်းသည်   အခြားတိုင်းဒေသကြီးနှင့်   ပြည်နယ်များအတွက် အတုယူဆောင်ရွက်ကြရမည့်    မော်ဒယ်ဖြစ်သည့်အလျောက် အထူးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်သည်။  နေပြည်တော်ကောင်စီနယ်မြေ၏  အောင်မြင်မှုကို  စံပြအဖြစ်   နမူနာယူကာ လိုက်ပါဆောင်ရွက်ကြခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ နိုင်ငံတော် ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တစ်ခုဆီသို့        တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း။             ။