
ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)
မေး ။ ။ Monkeypox (မျောက်ကျောက်ရောဂါ) ဆိုသည်မှာ ဘာပါလဲ?
ဖြေ ။ ။ Monkeypox (မျောက်ကျောက်ရောဂါ) ဆိုသည်မှာ မျောက် များတွင် စတင်တွေ့ရှိရသည့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက် သည့် ဗိုင်းရပ်စ်ရောဂါ (viral zoonotic disease) တစ်မျိုးဖြစ်ပါတယ်။ ကျောက်ကြီးရောဂါ (smallpox) ဖြစ်ပွားစေသည့်ဗိုင်းရပ်စ် (variola virus) နှင့် မျိုးဗီဇအုပ်စု (orthopox)ချင်းတူညီသည့် မျောက်ကျောက် ရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါတယ်။ ရောဂါကူးစက်မှု ပိုမြန်ပြီး ရောဂါပြင်းထန်မှု ပိုများတဲ့ အာဖရိကအလယ်ပိုင်း ကွန်ဂိုချိုင့်ဝှမ်း မျိုးစိတ် (Congo Basin Clade) နဲ့ အာဖရိကအနောက်ပိုင်းမျိုးစိတ် (West African Clade) ဟူ၍ ထင်ရှားတဲ့ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ် မျိုးစိတ်နှစ်ခုရှိပါတယ်။
မေး ။ ။ ကျောက်ရောဂါဆိုသည်မှာ အမျိုးအစား ဘာတွေရှိပါသလဲ?
ဖြေ ။ ။ အဓိကအားဖြင့် လူသိများတဲ့ ကျောက်ရောဂါတွေကတော့ ကမ္ဘာ့ကပ်ရောဂါကြီး တစ်ခုဖြစ်ခဲ့တဲ့ ကျောက်ကြီးရောဂါ (smallpox)၊ နွားကျောက်ရောဂါ (cowpox)၊ အခု တစ်ကျော့ပြန် ဦးမော့လာတဲ့ မျောက်ကျောက်ရောဂါ (monkeypox) နဲ့ အခြား ကျောက်ရောဂါတစ်ခုဖြစ်တဲ့ ရေကျောက်ရောဂါ (chickenpox) တို့ဖြစ်ကြပါတယ်။ ကျောက်ကြီးရောဂါ၊ နွားကျောက်ရောဂါနဲ့ မျောက်ကျောက်ရောဂါတို့က ကျောက်ရောဂါဗိုင်းရပ်စ်အုပ်စု (Poxviridae) အုပ်စုထဲမှာ ပါဝင်ကြတာဖြစ်ပြီး ရေကျောက်ရောဂါ ကတော့ အခေါ်အဝေါ်အရသာ ကျောက်ရောဂါစာရင်းထဲမှာ ပါနေတာ ဖြစ်ပြီး ရေယုန်ရောဂါ ဗိုင်းရပ်စ်အုပ်စု (Herpesviridae) ထဲမှာ ပါဝင် တာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့နိုင်ငံမှာ မကြာခဏ ဖြစ်ပွားမှုတွေ ရှိတတ်တဲ့ ရေကျောက်ရောဂါနဲ့ မျောက်ကျောက်ရောဂါရဲ့ သဘော သဘာဝက အလွန်ကွာခြားတာမို့ မိဘပြည်သူများအကြား စိုးရိမ်မှုတွေ မဖြစ်စေဖို့ ဦးစွာတင်ပြလိုပါတယ်။
မေး ။ ။ အခုတွေ့နေရတဲ့ မျောက်ကျောက်ရောဂါက ကိုဗစ်-၁၉ ရောဂါလို ဗိုင်းရပ်စ်အသစ် ပေါ်လာတာလား?
ဖြေ ။ ။ Monkeypox (မျောက်ကျောက်ရောဂါ) က ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်လို ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ် အသစ်အနေနဲ့ ပေါ်လာတာ မဟုတ်ပါဘူး။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်လို ကူးစက်ရောဂါ ဗိုင်းရပ်စ်အသစ် ပေါ်လာတာကို emerging infectious disease လို့ခေါ်ပြီး ကမ္ဘာပေါ်မှာ ယခင်ကတည်းက ရှိခဲ့တဲ့ Monkeypox (မျောက်ကျောက်ရောဂါ) ဗိုင်းရပ်စ် တစ်ကျော့ပြန်ကူးစက်လာတာကို reemerging infectious disease လို့ခေါ်ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ နဲ့ သဘောသဘာဝချင်းလည်း အလွန်ကွာခြားပါတယ်။
မေး ။ ။ Monkeypox (မျောက်ကျောက်ရောဂါ) ကို ဘယ်လိုစတင် တွေ့ရှိခဲ့တာပါလဲ?
