အနာဂတ်စီးပွားရေး ဦးမော့အောင်ကြိုးပမ်း

အယ်ဒီတာ့အာဘော်

=========

 

အနာဂတ်စီးပွားရေး ဦးမော့အောင်ကြိုးပမ်း

 

======================

 

မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ကျင်းပသည့် (၄) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ရာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှုဒေသ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပါဝင်လုပ်ကိုင်ခွင့်ရလာတော့မည် ဖြစ်သည်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) ဆိုသည်မှာ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျနှင့် နယူး ဇီလန် ဆွေးနွေးဖက် ငါးနိုင်ငံတို့ ပါဝင်စေ့စပ်ညှိနှိုင်းခဲ့သည့် လွတ်လပ်သော ကုန်သွယ်မှုဒေသထူထောင်ရေးဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများအကြား ကမ္ဘာ့အကြီးဆုံး လွတ်လပ် သောကုန်သွယ်မှုဒေသ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာသောကြောင့် မြန်မာ့စီးပွားရေး သည် နိုင်ငံတကာဈေးကွက်တွင် ပိုမိုဝင်ဆံ့လာနိုင်တော့မည် ဖြစ်သည်။

RCEP တွင် လက်ရှိပါဝင်သည့် နိုင်ငံ ၁၅ နိုင်ငံသည် လူဦးရေအားဖြင့် ၂ ဒသမ ၂ ဘီလီယံရှိသဖြင့် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းရှိပြီး ကုန်ထုတ်လုပ်မှု တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၂ ထရီလီယံရှိသဖြင့် ကမ္ဘာ့ ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့် ရှိသည်။ ထို့အပြင် အဖွဲ့ဝင် နိုင်ငံများ၏ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှုပမာဏ၏ စုစုပေါင်း ၂၈ ရာခိုင်နှုန်းပါဝင်နေသဖြင့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေး စာချုပ် တစ်ခုအဖြစ် တင်စားခေါ်ဆိုထိုက်ပေသည်။

RCEP သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ညှိနှိုင်းခဲ့ရာ အချိန် ရှစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီး အမေရိကန်အစိုးရက နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်သည့် ပစိဖိတ်ရပ်ဝန်း နိုင်ငံများအကြား ကုန်သွယ်ရေးသဘောတူညီချက် အဖွဲ့ဝင်အဖြစ်မှ ၂၀၁၇ ခုနှစ်တွင် နုတ်ထွက်သွားပြီးနောက် အာရှ-ပစိဖိတ် နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်မည့် အကျိုးဆက်ဖြစ်သည်။ RCEP သဘောတူညီချက် တွင် အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား၊ လာအိုနှင့်အတူ မြန်မာနိုင်ငံအား အခြားစာချုပ်ဝင်နိုင်ငံများထက် အခွန်ကင်းလွတ်ခွင့်ကဲ့သို့ အထူးအခွင့်အရေး များ ပိုမိုထည့်သွင်းပေးထားသည်။

မြန်မာနိုင်ငံအတွက် ထူးခြားသောအခွင့်အလမ်းများကို စာချုပ်တွင် ဖန်တီးပေးထားသည်။ အနာဂတ်တွင် ပြောင်းလဲတိုးတက်လာမည့် အခြေ အနေများကိုမျှော်မှန်း၍ သဘောတူစာချုပ်တွင် ထည့်သွင်းထားသည့် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးအခန်း၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် အခန်းနှင့် ယှဉ်ပြိုင်မှုအခန်းတို့တွင်ပါဝင်သော ကတိကဝတ်များကို အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံအတွက် အသွင်ကူးပြောင်းရေးကာလကို ကဏ္ဍအလိုက် အနည်းဆုံး သုံးနှစ်မှ အများဆုံး ၁၀ နှစ်အထိလည်းကောင်း၊ ဝန်ဆောင်မှု ကုန်သွယ်ရေးအခန်းတွင် အသွင်ကူးပြောင်းရေးကာလကို ၁၅ နှစ်အထိလည်းကောင်း အချိန်ယူညှိနှိုင်းပေးထားသည်။

ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ တစ်ဝန်း စီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာကျဆင်းနေပြီး တစ်ဖက်တွင် အင်အားကြီးနိုင်ငံကြီးများအကြား ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒများ ကျင့်သုံးမှုကြောင့် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်လျက်ရှိသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်မှုစနစ်အတွက် စိန်ခေါ်မှုများရှိနေချိန် ဖြစ်သည်။ ယင်းသို့သောကာလတွင် RCEP သဘောတူစာချုပ်ကို အောင်မြင်စွာလက်မှတ် ရေးထိုးချုပ်ဆိုနိုင်ခြင်းသည် နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ပြန်လည်အသက်ဝင် စေပြီး ဒေသတစ်ခုလုံးအတွက်သာမက ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို မြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်နိုင်သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း RCEP အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် အနာဂတ်တွင် ကုန်သွယ်စီးပွားကဏ္ဍ၌ နိုင်ငံတကာတွင် ထိုးဖောက်ဝင်ရောက် အောင် ဆောင်ရွက်နိုင်မည့်အခွင့်အရေးများလည်း ရရှိထားပြီဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် ဖွံ့ဖြိုးမှုအားနည်းသောနိုင်ငံဖြစ်ပြီး ရေးဆွဲထားသော စီးပွားရေးမဟာဗျူဟာများသည် နည်းပညာ မြင့်မားသောကြောင့် နည်းပညာကဏ္ဍတွင် နိုင်ငံတကာကုန်သွယ် စီးပွားရေး ကဏ္ဍများအားလိုက်မီအောင် ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်သည်။ ဖွံ့ဖြိုးသောနိုင်ငံများ ကုန်သွယ်စီးပွားဆက်ဆံမှု အတွက် ပြင်ဆင်ထားကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ဘက်စုံစီးပွားရေးဆောင်ရွက်မှု RCEP စာချုပ်တွင်ပါဝင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်အတူယှဉ်တွဲ၍ ကိုဗစ် အလွန်ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာ့ပို့ကုန်ဈေးကွက်၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍတို့အတွက် ပိုမိုကျယ်ပြန့်သည့် အခွင့်အလမ်းကောင်းများ ရရှိလာမည်ဟု မျှော်လင့်ပါကြောင်း။ ။