ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=====================
မြကျွန်းညိုသို့ သတိရတိုင်း…..
===============
မမိုးမြေ
====
ပန်းချီကဗျာထက်လှတဲ့ သီလာတက္ကသိုလ်သည် အသက် ကြီးလှပါပြီ။ တက္ကသိုလ်သို့ ကျွန်မတို့ရောက်စက အဓိပတိလမ်းတစ်လျှောက်မှ ရေတမာပင်လေးတွေသည် ငယ်ငယ်လေး ရှိကြသေးသည်။ ယခုကဲ့သို့ အရပ်မမြင့် ကြသေး။ ပုပုဝိုင်းဝိုင်း၊ ရွက်စိမ်းနုနုအုပ်အုပ်နှင့် အပျိုပေါက်ကလေးပမာ ချစ်စရာကောင်းပါဘိခြင်း။ ကံ့ကော်ပင်လေးများကလည်း အရွယ်ကောင်းတုန်း၊ ဖူးကြပွင့်ကြတုန်း။ သစ်ပုပ်ပင်ကြီးကတော့ အသက်ရှည် ဆဲပါပဲ။ သူ၏ အိုမင်းပုံက လှလွန်းပါသည်။ သူ့ကိုမြင်လျှင် သူ့အနားမှာ ဓာတ်ပုံရိုက်ချင်သည်၊ သူ့အရိပ်မှာ ခိုချင် သည်၊ သူနှင့်ပတ်သက်မှုရှိခဲ့ကြောင်း သက်သေကျန်ခဲ့ ချင်သည်။ သူက အရွယ်ရင့်လာပေမယ့် ပရိသတ်ကို ဆွဲဆောင်နိုင်ဆဲဖြစ်သည့် အနုပညာရှင်တစ်ယောက် လိုပါပဲလား။ သစ်ပုပ်ပင်ကြီးသည် မွေးရာပါ ပါရမီရှင် တစ်ဦးပါပဲ။ သူ့ကိုအလှအတွက် ခံစားကြသည်၊ ဘဝ အတွက် ဆင်ခြင်ကြသည်၊ သူနှင့် ချစ်ကြည့်သည်၊ လွမ်းကြည့်သည်၊ ရသမျိုးစုံပေးနိုင်သည်။ အသက်ရှည်ပြီး အချောမပျက်သည့် သစ်ပုပ်ပင်ကြီးပါ။ သူ့အသက် ဘယ်လောက်ရှိပါပြီလဲ။ တွက်ကြည့်ချင်စမ်းပါဘိ။
ရန်ကုန်တက္ကသိုလ်နှင့် မစိမ်းပါ
ကျွန်မသည် ၁၉၆၀- ၁၉၆၁ ပညာသင်နှစ်တွင် တက္ကသိုလ်သို့ ရောက်သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ် အထိ သီရိဆောင်တွင် နေခဲ့သည်။ သီရိကို ဘင်တန်ဟုလည်း ခေါ်သည်။ ၁၉၆၅ ခုနှစ်မှာ အဆောင်သူဘဝပြီးဆုံးပြီး ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှာ နည်းပြ ဆရာမလေးဖြစ်လာသည်။ နည်းပြဆရာမ မဖြစ် ဖြစ်အောင် ဝိဇ္ဇာဂုဏ်ထူးတန်းတွင် အပြင်းအထန် စာကြည့် ခဲ့ရသည်။ မဟာဝိဇ္ဇာဘွဲ့ရသည်။ နယ်တက္ကသိုလ်များမှာ ပြောင်းရွှေ့အမှုထမ်းရသော်လည်း ရန်ကုန်တက္ကသိုလ်နှင့် မစိမ်းပါ။ နယ်မှပြောင်းလာလျှင် ရန်ကုန်တက္ကသိုလ် ပြန်ရောက်လာပြန်သည်။ ရန်ကုန်တက္ကသိုလ်က ရာပြည့်ပြီဆိုတော့ ကျွန်မတက္ကသိုလ်ရောက်ခဲ့သည်မှာ အနှစ် ၆၀ စွန်းစပြုပြီ။ ပါမောက္ခအထိ တာဝန်ထမ်းဆောင်၊ အငြိမ်းစားယူပြီးမှ ပါရဂူဘွဲ့ရသည်။ အငြိမ်းစားယူပြီး ၁၅ နှစ်ခန့်ဆက်၍ ရန်ကုန်တက္ကသိုလ် ပါရဂူအကြိုတန်း သင်ရန် မြန်မာစာဌာနသို့ အမြဲရောက်သည်။ ကျွန်မ တို့သည် ရန်ကုန်တက္ကသိုလ်အသက် ၄၀ ခန့်တွင် တက္ကသိုလ်သို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ကျွန်မတို့ခေတ်က တက္ကသိုလ်သည် လွမ်းစရာ ကောင်းလှပါသည်။ လွမ်းစရာ မြကျွန်းညိုကို လွမ်းချင် လာအောင် ရာပြည့်အထိမ်းအမှတ်အဖြစ် တက္ကသိုလ် သီချင်းလေးများဖြင့် အသက်သွင်းတင်ဆက်ကြသည်။ ကျွန်မတို့ခေတ်ကတက္ကသိုလ်တွင် ဒီဇင်ဘာလဆိုလျှင် အဆောင်တိုင်းမှာ နှစ်ပတ်လည် ညစာစားပွဲရှိသည်။ အဆောင်သူများသည် ဧည့်သည်ဖိတ်လိုလျှင် လက်မှတ် ဝယ်၍ ဖိတ်နိုင်သည်။ ချစ်သူများကို ဖိတ်ကြသည်။ ဆောင်းည၏ အေးမြမြ၊ မှုန်ရီရီအရိပ်မှာ အတူခိုလှုံကြသည်။ မိတ်ဆွေများကိုလည်း ဖိတ်ကြသည်။ ထိုမိတ်ဆွေအနေဖြင့် ရင်းနှီးမှုကို ညစာစားပွဲတွင် လာရောက်ဖျော်ဖြေကြသော အနုပညာရှင်များက ချစ်သူဘဝသို့ရောက်အောင် သီချင်း သံဖြင့် ပို့ဆောင်ပေးသည်။ တေးသံရှင် ချိုပြုံး၏ “တက္ကသိုလ်ကျောင်းက ငွေလဝန်း” သီချင်းတွင် “မိတ်ဆွေ အပေါင်းအသင်း ဖြစ်သွားကြတာတွေ…. စိတ်အနေ ပြောင်းရင်း ချစ်သွားကြတာတွေ ….” တဲ့လေ။
မိတ်ဆွေယောကျ်ားလေးနှင့် မိန်းကလေး အကြည့် ချင်းဆုံဖြစ်လိုက်ကြသည်၊ မျက်လုံးချင်းစကားပြော ဖြစ်ကြ သည်၊ ချစ်သူဘဝသို့ အနေအထား ရွေ့လျားရန်ပေါ့လေ။ ရေတမာပင်လေးအောက်မှာ စုံတွဲတစ်တွဲ တိုးသွားရုံပါပဲ။ နှစ်ဆုံးတော့ မခွဲနိုင်မခွာရက်ကြ။ အဆောင်ကော်ရစ်ဒါမှာ အမျိုးသားက ချစ်သူအမျိုးသမီးလေး၏မျက်နှာကို မိုးကြည့်ရင်း ချစ်ရေးဖွဲ့နေကြသည်။ အခန်းနံပါတ် - ဒီ အောက်ဆုံးထပ် ရှေ့ဆုံးခန်းတွင်နေသူများဖြစ်၍ ညနေ စောင်းချိန်တွင် စုံတွဲများကို ထိုင်ကြည့်ပြီး လိုက်၊ မလိုက် ဆုံးဖြတ်ပေးကြသည်။
တမာများလို ခါးခဲ့ပြီပေါ့ကွယ်