ဖြေ ။ ။ Monkeypox (မျောက်ကျောက်ရောဂါ) ဟာ ၁၉၅၈ ခုနှစ် ကတည်းက ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းအတွင်းက မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာဖြစ်လို့ မျောက်ကျောက်ရောဂါလို့ အမည်ပေးခဲ့တာဖြစ်ပြီး လူသားတွေမှာ ဒီရောဂါ စတင်တွေ့ရှိမှုအနေနဲ့ ၁၉၇၀ ပြည့်နှစ်မှာ အာဖရိကတိုက်၊ ကွန်ဂိုနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အာဖရိကတိုက် အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာရှိတဲ့ မိုးသစ်တော တွေနဲ့ ၎င်းတို့နဲ့ ဆက်စပ်ရာနိုင်ငံ/ဒေသတွေဖြစ်တဲ့ ကင်မရွန်း၊ ဗဟို အာဖရိက၊ ကော့ဒီ အိုင်ဗွိုင်ယာ၊ ဒီအာစီကွန်ဂို၊ ဂါဘွန်၊ လိုင်ဘေးရီးယား၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုရီပတ်ဘလစ်၊ ဆီရာလီယွန်တို့မှာ ဆက်တိုက် တွေ့ခဲ့ရပြီး ရောဂါတွေ့ရှိမှု အများဆုံးအနေနဲ့ကတော့ ဒီအာစီကွန်ဂို နိုင်ငံမှာ တွေ့ရှိရတာဖြစ်ပါတယ်။
အာဖရိကဒေသ ပြင်ပကို ဒီရောဂါ စတင်ပျံ့နှံ့မှုအနေနဲ့ ၂၀၀၃ ခုနှစ်မှာ အမေရိကန်နိုင်ငံကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး အာဖရိက တိုက် ဂါနာနိုင်ငံက တင်ပို့လာတဲ့ တောရိုင်းတိရစ္ဆာန်တွေ ရောင်းတဲ့ အရောင်းဆိုင်နဲ့ ဆက်စပ်ကူးစက်တာဖြစ်တယ်လို့ သိရှိရပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း အာဖရိကပြင်ပဒေသဖြစ်တဲ့ အစ္စရေးနိုင်ငံကို စက်တင်ဘာလ၊ ၂၀၁၈ မှာ ဝင်ရောက်လာတဲ့ နိုင်ဂျီးရီးယားက ခရီးသည်တွေမှာ ရောဂါကို တွေ့ရှိခဲ့ရပြီး ယူကေနိုင်ငံမှာလည်း စက်တင်ဘာ ၂၀၁၈၊ ဒီဇင်ဘာ ၂၀၁၉၊ မေ ၂၀၂၁နဲ့ မေ ၂၀၂၂ တွေမှာ တွေ့ရတယ်လို့ သိရပါတယ်။ စင်ကာပူနိုင်ငံမှာတော့ မေ ၂၀၁၉ နဲ့ အမေရိကန်နိုင်ငံမှာတော့ ဇူလိုင်နဲ့ နိုဝင်ဘာ ၂၀၂၁ မှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
မေး ။ ။ အခု ၂၀၂၂ ခုနှစ်မှာ တွေ့ရတဲ့ မျောက်ကျောက်ရောဂါ ပျံ့နှံ့မှုက ဘယ်လိုပါလဲ?
ဖြေ ။ ။ အခု ၂၀၂၂ ခုနှစ်အတွင်းမှာ မျောက်ကျောက်ရောဂါပျံ့နှံ့မှု အနေနဲ့ ယူကေနိုင်ငံ၊ လန်ဒန်မြို့မှာ မျောက်ကျောက် ရောဂါ ကူးစက်ရာဒေသဖြစ်တဲ့ အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံက ဝင်ရောက်လာတဲ့ ခရီးသည်တစ်ဦးထံမှာ ရောဂါပိုးကို (၇-၅-၂၀၂၂) ရက်နေ့မှာ စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေကို ဆက်တိုက် ဆိုသလို တွေ့ရှိလာရတာဖြစ်ပါတယ်။ ဒီလိုတွေ့ရှိမှုတွေဟာ မျောက် ကျောက်ရောဂါဖြစ်ပွားမှုအနေနဲ့ အာဖရိကတိုက်ပြင်ပမှာ ယခင်က မတွေ့ဖူးတဲ့ ကူးစက်ပျံ့နှံ့မှုမျိုးဖြစ်ပါတယ်။
(၂၅-၅-၂၀၂၂) ရက်နေ့ နံနက်ပိုင်းအထိ အာဖရိကဒေသ ပြင်ပမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာတွေ့ရှိရတဲ့ နိုင်ငံပေါင်း ၁၉ ခု၊ သံသယဖြစ်ဖွယ်လူနာတွေ့ရှိရတဲ့ နိုင်ငံတစ်ခု စုစုပေါင်း ၂၀ ခု နှင့် အာဖရိကဒေသ အနောက်မြောက်ပိုင်းမှာရှိတဲ့ ယခင်က ဖြစ်ပွားမှု မရှိခဲ့တဲ့ မော်ရိုကိုနိုင်ငံကိုပါ ထည့်သွင်းတွက်ချက်ပါက ရောဂါ အတည်ပြုလူနာနဲ့ သံသယလူနာတွေ့ရှိတဲ့ နိုင်ငံစုစုပေါင်း ၂၁ နိုင်ငံ ရှိပြီဖြစ်ပါတယ်။ (၂၅-၅-၂၀၂၂) ရက်နေ့ နံနက်ပိုင်းအထိ ဒီနိုင်ငံတွေမှာ အတည်ပြုလူနာ ၂၂၈ ဦး၊ ရောဂါဖြစ်နိုင်ခြေရှိတဲ့လူနာ နှစ်ဦး၊ သံသယ ဖြစ်ဖွယ်လူနာ ၈၂ ဦး စုစုပေါင်း ၃၁၂ ဦး ရှိနေတာကိုသိရပြီး ရောဂါ ကြောင့် သေဆုံးသူမရှိကြောင်း သိရှိရပါတယ်။ ဥရောပ၊ မြောက် အမေရိက၊ ဩစတြေးလျ၊ အရှေ့အလယ်ပိုင်းဒေသတွေမှာ ရောဂါကို တွေ့နေရတာဖြစ်ပြီး အတည်ပြုလူနာ အများဆုံးတွေ့ရတဲ့ နိုင်ငံတွေ အနေနဲ့ ယူကေနိုင်ငံမှာ ၇၁ ဦး၊ စပိန်နိုင်ငံမှာ ၅၁ ဦး၊ ပေါ်တူဂီနိုင်ငံမှာ ၃၉ ဦး ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသနဲ့ မိမိတို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာတော့ ရောဂါဖြစ်ပွားသူ တွေ့ရှိရခြင်း မရှိသေးပါဘူး။
ဒီရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ နိုင်ငံ တကာကျန်းမာရေးအဖွဲ့အစည်းတွေအနေနဲ့ သတိပြုရမယ့်ရောဂါ တစ်ခုအဖြစ် သတ်မှတ်လာတဲ့ အဓိကအကြောင်းရင်းကတော့ ယခင်က ရောဂါဖြစ်ပွားမှုမရှိခဲ့တဲ့ အာဖရိကဒေသပြင်ပနိုင်ငံတွေမှာ ရောဂါဖြစ်ပွားသူတွေကို အချိန်တိုအတွင်းမှာ အရေအတွက် အတော် များများ တွေ့ရှိခဲ့ရခြင်း၊ ရောဂါတွေ့ရှိရသူတွေမှာ ရောဂါဖြစ်ပွားရာ ဒေသသို့ ခရီးသွားရာဇဝင် မရှိခဲ့ခြင်းနဲ့ ရောဂါအတည်ပြုလူနာနဲ့လည်း တိုက်ရိုက်ထိတွေ့ခဲ့ခြင်း မရှိဘဲ ရောဂါဖြစ်ပွားမှုတွေ တွေ့ရှိလာရတဲ့ အချက်ဖြစ်ပါတယ်။
မေး ။ ။ Monkeypox (မျောက်ကျောက်ရောဂါ) လက္ခဏာတွေက ဘာတွေပါလဲ?
ဖြေ ။ ။ ခန္ဓာကိုယ်အတွင်း Monkeypox ဗိုင်းရပ်စ် စတင်ဝင်ရောက် ချိန်မှ ရောဂါလက္ခဏာပြတဲ့အထိ ရောဂါပျိုးချိန်ကာလရှိတာ ဖြစ်ပြီး ပုံမှန်အားဖြင့် ၆ ရက်ကနေ ၁၃ ရက်ခန့် ကြာတတ်ပါတယ်။ အနည်းဆုံး ၅ ရက်ကနေ အများဆုံး ၂၁ ရက်အထိ ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အဆင့်နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်အနေနဲ့ ဗိုင်းရပ်စ်က ခန္ဓာကိုယ်အတွင်း စတင်ကျူးကျော် ဝင်ရောက်တဲ့ကာလဖြစ်ပြီး အချိန်အကြာဆုံး ငါးရက်လောက်အထိ ကြာမြင့်နိုင်ပါတယ်။ ဒီအချိန်မှာ ရောဂါလက္ခဏာတွေအနေနဲ့ဖျားခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ခြင်း၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံမှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းကြီးထွားလာခြင်း၊ နောက်ကျော နာကျင်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အလွန်အမင်း အားအင်ကုန်ခန်းခြင်းတို့ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီနေရာမှာ ကွဲပြား ထင်ရှားတဲ့လက္ခဏာက အစောပိုင်းမှာကတည်းက ပြန်ရည်ကျိတ်တွေ က ရောင်ရမ်းကြီးထွားလာခြင်းဖြစ်ပါတယ်။ ဒါက ကျောက်ရောဂါ၊ ရေကျောက်ရောဂါနဲ့ ဝက်သက်ရောဂါတို့လို အရေပြားပေါ်မှာ အရည် ကြည်ဖုတွေ အကွက်တွေ ထွက်တာတွေ ချင်းတူတဲ့ ရောဂါတွေနဲ့ သိသာစွာကွဲပြားတဲ့အချက် ဖြစ်ပါတယ်။
