စေတနာမှန်ကန်သည့် ငြိမ်းချမ်းရေးလမ်းပေါ်

 

နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် အဖြေရှာမှုများ ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာရသည်။ နိုင်ငံရေး သွတ်သွင်းထားသော   လက်နက်ကိုင်အဖွဲ့အစည်းများ  တည် ထောင်၍ စစ်ရေးနည်းလမ်းကို ကျင့်သုံးရာတွင် ပဋိပက္ခ၏ ဒဏ်ကို အများဆုံးခံစားကြရသူများမှာ မငြိမ်းချမ်းသောနယ်မြေများမှ ပြည်သူများက အဓိကဖြစ်သည်။ မငြိမ်းချမ်းခြင်းကြောင့် ဖွံ့ဖြိုး တိုးတက်အောင်  မပြုလုပ်နိုင်ခြင်းနှင့်   နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်းတို့မှာ ထပ်ဆင့်ထိခိုက်ဆုံးရှုံးမှုများပင်ဖြစ်သည်။

 


မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိရာ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းလည်း များသည်။ နယ်ချဲ့လက်အောက်ခံ ဘဝမှ လွတ်မြောက်ခဲ့ပြီး မကြာမီမှာပင် စတင်ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများမှာ ၇၄ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် သံသရာမဆုံးနိုင်သေးဘဲ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးအဖြစ် မှတ်တမ်းဝင်နေပြီဖြစ်သည်။ အဆိုပါ လက်နက်ကိုင်ပဋိပက္ခများ အားလုံးသည်    ကိုလိုနီနယ်ချဲ့စနစ်၏   ဆိုးမွေ၊  နိုင်ငံကို  စနစ် နှစ်မျိုးဖြင့် သွေးခွဲအုပ်ချုပ်ခဲ့ခြင်းမှ ထွက်ပေါ်လာသည့် အကျိုး ဆက်၊ နယ်ချဲ့တို့ အစီအစဉ်တကျ ချပေးခဲ့သည့် သံသယမျိုးစေ့တို့မှ ပေါက်ဖွားလာသည့်   အဆိပ်ပင်များပင်ဖြစ်သည်။  သို့ရာတွင် လက်နက်ကိုင်ပဋိပက္ခများ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကာမူ ဆယ်စုနှစ်ပေါင်းများစွာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြောင်းလာသည့်အခါ အဖြေမပေါ်သည့် နည်းလမ်းကို ပြန်လည် သုံးသပ်ရန် လိုအပ်လာသည်။ 

 


နိုင်ငံသူ နိုင်ငံသား ပြည်ထောင်စုဖွား ပြည်သူလူထု၏ ဆန္ဒ အမှန်မှာ ပြည်ထောင်စုကြီးတစ်ခုလုံး ဥမကွဲသိုက်မပျက် ထာဝရ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားပြည်သူလူထုအားလုံး သွေးစည်း ညီညွတ်စွာ တန်းတူရည်တူ အေးအတူပူအမျှ အတူတကွ နေထိုင် ရေး၊   ခေတ်မီဖွံ့ဖြိုးတိုးတက်သော  အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည် နိုင်ရေးတို့ပင် ဖြစ်သည်။ ယင်းဆန္ဒများ ပြည့်ဝရန်အတွက် အခြေခံ အကျဆုံးလိုအပ်ချက်မှာ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးပင် ဖြစ်သည်။ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၂  ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်သွားရန် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးရယူနိုင်ရန်မှာ ပဋိပက္ခ၏ နှစ်ဖက်စလုံး တွင် ရှိနေသူများက ဆန္ဒရှိရန်လိုသည်။ တစ်ဖက်တည်းက မည်မျှ ပင် ငြိမ်းချမ်းလိုသည်ဖြစ်စေကာမူ အခြားတစ်ဖက်က မလိုလား ပါက မငြိမ်းချမ်းနိုင်။ ငြိမ်းချမ်းလိုသည့် သန္နိဋ္ဌာန်ဖြင့် အတူတကွ ညီညွတ်စွာ   ပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့်  ငြိမ်းချမ်းရေး ပန်းတိုင်ကို လျင်လျင်မြန်မြန် လှမ်းကိုင်နိုင်ပြီး ပြည်သူလူထုလည်း ငြိမ်းချမ်းမှုနှင့် လွတ်လပ်မှုတို့၏ အရသာကို ခံစား စံစားနိုင်ကြ မည်ဖြစ်သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်၏  ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ     ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) အဖွဲ့ဥက္ကဋ္ဌ စဝ်ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စများ ဆွေးနွေးနိုင်ခဲ့ပြီဖြစ်ရာ  စေတနာမှန်ကန်စွာနှင့် လက်တွေ့ကျစွာ ခင်းကျင်းပေးထားသည့် ငြိမ်းချမ်းရေးလမ်းပေါ်သို့ ကျန်အဖွဲ့များအားလုံးလည်း    လျှောက်လှမ်းလာနိုင်ကြပါစေ ကြောင်း။      ။