ကျောင်းပိတ်ရက်ခွဲခွာချိန်တွင် ချစ်သူမိန်းကလေး များသည် ပိန်ပိန်ဝဝ၊ သေးသေးနွဲ့နွဲ့မရွေး မျက်ရည်ဝဲကြ သည်။ မျက်ရည်ကျကြသည်။ သီရိသူ ဝဝထောင်ထောင် မောင်းမောင်းတစ်ယောက် ချစ်သူကို မော့ကြည့်ရင်း ငိုနေ သည်။ ဖြတ်သွားဖြတ်လာရင်းတွေ့သော ကျွန်မသည် တအံ့ တဩနှင့် “ဟယ် ….သူက ဝဝကြီးနဲ့ ငိုနေတယ် သိလား”ဟု သူငယ်ချင်း မကြည်သန်းကို ပြောမိသည်။ သူက “ဝရင် မငိုရဘူးလို့ နင့်ကိုဘယ်သူပြောလဲ၊ သူချစ်လို့ သူငိုတာ။ နင့်အပူပါလား” ဟု ဆိုသည်။ စာမေးပွဲရက်များမှာ ရည်းစား နှင့်ကွဲ၍ ငိုရသူများလည်း ရှိသည်။ ထိုအခါ အဆောင် သူများ စိတ်မချမ်းသာကြပါ။ ညစာစားပွဲတွင် ဖျော်ဖြေ ခဲ့သည့် သီချင်းကိုပဲ ညည်းမိကြတော့သည်။ ခုတော့ ထိုသစ္စာရယ် တမာများလို ခါးခဲ့ပြီပေါ့ကွယ် …..ပါတဲ့။
ရင်ခုန်သံများဆူညံ
ထိုခေတ်က သီချင်းလာဆိုသည့် အနုပညာရှင်များ မှာ စန္ဒရားချစ်ဆွေ၊ မာမာအေး၊ ထား၊ ချိုပြုံးတို့ ဖြစ်ကြ သည်။ ချိုပြုံးက နည်းနည်းနောက်ကျသည်။ စန္ဒရား ချစ်ဆွေ အမြဲသီဆိုသည့် သီချင်းက ဆောင်းညကို ပို၍လွမ်းစရာကောင်းလာစေသည်။ တစ်ဖက်သတ် ချစ်နေဆဲအဆင့် ချစ်သူကိုယ်စား ရင်တွင်းခံစားချက်ကို ဖွင့်ဟပေးလိုက်သည့်အတွက် ရင်ခုန်သံများဆူညံ လာကြသည်။ သူ့သီချင်းက “ချစ်အားငယ်ရသူ” ဖြစ်ပါ သည်။ သီချင်းက ရင်ဖွင့်သံပီလှသည်။ ကြည့်ပါဦး။
b စာမျက်နှာ ၁၈ မှ
“သူ့မျက်နှာ ကျွန်တော်အသည်းစွဲနေတယ် ….. သူသာ ကျွန်တော့်ဘဝ .. သူသာ ကျွန်တော့်ရဲ့ကမ္ဘာ … တွယ်ရာမဲ့တစ်ယောက်လိုဖြစ်နေသော… ကျွန်တော့်ရဲ့ အချိန်တိုင်းမှာ….သူသာဖြစ်နေတဲ့အထိ …. အစဉ်အမြဲ ရင်ထဲငြိတွယ် …. သူနဲ့တွေ့လေတိုင်း …..ဘာကြောင့်များ ချစ်အားငယ် ….. အလိုလို ဝမ်းနည်းလာတယ်ကွယ် ….. ”တဲ့လေ။
မြကျွန်းညိုကမ္ဘာသစ်ကို စတွေ့စ၊ ကမ္ဘာသစ်မှာ ရင်ခွင်သစ်ကို ဖွေရှာစ၊ မငြိတငြိ စိတ်ခံစားမှုကို တေးစာသား က အပြည့်အဝ ပုံဖော်ပေးနိုင်ခဲ့ပါသည်။ ထိုနည်းဖြင့် ကံ့ကော်တောသည် သာမောဖွယ်ကဗျာတော ဖြစ်လာခဲ့ ပြန်ပါသည်။
တေးသံရှင် မာမာအေး အမြဲဆိုသည့် သီချင်းမှာ “မေ့ကွက်ကိုရှာ” ဖြစ်ပါသည်။ “မေ့ကွက်ကိုရှာသော သူရေ … နေ့ရက်တွေ ကြာသာကြာတော့ …” ဆိုသည့် လွမ်းမောသံ၊ ဖွေရှာသံက ဆောင်းညကို လွှမ်းမိုးပျံ့နှံ့သွား သည်။ ကျွန်မတို့ခေတ်က တေးသံရှင် “ထား” အမြဲ ဆိုသောသီချင်းမှာ “မနက်ဖြန် သို့မဟုတ် ဘယ်သော အခါ” နှင့် “မေတ္တာနုနုစေလိုသူ” ဖြစ်သည်။
