လီဗာပူးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားကို ရီးရဲမက်ဒရစ်အသင်း (၁၄) ကြိမ်မြောက် စံချိန်တင်ဆွတ်ခူး

 

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဗိုလ်လု ပွဲစဉ်အဖြစ် ကလော့ပ်၏ လီဗာပူးအသင်း နှင့် အန်ဆယ်လော့တီ၏ ရီးရဲမက်ဒရစ် အသင်းတို့ ပွဲစဉ်ကို မေ ၂၉ ရက် နံနက် ပိုင်းက ပဲရစ်မြို့ရှိ  စတိတ်ဒီဖရန့်စ်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲ မက်ဒရစ်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဖလားကို (၁၄) ကြိမ်မြောက်   စံချိန်တင်  ဆွတ်ခူးနိုင်ခဲ့ သည်။

 


အဆိုပါပွဲစဉ်တွင်   ပရိသတ်များ  နောက်ကျမှ ရောက်လာသည့်အတွက် ပွဲစတင်ချိန် နောက်ကျခဲ့ သည်။ ပြင်သစ်ရဲတပ်ဖွဲ့၏  အဆိုအရ လက်မှတ် မပါသော ပရိသတ်တစ်စုသည် ကွင်းထဲသို့ ချင်းနင်း ဝင်ရောက်ဖို့ ကြိုးစားရာမှ စတိတ်ဒီဖရန့်ကွင်းအပြင် ဘက်တွင်  ရုတ်ရုတ်သဲသဲ  ဖြစ်ပွားစေခဲ့ကြောင်း သိရသည်။ 

 


လီဗာပူးအသင်းသည်   ရီးရဲမက်ဒရစ်အသင်း ဘက်သို့ ဂိုးကန်သွင်းခွင့် ၂၄ ကြိမ်အထိ ပြုလုပ် ထားနိုင်သောကြောင့် ၂၀၀၃-၂၀၀၄ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်    တစ်ရာသီအတွင်း   ဂိုး သွင်းယူနိုင်ခြင်းမရှိဘဲ    အကြိမ်ရေ    အများဆုံး ဂိုးကန်သွင်းခွင့်   ပြုလုပ်နိုင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။  ရီးရဲမက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာ သည်  ၁၉၉၃ ခုနှစ်က  ဒီဒီယာဒက်  ချမ့်စ် ပြီးနောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်သည့် ဒုတိယမြောက် ပြင်သစ်အသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။   ထို့အပြင်  ဘင်ဇီမာသည် ယခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ သွင်းဂိုးအများဆုံး စာရင်းတွင် ၁၅ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ 

 


လီဗာပူးအသင်းသည် ပရီမီယာလိဂ်ဖလားကို လက်လွှတ်ခဲ့ရပြီးနောက် ခြောက်ရက်အကြာတွင် ချန်ပီယံလိဂ်ဖလားကို  ထပ်မံလက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။    ရီးရဲမက်ဒရစ်အသင်း   ဂိုးသမား ကော့တွိုက်စ်သည် ယခုပွဲစဉ်တွင် လက်စွမ်းပြသ ထားနိုင်ခဲ့ပြီး လီဗာပူးတိုက်စစ်ကစားသမားများ၏ ဂိုးရရှိနိုင်သည့် အပိုင်အခွင့်အရေးအများအပြားကို ဟန့်တားကာကွယ်နိုင်ခဲ့သည်။ 

 


ရီးရဲမက်ဒရစ်အသင်းအတွက် တစ်လုံးတည်း သော အနိုင်ဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် ဗင်နီစီးယပ်စ် က သွင်းယူပေးခဲ့သည်။ ရီးရဲမက်ဒရစ်အသင်းသည် လီဗာပူးအသင်းဘက်သို့ ပွဲချိန်တစ်လျှောက် ဂိုးကန် သွင်းမှု  လေးကြိမ်သာ   ပြုလုပ်နိုင်ခဲ့ပြီး  အဆိုပါ လေးကြိမ်မှ     ဂိုးပေါက်တည့်မှု    နှစ်ကြိမ်တွင် သွင်းဂိုး တစ်ဂိုး ရရှိခဲ့ခြင်းဖြစ်သည်။ ရီးရဲမက်ဒရစ် အသင်းနည်းပြ အန်ဆယ်လော့တီသည် ချန်ပီယံ လိဂ်ဖလားကို လေးကြိမ်မြောက်ဆွတ်ခူးနိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။                                                                                
အောင်ဇော်