ဒုတိယအဆင့်မှာကတော့ စတင်ဖျား၍ ၁ ရက်ကနေ ၃ ရက် လောက်မှာ အရေပြားပေါ်မှာ အကွက်တွေထွက်လာတာပါ။ ကိုယ်လုံး ပေါ်မှာထက်စာရင် မျက်နှာနဲ့ ခြေ/လက်တွေပေါ်မှာ ပိုပြီးထွက်ပါ တယ်။ ကူးစက်ခံရသူတွေရဲ့ ၉၅ ရာခိုင်နှုန်းက မျက်နှာပေါ်၊ ၇၅ ရာခိုင် နှုန်းက လက်ဖဝါး/ ခြေဖဝါးပေါ်၊ ၇၀ ရာခိုင်နှုန်းက ပါးစပ်ထဲမှာ၊ ၃၀ ရာခိုင်နှုန်းက လိင်အင်္ဂါပေါ်မှာ၊ ၂၀ ရာခိုင်နှုန်းက မျက်စိမှာ ပေါ်တတ်ပါတယ်။ အရေပြားပေါ် အကွက်စတင်ပေါ်လာရာက အဖုလေးတွေဖြစ်လာတယ်။ အဲဒီနောက်မှာ အရည်ကြည်ဖုဖြစ်လာရာ က အဝါရောင်အနှစ်တွေပါတဲ့ ပြည်ဖုတွေဖြစ်လာပါတယ်။ ဆက်ပြီး အဖုတွေမှာ အနာဖေးတွေဖြစ်လာပြီး ကွာကျလာပါတယ်။ အဲဒီအဖု/အရည်ကြည်ဖုတွေက ခန္ဓာကိုယ်မှာ အရေအတွက်ထောင်နဲ့ချီပြီး ပေါ်လာတာဖြစ်လို့ အဖုတွေက ပေါင်းသွားပြီး အချို့လူတွေမှာ အရေပြား အလွှားလိုက်ကွာကျသည်အထိ ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာချင်း ဆင်တူပြီး မိမိတို့နိုင်ငံမှာ ဖြစ်ပွားလေ့ရှိတဲ့ ရေကျောက်ရောဂါမှာတော့ ရင်ဘတ်၊ နောက်ကျော စတဲ့ ကိုယ်လုံးပေါ် မှာ အရေပြားပေါ်အရည်ကြည်ဖုငယ်တွေ စတင်ထွက်လာတာဖြစ်ပြီး ယားယံမှုကိုပါ တွဲဖက်၍ ခံစားရလေ့ရှိပါတယ်။ မျောက်ကျောက် ရောဂါမှာလို စတင်လက္ခဏာပေါ်စဉ်ကတည်းက ပြန်ရည်ကျိတ်တွေ
ကြီးမားရောင်ရမ်းလာတာမျိုး မရှိပါဘူး။
မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတွေ အများစုကတော့ နှစ်ပတ်ကနေ လေးပတ်လောက်အတွင်းမှာ ပြန်လည်ကောင်းမွန်လေ့ ရှိပေမယ့်လည်း ကလေးတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားလျော့နည်းသူတွေမှာ ရောဂါပြင်းထန်စွာ ခံစားရနိုင် ပါတယ်။
မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အရေပြားအနာပိုးဝင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ပြည်တည်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ မျက်စိကွယ်ခြင်းတို့ဖြစ်ပွားနိုင်ရာမှ အသက် သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်း ကတော့ ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိရှိပြီး ကလေးတွေ၊ နာတာရှည်ရောဂါ အခံရှိသူတွေ၊ ကိုယ်ခံအားလျော့နည်းသူမှာ သေဆုံးမှုနှုန်း ပိုမိုမြင့်မားစွာခံစားရနိုင်ပါတယ်။ ယခင်တွေ့ရှိချက် တွေအရ အာဖရိကအလယ်ပိုင်း ကွန်ဂိုချိုင့်ဝှမ်းမျိုးစိတ် (Congo Basin Clade) က ရောဂါကြောင့် သေဆုံးနှုန်း ၁၀ ရာခိုင်နှုန်းအထိ ရှိခဲ့တာကို တွေ့ရပြီး အာဖရိက အနောက်ပိုင်းမျိုးစိတ် (West African Clade)ကတော့ ရောဂါကြောင့် သေဆုံးနှုန်း ၁ ရာခိုင်နှုန်းခန့်ပဲ ရှိခဲ့တာ ကို တွေ့ရပါတယ်။
မေး ။ ။ မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ပိုးက ဘယ်လိုတိရစ္ဆာန် တွေမှာ ရှိနေနိုင်တာလဲ?
ဖြေ ။ ။ မျောက်ကျောက်ရောဂါရှိနိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေ အနေနဲ့ အဓိကအားဖြင့် ရှဉ့်၊ ကြွက်၊ မျောက်၊ လူဝံ စတဲ့ တောရိုင်းတိရစ္ဆာန်တွေမှာ ရှိနေနိုင်တာဖြစ်ပါတယ်။ မျောက်ကျောက် ရောဂါအနေနဲ့ မျောက်တွေမှာ စတင်တွေ့ရတာဖြစ်ပေမယ့်လည်း မည်သည့်တောရိုင်းတိရစ္ဆာန်ဆီက အတိအကျ စတင်တယ်ဆိုတာနဲ့ တောရိုင်းသဘာဝ (Wildlife) မှာ ဗိုင်းရပ်စ်ရဲ့ သံသရာလည်ပုံကို သိရှိရအောင် လေ့လာမှုတွေဆောင်ရွက်ဖို့ လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။
မေး ။ ။ မျောက်ကျောက်ရောဂါက ဘယ်လိုကူးစက်တာပါလဲ?