ယနေ့တိုင်မေ့မရသော သီချင်း
ကျွန်မတို့ အစွဲဆုံးနှင့် ယနေ့တိုင်မေ့မရသော သီချင်း မှာ “မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ” ဖြစ်ပါသည်။ တစ်နေ့တစ်နေ့၊ တစ်နေ့တခြား ပြောင်းလဲတတ်သည့် ကံ့ကော်တောဝန်းကျင်တွင် ဖြစ်လွယ်၊ ပျက်လွယ်၊ ပြောင်းလဲ လွယ်သည့် သင်္ခါရဓမ္မသည် နီးကပ် မြန်ဆန်လွန်းလှသည်။ တစ်ခါတုန်းကတက္ကသိုလ်မှ ခံစားမှုကို ရင်ဝယ်ပွေ့ပိုက်၍ “ထား”၏ သီချင်းကို ညည်းနေမိသည့် ကျောင်းသူများသည် နှစ်စဉ်နှစ်တိုင်း ရှိခဲ့ပါလိမ့်မည်။ သီချင်းစာသားက “ မဟာ ကပ်ကမ္ဘာ၊ စကြဝဠာတိုင်း၊ ခိုင်းနှိုင်းမရပါ။ သူ့တစ်ယောက် အပေါ်ပဲ အစွဲအလမ်းကြီးမားလှစွာ၊ နုပျိုသည်မှ အိုမင်း ရင့်ရော်တဲ့အထိ ငို၍သော်လည်းကောင်း၊ ရှိုက်၍ သော်လည်းကောင်း စောင့်မျှော်လျက်နေဆဲပါ၊ မောင်ရေး လာမယ့်စာချွန်လွှာ၊ မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ” ဖြစ်ပါသည်။ မလွမ်းဘယ်သူ နေနိုင်ပါသနည်း။ ချစ်သူ မရှိခဲ့သူများပင်လျှင် ရှိသလိုလို လွမ်းမိပါလိမ့်မည်။
မြကျွန်းညိုတွင် ပညာသင်ကြသူများရင်ကို ထိခိုက် ဆွေးမြည့်စေသော တေးတစ်ပုဒ် ရှိပါသေးသည်။ စန္ဒရား ချစ်ဆွေ၏ “ချစ်သူဝေးဝေးမသွားပါနဲ့လား” ဖြစ်ပါသည်။ တေးစာသားက ချစ်သူတို့ဖြစ်ရပ်နှင့် ကိုက်ညီလွန်းလှသည်ပဲ။ “ကိုယ့်ဘဝနဲ့ ပေါင်းစပ်ဖလှယ် ရမယ်ထင်လို့ကွယ် …ချစ်မိပြီ ဆိုလေတိုင်း … အသက်ပေးပြီးချစ်ရသူအဖို့ရယ် …. အပြစ် မယူ ဆွေး… နွေးစကား.. သာဖွဲ့အနားဝယ်..ချစ်သူဝေးဝေး မသွားပါနဲ့လားကွယ် …ချစ်သူဝေးဝေးမသွားပါနဲ့လားကွယ် …သာယာသောကန်အကွေ့ဝယ် တွေ့ကြတုန်းက စိန်ပန်းပြာ နဲ့ ပဏာရသူလေးရယ် ...ခင်မင်တွယ်တာခြင်းရဲ့ ခိုင်မြဲလေ သော အသည်းကို ခွဲခွာခြင်းလက်နက်နဲ့ နှိပ်စက်ချင်သလား ကွယ် …(အနုပညာမြတ်နိုးသူကြီးရယ်)၂” စသည်ဖြင့်ပါပဲ။
အဘယ်မျှစွဲငြိစရာ၊ လွမ်းမောစရာကောင်းလိုက် ပါဘိသနည်း။ အနှစ် ၆၀ ကျော်ခဲ့သည့်တိုင် မေ့မရနိုင်ပါ။
စည်းကမ်းကို သရုပ်ဖော်သည့်သီချင်းဖြစ်
