အယ်ဒီတာ့အာဘော်
=========
ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများ လေးစားလိုက်နာ
=================================
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလအတွင်း ရောဂါပိုးမကူးစက်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ လူမှုရေး၊ စီးပွားရေး လုံခြုံအဆင်ပြေရေး စသည်ဖြင့် ပြည်သူများ၏ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးကိစ္စ အဝဝ တို့ကို အဘက်ဘက်တွင် လစ်ဟာမှုမရှိတန်သလောက် မရှိစေရအောင် နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများ၏ လက်ငင်းလိုအပ်ချက်အမျိုးမျိုးတို့နှင့်စပ်လျဉ်းပြီး နိုဝင်ဘာလ ၁၇ ရက်နေ့က Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစည်း အဝေးသို့တက်ရောက်ပြီး လိုအပ်သည့် ဆုံးဖြတ်လမ်းညွှန်ချက်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း၊ ဥပဒေ သတ်မှတ်ချက်များနှင့်အညီ ကန့်သတ်မှုများစွာကို ဒေသအလိုက်ပြုလုပ်ထားရသဖြင့် ပြည်သူလူထု၏ လူမှုဘဝအခြေအနေများ၌ ကန့်သတ်မှုများရှိနေခဲ့ရာ ယခုအခါ တစ်နှစ် တာကာလသို့ပင် ရောက်ရှိတော့မည်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများမှာ မွန်းကျပ်မှု၊ ငြီးငွေ့မှု၊ အခက်အခဲများ ရှိလာကြသည်။ ယခုအခါ ကိုဗစ်-၁၉ ဗဟိုကော်မတီသည် ပြည်သူများနှင့်သက်ဆိုင်သော ကန့်သတ် ထားမှုများအား ဖြေလျှော့ပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေးအစီအစဉ်များ ပိုမိုတိုးမြှင့် ထုတ်လွှင့်ပြသနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ယခုနိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြု နိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများအား နေ့စဉ်နံနက် တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဦးရေအကန့်အသတ်ဖြင့် ဖူးမြော်ခွင့်ပြု နိုင်ရေး၊ ယခုနိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုအပေါ်မူတည်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ခွင့်နှင့် ဘုန်းကြီးကျောင်း၊ ဗလီ၊ Church ကျောင်း များတွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများ တစ်လ လျှင် လေးကြိမ် လူဦးရေ ၃၀ ထက်မပိုဘဲခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရေး၊ ခရစ္စမတ်ပွဲတော်၊ နိုင်ငံတကာနှစ်သစ်ကူးပွဲတော်နေ့များနှင့်သက်ဆိုင်သည့် အစီအစဉ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး အစီအစဉ်များလည်း ဆက်လက်ပေါ်ထွက်လာမည်ဟုသိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တန်းနေသည့်အခြေအနေရှိရာမှ ထပ်မံပျံ့နှံ့နိုင်သည့် အခြေအနေရှိနေသဖြင့် နိုင်ငံတော်အစိုးရက ပြည်သူများ ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများကို ပိုမိုဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုအခြေအနေကာလတွင် ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး လိုအပ်ချက် ကိစ္စအဝဝတို့ကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနေရာ ပြည်သူများကလည်း နိုင်ငံတော်၏စေတနာကို ပြန်လည်တုံ့ပြန်သောအားဖြင့် ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများအား ဆက်လက်လေးစားလိုက်နာကြပါရန် တိုက်တွန်းအပ်ပါ ကြောင်း။ ။