ဖြေ။ ။ မျောက်ကျောက်ရောဂါ ကူးစက်ပုံတွေအနေနဲ့ တောရိုင်း တိရစ္ဆာန်တွေဆီက ကူးစက်ခြင်းနဲ့ လူအချင်းချင်း ကူးစက် ခြင်းတို့ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်ထားတဲ့ တောရိုင်းတိရစ္ဆာန်ရဲ့ သွေး၊ ဆီး၊ တံတွေးစတဲ့ ခန္ဓာကိုယ်ကထွက်ရှိတဲ့အရည်တွေ၊ အညစ် အကြေးတွေနဲ့ တိရစ္ဆာန်အရေပြားပေါ်မှာရှိတဲ့ အနာခွက်တွေကို တိုက်ရိုက်ထိတွေ့မိခြင်းကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။
လူအချင်းချင်းကူးစက်မှုအနေနဲ့ကတော့ တိုက်ရိုက်ထိတွေ့မှု ကနေတစ်ဆင့် ကူးစက်ခြင်းက ရောဂါရှိသူရဲ့ အနာခွက်တွေကို ထိတွေ့မိရာကတစ်ဆင့် ကူးစက်ခြင်းနဲ့ ခန္ဓာကိုယ်က ထွက်ရှိလာတဲ့ အရည်တွေ၊ အညစ်အကြေးတွေမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါရှိသူ အသက်ရှူထုတ်လိုက်တဲ့အခါ အစက်အမှုန်တွေ က အသက်ရှူလမ်းကြောင်းကနေ ထွက်လာပြီး အနီးရှိသူများကို တိုက်ရိုက်ဝင်ရောက်ကူးစက်စေခြင်းနဲ့ ရောဂါရှိသူရဲ့ အဝတ်အစားတွေ၊ အိပ်ယာတွေမှာ ကပ်တင်နေတဲ့ ရောဂါပိုးတွေကို လက်ဖြင့်ကိုင်တွယ်မိ ပြီး လက်ကို စနစ်တကျ မဆေးကြောဘဲ မိမိပါးစပ်၊ နှာခေါင်းစသည် တို့ကို ကိုင်တွယ်မိရာက ကူးစက်တာဖြစ်ပါတယ်။
ဒီနေရာမှာ ကိုဗစ်-၁၉ ရောဂါနဲ့ တူညီတဲ့အချက်ကတော့ အသက်ရှူလမ်းကြောင်းနဲ့ လက်ကနေတစ်ဆင့် ကူးစက်နိုင်တာချင်း တူညီတာဖြစ်ပေမယ့် မတူညီတဲ့အချက်ကတော့ မျောက်ကျောက် ရောဂါပိုးဟာ ကိုဗစ်-၁၉ ရောဂါပိုးထက် ပိုမိုလေးလံတာဖြစ်လို့ ရောဂါ ပိုးပါဝင်တဲ့ အစက်အမှုန်တွေက အောက်ကိုကျဆင်းတဲ့နှုန်း ပိုများပြီး လူတစ်ဦးနဲ့တစ်ဦး အသက်ရှူလမ်းကြောင်းကနေ တိုက်ရိုက် ဝင်ရောက်ကူးစက်ဖို့အတွက် ရောဂါရှိသူနဲ့ အချိန်အတော်ကြာ မျက်နှာချင်းဆိုင် တွေ့ဆုံတဲ့အခါမှသာ ကူးစက်နိုင်တာကိုလည်း သိရှိ ရပါတယ်။ ဒါပေမယ့် လူနာနဲ့အနီးကပ်နေရတဲ့ မိသားစုဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ စတဲ့သူတွေအတွက်တော့ ကူးစက်ခံရနိုင်ခြေ အလွန်မြင့်မားတာကိုတော့ တွေ့ရပါတယ်။
အခြားကူးစက်နိုင်တဲ့နည်းလမ်းတွေအနေနဲ့ ရောဂါရှိတဲ့ ကိုယ်ဝန် ဆောင်မိခင်ကနေ သန္ဓေသားကို ကူးစက်စေတဲ့ မွေးရာပါ မျောက်ကျောက်ရောဂါနဲ့ မွေးကင်းစကလေးကို အနီးကပ်ထိတွေ့ မိရာကနေ ကူးစက်စေတာဖြစ်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်စေ ခြင်း (Sexually transmitted disease) အနေနဲ့တော့ ထင်ရှားစွာ သိရှိရခြင်းမရှိသေးဘဲ သုတေသနလေ့လာမှုများ ဆောင်ရွက်နေတယ် လို့ သိရပါတယ်။
မေး ။ ။ Monkeypox (မျောက်ကျောက်ရောဂါ) ကို ဘယ်လိုစမ်းသပ် တွေ့ရှိနိုင်ပါသလဲ?