“မြကျွန်းညိုညိုတက္ကသိုလ်” သီချင်းသည် ကျွန်မတို့ ဆရာမဖြစ်သည့်အချိန်ခန့်ရောက်မှ ပေါ်ခဲ့သည်။ တက္ကသိုလ် ကျောင်းသူတစ်ဦးက တက္ကသိုလ်ကျောင်းတွေ အကြာကြီး ပိတ်လိုက်ပြီး ပြန်ဖွင့်ချိန်တွင် ကျောင်းသားများ လက်ရှည် ဝတ်ရန် စည်းကမ်းသတ်မှတ်သည်။ စည်းကမ်းကို သရုပ် ဖော်သည့်သီချင်းဖြစ်ပါသည်။ တစ်နေ့တခြား၊ တစ်နေ့ တခြား ပြောင်းလဲတတ်တဲ့ဝန်းကျင်ကိုပင် အံ့ဩမိတယ် ဆိုသည့် “တက္ကသိုလ်မှာ ဝေတဲ့ နှင်း”ကလည်း တက္ကသိုလ် ဓလေ့၊ တက္ကသိုလ်ဓလေ့နှင့် လိုက်ဖက်လွန်းလှပါဘိသည်။
ကိုမြသိန်း၏ မြသီတာ အလွမ်းပြေ “ကြင်ကြင်နာနာ ဘယ်ကမ္ဘာ” သီချင်းများက မေ့ရက်စရာမရှိပါ။ ရသလွန်ကဲ ပြည့်ဝလွန်းလှပါသည်။ “ကြင်ကြင်နာနာ ဘယ်ကမ္ဘာ” ကို ရေးသူ ပညာရေးတက္ကသိုလ်မှ မိုးကျော်ထွန်းသည် ချစ်သူကို ရည်ရွယ်ရေးဖွဲ့ခဲ့သော်လည်း တကယ့်ဘဝတွင်မူ “ချစ်သူရီရီ၊ ကြည်ကြည်ပြုံးပြုံးနှင့် ကမ္ဘာသက်ဆုံးရာ သက်လုံး မပေါင်း လိုက်ရပါ။” မြကျွန်းညိုသို့ သတိရတိုင်း ကရုဏာ လွှမ်းမိုး၊ အကြင်နာဆယ်ဆတိုးရင်း သည်ဘဝကာလတွေ ကုန်ဆုံး ခဲ့ရရှာသည်။
အဆောင်သူများသည် ညနေ ၆ နာရီထိုးလျှင် ထွက်ခွင့်မရှိပါ။ သို့ရာတွင် ထွက်ခွင့်ရသော နေ့များရှိခဲ့ပါ သည်။ ထိုနေ့များသည် တစ်သက်တွင် အပျော်ဆုံးနေ့များ ထဲတွင် ပါဝင်သည့်အတွက် မေ့မရပါ။ ကျွန်မတို့ ကျောင်းတက် စဉ်က ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း နာမည် ကြီးခါစ ဖြစ်သည်။ မင်းသားကြီးသည် ဘီအေအောင်ပြီး ဘီအယ်လ်တက်နေသည်။ နံနက်စောစောတွင် ဘီအယ်လ် အတန်းများရှိသည်။ ၁၉၆၁ ခုနှစ်ခန့်တွင် စစ်ရဲနှင့် ရန်ကုန် တက္ကသိုလ်ဘောလုံးအသင်း အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ရပါသည်။ အမျိုးသမီးဆောင်များ ညအပြင်ထွက်ခွင့်ရပါ သည်။
အလွန်တက်ကြွ ပျော်ရွှင်ခဲ့သည့်နေ့ရက်များ
