နေးရှင်းလိဂ်အဖွင့်ပွဲစဉ်တွင် နာမည်ကြီး ဂျာမနီအသင်း သရေကျပြီး အင်္ဂလန်အသင်း ရှုံးနိမ့်

 

ယူအီးအက်ဖ်အေ     နေးရှင်းလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် လိဂ် (အေ) အုပ်စု ၃ မှ နာမည်ကြီး အီတလီအသင်းနှင့် ဂျာမနီ အသင်းတို့ပွဲစဉ်ကို ဇွန် ၅ ရက် နံနက်ပိုင်း က အီတလီအိမ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့်   ပွဲပြီးဆုံးခဲ့သည်။

 

အီတလီအသင်းသည်  ယခုပွဲစဉ် မတိုင်မီ Finalissima   ဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်းနှင့်     ယှဉ်ပြိုင် ကစားခဲ့ပြီး သုံးဂိုးပြတ်ရှုံးနိမ့်ထားသည်။ ယခုပွဲစဉ်တွင်        အီတလီအသင်းသည် အာဂျင်တီးနားအသင်းနှင့်  ပွဲစဉ်ကထက်  ကစားအားတက်လာခဲ့ပေမယ့်    ဂျာမနီအသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ချေ။ 

 


ဦးဆောင်ဂိုးကို အီတလီအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၇၀ တွင်   ပယ်လီဂရီနီက   သွင်းယူပေးခဲ့သည်။    အီတလီအသင်းသည် ဦးဆောင်ဂိုးရရှိပြီးမကြာမီ ဂျာမနီအသင်း၏ ချေပဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရသည်။ အဆိုပါ ချေပဂိုးကို ပွဲချိန် ၇၃ မိနစ်တွင် ကင်မစ်ချ်က သွင်းယူပေးခဲ့သည်။ အီတလီအသင်းသည် လာမည့်ပွဲစဉ်တွင် ဟန်ဂေရီ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဂျာမနီအသင်းက နာမည်ကြီး အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

 


အခြားသော လိဂ် (အေ) အုပ်စု ၃ မှ ဟန်ဂေရီအသင်းနှင့် အင်္ဂလန် အသင်းတို့ပွဲစဉ်တွင် နာမည်ကြီး အင်္ဂလန်အသင်းသည် ဟန်ဂေရီအသင်း ကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ဟန်ဂေရီအသင်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၆ မိနစ်တွင် ဘော့စ်ဇ်လိက ပယ်နယ်တီ မှတစ်ဆင့် သွင်းယူပေးခဲ့သည်။ 

 


ထို့ကြောင့် အဆိုပါအုပ်စုတွင် ပွဲစဉ် (၁) ကစားပြီး အမှတ်ပေးဇယား ကို ဟန်ဂေရီအသင်းက ဦးဆောင်ထားနိုင်ခဲ့သည်။ ဂျာမနီနှင့် အီတလီ အသင်းတို့က    တစ်မှတ်စီဖြင့် ဒုတိယနေရာနှင့်   တတိယနေရာတွင် ရပ်တည်နေပြီး အင်္ဂလန်အသင်းက ရမှတ်ရရှိခြင်းမရှိဘဲ အမှတ်ပေး ဇယားအောက်ဆုံးတွင် ရပ်တည်နေသည်။


အောင်ဇော်