၂၀၂၂ အာရှ အမျိုးသမီးကလပ်ပြိုင်ပွဲ အရှေ့အာရှဇုန်တွင် မြန်မာကလပ်အသင်း ယှဉ်ပြိုင်ခွင့်ရရှိ

 

ရန်ကုန်  ဇွန်  ၁၉


အာရှဘောလုံးအဖွဲ့ချုပ်က   စီစဉ်ကျင်းပ သည့် ၂၀၂၂ အာရှ အမျိုးသမီးကလပ်ပြိုင်ပွဲ အရှေ့အာရှဇုန်တွင်   မြန်မာကလပ်အသင်း  ဝင်ရောက်ယှဉ်ပြိုင်ခွင့်     ရရှိထားသည်။ ယင်းပြိုင်ပွဲတွင်          မြန်မာကိုယ်စားပြု အမျိုးသမီးကလပ်အသင်းအဖြစ် ၂၀၁၈-၂၀၁၉ မြန်မာအမျိုးသမီးလိဂ် ချန်ပီယံ ISPE (အား/ကာသိပ္ပံ) အသင်း   ယှဉ်ပြိုင်မည်ဖြစ်သည်။

 


အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်း ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပထမဆုံးနှစ်တွင် အာရှအင်အားကြီး ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ တို့မှ ကလပ်လေးသင်းဖြင့်သာ  ပြုလုပ်ခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်တွင်မူ အနောက်အာရှဇုန်ပွဲစဉ်များသာ ပြုလုပ်နိုင်ခဲ့သည်။ 



ယခုနှစ်တွင်မူ  အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန်   ဇုန်နှစ်ခုစလုံး    ကျင်းပသွားမည်        ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဇုန်နှစ်ခုခွဲ၍ ကျင်းပ မည်ဖြစ်ပြီး  အရှေ့အာရှဇုန်တွင် သုံးသင်း၊ အနောက် အာရှဇုန်တွင် လေးသင်း   ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇုန်တစ်ခုစီမှ  ထိပ်ဆုံးတစ်သင်းစီ မှာ နောက်ဆုံးအဆင့် ဗိုလ်လုပွဲ အဖြစ်  ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာကလပ်အသင်းသည် အရှေ့ အာရှဇုန်တွင်  ပါဝင်နေပြီး  မြန်မာ၊ ထိုင်း၊ တရုတ်  (တိုင်ပေ)  တို့မှ ကလပ်အသင်း        တစ်သင်းစီ ယှဉ်ပြိုင်မည်ဖြစ်ကာ  အနောက် အာရှဇုန်တွင်မူ အိန္ဒိယ၊   အီရန်၊   ဂျော်ဒန်၊ ဥဇဘက်ကစ္စတန်တို့မှ  ကလပ်အသင်း         တစ်သင်းစီ  ယှဉ်ပြိုင်မည်ဖြစ်သည်။

 


ဇုန်အလိုက်     ပွဲစဉ်များကို    သြဂုတ်လအတွင်း   ကျင်းပမည် ဖြစ်ပြီး အရှေ့အာရှဇုန်ကို ထိုင်း နိုင်ငံ၊    အနောက်အာရှဇုန်ကို ဥဇဘက်ကစ္စတန်   နိုင်ငံတို့က အိမ်ရှင်အဖြစ်     လက်ခံကျင်းပ မည်ဖြစ်သည်။             

ရဲရင့်လွင်