ဘတ်(စ်)ကားများနှင့် ဘောလုံးပွဲသွားကြည့်ပြီး တက္ကသိုလ်အသင်းကို အားပေးကြပါသည်။ ထိုနေ့က တက္ကသိုလ်ဝင်းတစ်ခုလုံး ကျောင်းသား ကျောင်းသူမကျန် တော့ပါ။ မင်းသားကြီးသည် ရှေ့တန်းတိုက်စစ်မှူး ဖြစ်ပါ သည်။ ဂိုးဒိုင်ခံသွင်း၍ အနိုင်ယူပေးပါသည်။ ယနေ့ခေတ် ပရီမီယာလိဂ် ဘောလုံးပွဲများတွင် ရှေ့တန်းတိုက်စစ်မှူး သည်လည်း နောက်တန်းဆင်းလိုက်ရပါသည်။ နောက်တန်း ခံစစ်ကလည်း ရှေ့တက်ရပါသည်။ တစ်ကွင်းလုံး ပတ်ကစား ရပါသည်။ ထိုခေတ်က ကစားဟန်မှာ ထိုသို့မဟုတ်ပါ။ ရှေ့တန်းတိုက်စစ်မှူးသည် နောက်တန်းသို့ ဆင်းရန်မလိုပါ။ ရှေ့တန်းမှ အသင့်စောင့်၍ ဘောလုံးကိုရယူပြီး ဂိုးသွင်း ရုံသာ ဖြစ်ပါသည်။ ကျွန်မတို့ တက္ကသိုလ်အသင်း၏ ရှေ့တန်း တိုက်စစ်မှူး ကောလိပ်ဂျင်နေဝင်းသည် ဘောလုံးကစားရာ၌ ကျွမ်းကျင်သူ၊ ဂိုးသွင်းရာ၌ ကျွမ်းကျင်သူပီပီ ရှေ့တန်းတွင် အေးအေးဆေးဆေး လမ်းလျှောက်နေပါသည်။ ဘောလုံး အရှေ့သို့ ပြန်ရောက်လာမှ သယ်ယူပြီး ဂိုးသွင်းသူ ဖြစ်ပါ သည်။ ဂိုးတစ်ဂိုးဝင်သွားတိုင်း ပွဲကြည့်စင်ပေါ်တွင်ထိုင်ရာ မှထ၍ ဂိုးအရေအတွက်ပြောင်း / မပြောင်းကိုကြည့်ရသည်မှာ ပျော်စရာကောင်းလှပါသည်။ ဘဝမှာ အလွန်တက်ကြွ ပျော်ရွှင်ခဲ့သည့်နေ့ရက်များပါ။
ဆီမီးဖိုင်နယ်အဆင့်ကိုကျော်ပြီး ဖိုင်နယ်ဗိုလ်လုပွဲတွင် မီးရထားနှင့် ပြိုင်ရပါသည်။ ကံ့ကော်တစ်တောလုံး အောင်ဆန်းကွင်းသို့ ရွေ့လျားကြသည်။ ဗိုလ်လုပွဲနိုင်၍ ဖလားရသောအခါ ကျောင်းသား ကျောင်းသူများသည် ကျောင်းသို့မပြန်သေးဘဲ “ဗာစီတီ … ဗာစီတီ…ရားရား…” ဟု ရန်ကုန်တစ်မြို့လုံးပတ်၍ အော်ကြပါသည်။ ဘောလုံး ကစားသူများအတွက် ဂုဏ်ပြုပွဲကို ပိတောက်လမ်းရှိ ဘီအိုစီကွင်း၌ ကျင်းပရာတွင်လည်း ကျောင်းသူများပါ ညထွက်ခွင့်ရပါသည်။ ချစ်သူရှိသူများတွင် ချစ်သူ ကိုယ်ရံတော်များပါသည်။ ကိုယ်ရံတော်လုပ်ခွင့်စောင့်နေ သူတို့ကလည်း သူချစ်နေသော မိန်းကလေးအုပ်စုအနီးတွင် မိတ်ဆွေအနေဖြင့် ဝန်းရံပေးနေကြသည်။
တစ်ဦးတစ်ယောက်ချင်းတွဲကာ မှောင်ရိပ်ခိုသည့် အလေ့မရှိပါ။ မိန်းကလေးများကလည်း အုပ်စုလိုက် သွားပြီး ယောကျ်ားလေးများကလည်း အုပ်စုလိုက် ပျော်ပျော်ပါးပါး သွားကြလာကြခြင်းသာ ဖြစ်ပါသည်။ ဂုဏ်ပြုပွဲတွင် အငြိမ့်စင် နှစ်ခု ရှိပါသည်။ တစ်ဦးမှာ အမာစိန်အငြိမ့် ဖြစ်ပါသည်။ အမာစိန်အငြိမ့်သည် တက္ကသိုလ်လောကတွင် နာမည်ကြီးလှသည်။ အဆောင် ညစာစားပွဲများတွင် အမာစိန်အငြိမ့်ကိုငှားလေ့ရှိသည်။ ထိုစဉ်က မြန်မာစာ ဆရာကြီးဦးလှရွှေသည် ဒဂုံဆောင်၏ အဆောင်မှူး ဖြစ်သည်။ သူ့အဆောင်မှာ အမာစိန်အငြိမ့် ကပြီးနောက် အတန်းထဲတွင် မနေ့ညက ကျောင်းသားတွေ အမာစိန်ကို ငေးမောပြီး “အမာရေ…အမာရေ…. အစ်ကို တို့ ဒီမှာ….