
ရန်ကုန် ဇွန် ၁၉
၂၀၂၂ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ် များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာနှင့် ဘရူနိုင်း အသင်းသည် အုပ်စုအဖွင့်ပွဲ ကစားရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို ဇူလိုင် ၂ ရက်မှ ၁၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များ ကို ဇူလိုင် ၂ ရက်မှ ၁၁ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၃ ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုနှစ်ခုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင် မလေးရှား၊ လာအို၊ တီမော၊ ကမ္ဘောဒီးယားနှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။
ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် ဇူလိုင် ၂ ရက်တွင် ဘရူနိုင်းအသင်း၊ ဇူလိုင် ၄ ရက်တွင် ထိုင်းအသင်း၊ ဇူလိုင် ၆ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်အသင်း၊ ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအနေ အထားအရ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် ပိုမိုအားထုတ်ရဖွယ်ရှိနေပြီး အာဆီယံအင်အားကြီး များဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းတို့ကို ကျော်ဖြတ်ရမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမ ကစားသမား ၂၈ ဦးဖြင့် လေ့ကျင့် ပြင်ဆင်လျက်ရှိပြီး နည်းပြချုပ် အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ် လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းသည် ပြည်တွင်းကလပ် အသင်းများနှင့် ခြေစမ်းပွဲ ငါးပွဲ ကစားထားသည်။
ရဲရင့်လွင်