
ရန်ကုန် ဇွန် ၂
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၂ ခုနှစ် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိ ကျင်းပမည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစား အဖွဲ့ချုပ်မှ အားကစားနည်း ခုနစ်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အိမ်ရှင်အင်ဒိုနီးရှားက မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ Boccia ၊ စစ်တုရင်၊ ဘောလုံး၊ Goalball ၊ ဂျူဒို၊ အလေးမ၊ ထိုင်လျက်ဘော်လီဘော၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ Wheelchair Tennis (ဝှီးချဲတင်းနစ်) စသည့်အားကစားနည်း ၁၄ နည်း ထည့်သွင်း ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ မြားပစ်၊ ပြေးခုန်ပစ်၊ Goalball ၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက် ဘော်လီဘော နှင့် အလေးမ စသည့်အားကစားနည်းခုနစ်မျိုး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ အာဆီယံနိုင်ငံအားလုံး ဝင်ရောက်ယှဉ်ပြိုင် ကြမည် ဖြစ်သော်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့်အားကစားနည်းအလိုက် ကွာခြားမှုများရှိမည်ဖြစ်သည်။ ပြေးခုန်ပစ်၊ ရေကူး စသည့်အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်မှုများသော်လည်း အသင်းအဖွဲ့များဖြင့် ယှဉ်ပြိုင်ကစားကြရသည့် အားကစားနည်းများတွင် အသင်းအရေအတွက် ပါဝင်ယှဉ်ပြိုင်မှုနည်းလျက် ရှိကြောင်း၊ ထိုင်လျက်ဘော်လီဘောအားကစားပြိုင်ပွဲတွင် များသောအားဖြင့် မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့သာ ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ၎င်းပြိုင်ပွဲသို့ ကစားသမား ၆၉ ဦး နှင့် နည်းပြ ၂၁ ဦး သွားရောက်ယှဉ်ပြိုင်ရန်လျာထားကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်မှ သိရသည်။
အာကာလင်း