ဒီမှာနဲ့အော်ပြီး သွားကြလာကြတာ မြောင်းထဲ ချည်းပြုတ်ကျကုန်တာ”ဟု ရယ်စရာပြောပြသည်။ အမာစိန်သည်လည်း တက္ကသိုလ်နန်းတွင် တလဲ့ဆန်းခဲ့ ဖူးပါသည်။
ကံ့ကော်တောတွင် တက္ကသိုလ်ရောက် တောသား လေးများအတွက် စာပေစကား ကြားနာခြင်းဖြင့်လည်း ပျော်နိုင်ကြပါသည်။ လက်မှတ်တစ်စောင် ငါးမူးနှင့် ဘွဲ့နှင်းသဘင်ခန်းမတွင် ဉာဏ်ကြီးရှင်ဖြေဆိုပွဲ၊ ကျပန်း စကားပြောပွဲများကို နားထောင်နိုင်ကြပါသေးသည်။ စာရေးဆရာစိန်လွင်လေးသည် ထိုစဉ်က ကျပန်းစကား ပြောကောင်းလွန်းသည့် ကျပန်းမောင် ဖြစ်ခဲ့သည်။ ကံ့ကော်တော၏ ဝတ်စားဆင်ယင်မှုစတိုင်ကလည်း မြင်ရသူ စိတ်ကိုဖမ်းစားနိုင်ပါသည်။ ဆရာများသည် တိုက်ပုံ၊ ဘန်ကောက်ပုဆိုး၊ ခေါင်းပေါင်းနှင့် ကျက်သရေ ရှိလွန်းလှပါသည်။ တက္ကသိုလ်ဆရာဂုဏ်နှင့် လိုက်ဖက် လွန်းလှပါသည်။ ဆရာမများသည် အင်းလေးလုံချည်၊ ဇင်းမယ်လုံချည်၊ အင်္ကျီလက်ရှည်တွင် ပဝါနှစ်စ အသာချ၍ ယဉ်ကျေးတင့်တယ်လွန်းလှပါသည်။ စာမေးပွဲ ဖြေစဉ်၌ပင် တက္ကသိုလ်ဆရာမတို့၏ ဆင်ယင်ထုံးဖွဲ့မှုနှင့် လှပလွန်းသောဆရာမလေးများကို ကြည့်လိုက်ဖြေလိုက် နှင့် ပင်ပန်းခဲ့ရဖူးပါသည်။ ကျွန်မ ကြုံခဲ့ရသော တက္ကသိုလ် သည် ပညာရေး၌ အဆင့်မြင့်သည်။ အရှေ့တောင်အာရှမှ ပညာသင်ကျောင်းသားများကို တွေ့နိုင်သည်။
မကြာမီ ဆောင်းရောက်တော့မည်။ တက္ကသိုလ် သည် ရာပြည့်တော့မည်။ ဆောင်းဦးကာလ မြကျွန်းညို သည် ပန်းချီကဗျာထက် လှနေပေဦးမည်။ နှင်းမှုန်ဖွဲဖွဲ အောက်တွင် သစ်ရွက်ခြောက်များကို မီးပုံရှို့ရင်း အဆောင်ရှေ့တွင် တစ်ခါက ကျောင်းသားများ၏ သီချင်း သံသည် ဝေ့ကာဝဲကာနှင့် ပျံ့လွင့်နေပေဦးမည်။ မှုန်ပြာရီ ရာသီတွေပြောင်း တစ်ဆောင်းသစ်ခဲ့ပြီတဲ့လေ……။
ပန်းချီကဗျာထက်လှသော သီလာတက္ကသိုလ်သည် ကမ္ဘာတည်သရွေ့ အသက်ရှည်ကျန်းမာ၊ ချမ်းသာ ပါစေသော်။ ။
- Log in to post comments