ဖြေ ။ ။ ရောဂါလက္ခဏာအနေနဲ့ကတော့ အရေပြားပေါ်မှာ အကွက်တွေ၊ အလုံးငယ်တွေ၊ အရည်ကြည်ဖုတွေ ပေါ်ပေါက်လာစေတဲ့ အခြားရောဂါများဖြစ်တဲ့ ကျောက်ကြီးရောဂါ၊ ရေကျောက်ရောဂါ စတာတွေနဲ့ဆင်တူလို့ ခွဲခြားရခက်ပေမယ့် ရောဂါ အစပိုင်းလက္ခဏာပြချိန်မှာ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းကြီးထွားတာ (Lymphade-nopathy)က အခြားကျောက်ရောဂါတွေနဲ့ သိသာ ကွဲပြားတဲ့အချက် ဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါလို့ သံသယရှိခဲ့ရင် အနာခွက်တွေထဲက အရည် သို့မဟုတ် အနာဖေး ကိုရယူကာ ဓာတ်ခွဲခန်းအတွင်းမှာ PCR Test ကို အသုံးပြုပြီး မျောက်ကျောက်ရောဂါ ဟုတ်၊ မဟုတ်ကို အတည်ပြုနိုင်ပါတယ်။
သွေးရည်ကြည်ကိုအသုံးပြုပြီး Rapid Diagnostic Test (RDT) နဲ့ စစ်ဆေးရင်တော့ အခြားမျိုးအုပ်စုတူတဲ့ ကျောက်ရောဂါတွေနဲ့ ရောထွေးဖော်ပြနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကြီးရောဂါ ကာကွယ်ဆေး (smallpox vaccine) ထိုးနှံထားရင်လည်း မျောက်ကျောက်ရောဂါပိုးရှိတဲ့အကြောင်း မှားယွင်းဖော်ပြနိုင်တာ ဖြစ်ပါတယ်။
မေး ။ ။ Monkeypox (မျောက်ကျောက်ရောဂါ) ကို ဘယ်လိုကုသ နိုင်ပါသလဲ?
ဖြေ ။ ။ မျောက်ကျောက်ရောဂါကုသရာမှာ ရောဂါလက္ခဏာတွေ သက်သာဖို့၊ နောက်ဆက်တွဲ အနာတွေ ပြည်တည်တာတွေ ပျောက်ကင်းဖို့နဲ့ ရေရှည်မှာ ခန္ဓာကိုယ်အတွက် ထိခိုက်မှုတွေ မဖြစ်စေ ဖို့ ဦးတည်ဆောင်ရွက်ရပါတယ်။ ဥရောပဆေးပညာရှင်အသင်း (European Medical Association-EMA) က ကျောက်ကြီးရောဂါ ကုသဆေးဖြစ်တဲ့ ဗိုင်းရပ်စ်ဆန့်ကျင်ဆေးဝါး (tecovirimat) ကို ၂၀၂၂ ခုနှစ်မှာ မျောက်ကျောက်ရောဂါကုသရေးမှာ အသုံးပြုဖို့ လိုင်စင်ပေး ထားတယ်ဆိုပေမယ့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတာကိုတော့ မတွေ့ရသေးပါဘူး။
မေး ။ ။ Monkeypox (မျောက်ကျောက်ရောဂါ) ကို ဘယ်လို ကာကွယ်နိုင်ပါသလဲ?
ဖြေ ။ ။ မျောက်ကျောက်ရောဂါအတွက် ရရှိနိုင်တဲ့ ကာကွယ်ဆေး ကတော့ ဗိုင်းရပ်စ်မျိုးနွယ်အုပ်စုချင်းတူညီတဲ့ ကျောက်ကြီး ရောဂါ ကာကွယ်ဆေး (smallpox vaccine) ဖြစ်ပြီး မျောက်ကျောက် ရောဂါကိုလည်း ၈၅ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါ တယ်။ ဒါပေမယ့် ၁၉၈၀ ပြည့်နှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာပေါ်မှာ ကျောက်ကြီးရောဂါအမြစ်ပြတ်ကင်းစင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့တဲ့အတွက် ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးနှံမှုကို နိုင်ငံအများစုက ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံမှု ရရှိခဲ့တဲ့သူတွေအနေနဲ့ကတော့ လက်မောင်းရင်း မှာ သိသာထင်ရှားတဲ့ အမာရွတ်တွေရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မှာ မျောက်ကျောက်ရောဂါအတွက် နှစ်ကြိမ်ထိုးရတဲ့ကာကွယ်ဆေးသစ်အနေနဲ့ ထပ်မံထုတ်လုပ်ဖို့ အတည်ပြုချက်ရရှိထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အဲဒီကာကွယ်ဆေးဟာလည်း အရေ အတွက်အကန့်အသတ်နဲ့ပဲ ရရှိနိုင်သေးတယ်လို့ သိရပါတယ်။
ရောဂါကာကွယ်ရေးနည်းလမ်းတွေအနေနဲ့ မျောက်ကျောက် ရောဂါ သံသယလက္ခဏာရှိသူတွေနဲ့ အနီးကပ်ထိတွေ့ခြင်းက ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ မလိုအပ်ဘဲ တောရိုင်းတိရစ္ဆာန်များနဲ့ ထိတွေ့မှု၊ လမ်းဘေးတွေမှာ တွေ့ရတတ်တဲ့ တောရိုင်းတိရစ္ဆာန် အသေကောင်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်မှုတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။ အသားတွေကို ချက်ပြုတ်တဲ့အခါမှာ ကျက်အောင်ချက်ပြီးမှ စားသောက်ဖို့လည်း လိုအပ်ပါတယ်။ အကယ် ၍ မျောက်ကျောက်ရောဂါလက္ခဏာနဲ့ ဆင်တူခဲ့ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို သတင်းပေးပို့ရမှာဖြစ်ပြီး အနီးကပ်ပြုစုမယ့် သူကလည်း ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းခံယူထား ရမှာဖြစ်ပြီး လူနာ၏ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ အရည်များ၊ အညစ်အကြေး များကို ကိုင်တွယ်ပါက လက်အိတ်အသုံးပြုခြင်း၊ လက်ကို စနစ်တကျ ဆေးကြောခြင်း၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတို့ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူနာနှင့်ထိတွေ့ချိန် အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရမှာဖြစ်ပါတယ်။
မေး ။ ။ ကိုဗစ်-၁၉ ရောဂါ၊ မျောက်ကျောက်ရောဂါ စတဲ့ တိရစ္ဆာန် ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ဘယ်လိုကာကွယ် နှိမ်နင်းရပါမလဲ?
ဖြေ ။ ။ မျောက်ကျောက်ရောဂါအပါအဝင် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်သည့်ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း များတွင် လူသားများကျန်းမာရေးကဏ္ဍ (human health) တစ်ခု တည်း ဆောင်ရွက်၍မရဘဲ တိရစ္ဆာန်ကျန်းမာရေးကဏ္ဍ (animal health) နှင့် ပတ်ဝန်းကျင်ကျန်းမာရေးကဏ္ဍ (environmental health) တို့ ပူးပေါင်းဆောင်ရွက်သည့် အားလုံးပါဝင်သည့်တစ်ခု တည်းသော ကျန်းမာရေးပုံစံ (one health approach) ဖြင့် ဆောင်ရွက်မှသာလျှင် လုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ပြီး အနာဂတ်ကာလတွင် ပေါ်ပေါက်လာနိုင်သည့် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်သည့် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကြီးများနှင့် ဒေသအလိုက် ဖြစ်ပေါ်လာနိုင်သည့် ကပ်ရောဂါများကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
တိရစ္ဆာန်ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသို့ ပြည်ပ မှ တောရိုင်းတိရစ္ဆာန်များ တင်သွင်းခွင့်ကို ပိတ်ပင်ထားပြီးဖြစ်ကြောင်း ကိုလည်း သိရှိရပါသည်။ မျောက်ကျောက်ရောဂါ လက္ခဏာရှိသော တိရစ္ဆာန်များနှင့် အနီးကပ်ထိတွေ့ခဲ့သော တိရစ္ဆာန်များကိုလည်း ကွာရန်တင်း ရက် (၃၀) ထားရှိ၍ မျောက်ကျောက်ရောဂါလက္ခဏာ များ ပေါ်ပေါက်လာခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမှာဖြစ်ပြီး ၎င်းတို့ကို ကိုင်တွယ်ရာတွင်လည်း အကာအကွယ် စနစ်တကျအသုံးပြု၍ ကိုင်တွယ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထား ပါသည်။
အထက်တွင် တင်ပြခဲ့သည့် One Health Approach နှင့်ဆက်စပ် ၍ ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍ (Global health) ကိုလည်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း ၍ (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ၏ ဆက်စပ်အစည်းအဝေးအဖြစ် (၈)ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို “ကပ်ရောဂါများ ပြင်ဆင် တုံ့ပြန်ရာတွင် One Health Approach နည်းလမ်းအသုံးပြုရေး” “Promoting One Health Approach to Prepare and Respond to Pandemic” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကလည်း တက်ရောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ Monkeypox (မျောက်ကျောက်ရောဂါ) နဲ့ ပတ်သက်ပြီး ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိပါသလဲ?
ဖြေ ။ ။ မိမိတို့နိုင်ငံတွင် Monkeypox (မျောက်ကျောက်ရောဂါ) ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို (၂၃-၅-၂၀၂၂) ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးဆုံးဖြတ်ချက်များအရ အခုအခါဖြစ်ပွားမှု မရှိတော့ တဲ့ ကျောက်ကြီးရောဂါ (smallpox)၊ အလွန်ပြင်းထန်ခြင်းမရှိတဲ့ ရေကျောက်ရောဂါ (chickenpox) နှင့် မျောက်ကျောက်ရောဂါ (monkeypox) တို့၏ ရောဂါဖြစ်ပွားရာတွင် တွေ့ရှိရသောရောဂါ လက္ခဏာများတွင် ကွာခြားမှု၊ ဖြစ်နိုင်ခြေတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိကြစေရေးအတွက် ကျန်းမာရေးအသိပညာ များ မြှင့်တင်ပေးနိုင်ရေး၊ ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး ဆောင်ရွက်ပေးနိုင်ရေး၊ မျောက်ကျောက်ရောဂါ၏ သဘောသဘာဝအရ မြန်မာနိုင်ငံတွင် ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း ကျောက်ရောဂါအမျိုးမျိုးနှင့် ပတ်သက်၍ လည်းကောင်း၊ ရှိရင်းစွဲ ကူးစက်ရောဂါများနှင့်ပတ်သက်၍ လည်း ကောင်း ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားမှုများကို စောင့်ကြည့်ရန်နှင့် မိမိတို့နိုင်ငံတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ရောဂါသံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေး၊ ဆေးကုသရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ ရောဂါပိုးတွေ့ရှိပါက ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ One Health Approach အရ မွေးမြူရေးနှင့် ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ ချိတ်ဆက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့်ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများ၊ ဓာတ်ခွဲစမ်းသပ်ပစ္စည်းများ အဆင်သင့် ပြင်ဆင်ထားရှိ ရေးတို့အတွက် သက်ဆိုင်ရာဌာန အသီးသီးအနေနဲ့လည်း လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။
နိဂုံးချုပ်အနေနဲ့ အခုအချိန်ထိ တွေ့ရှိချက်များအရ monkeypox (မျောက်ကျောက်ရောဂါ) ဟာ ကျောက်ကြီးရောဂါ (smallpox) နဲ့ ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားလာနိုင်ဖို့ အခွင့်အလမ်းအနေနဲ့ကတော့ အလွန်နည်းပါးပါတယ်။ ရောဂါ ကူးစက်မှုအနေနဲ့ ကိုဗစ်-၁၉ ရောဂါကဲ့သို့ လူတစ်ဦးမှတစ်ဦး အလွယ် တကူ ကူးစက်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ရောဂါကူးစက်ခံ ရရင်လည်း ဆေးကုသမှု စနစ်တကျမရရှိရင်တောင်မှ အများစုက နှစ်ပတ်ကနေ လေးပတ်လောက်အတွင်းမှာ ပြန်လည်ကောင်းမွန် လာတာဖြစ်ပါတယ်။ (၂၅-၅-၂၀၂၂) ရက်နေ့ နံနက်ပိုင်းအထိ ရောဂါ အတည်ပြု လူနာ ၂၂၈ ဦး ရှိပေမယ့်လည်း ရောဂါကြောင့် သေဆုံးသူ မတွေ့ရှိရပါဘူး။ ရောဂါနဲ့ပတ်သက်လို့ ထိရောက်တဲ့ ကာကွယ်ဆေး တွေ၊ ကုသဆေးတွေ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းတွေ၊ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတွေကလည်း အခုအချိန်မှာ အလွန်ကောင်းမွန်တဲ့အနေအထားမှာ ရှိနေတာဖြစ်ပြီး ရောဂါ ကလည်း အသစ်ပေါ်ထွက်လာတဲ့ ရောဂါမဟုတ်ပါဘူး။
ဒါပေမယ့် ဗိုင်းရပ်စ်ရောဂါပိုးများရဲ့ မျိုးဗီဇပြောင်းလဲတတ်တဲ့ သဘောသဘာဝအရ ရောဂါဖြစ်ပွားမှုတွေကိုတော့ သတိပြု စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအနေနဲ့ ရောဂါနဲ့ပတ်သက်ပြီးသတိရှိကြဖို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းတွေနဲ့ ဆင်တူတဲ့ -
- လက်ကိုစနစ်တကျဆေးကြောဖို့၊
- ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တပ်ဆင်ဖို့၊
- တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေဖို့၊
- တောရိုင်းတိရစ္ဆာန်တွေကိုအကာအကွယ်မပါဘဲမထိတွေ့ဖို့၊
- အသားစိမ်းတွေကိုကျက်အောင်ချက်ပြီးမှစားဖို့၊
- လက်မဆေးဘဲ နှာခေါင်း/ပါးစပ်/မျက်လုံးကို ကိုင်တွယ်ခြင်းမပြုဖို့၊
- နှာချေ/ချောင်းဆိုး တဲ့အခါမှာ လက်ကိုင်ပဝါ သို့မဟုတ် တံတောင် ကွေးနဲ့လုံခြုံအောင် ဖုံးအုပ်ထားဖို့
စသည့်..ရောဂါကာကွယ်ရေးနည်းလမ်းတွေကို သတိပြုလိုက်နာဖို့နဲ့ Monkeypox (မျောက်ကျောက်ရောဂါ) နဲ့ပတ်သက်လို့ အလွန်စိုးရိမ် ထိတ်လန့်စရာမလိုဘဲ ကျန်းမာရေးအသိနှင့် ကျန်းမာရေးသတိရှိရန် သာ လိုအပ်ကြောင်းကို အသိပေးတင်ပြလိုက်ရပါတယ်။ ။