
ရန်ကုန် ဇွန် ၂၄
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်းကို ယခုရက် ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေ ဖြင့် ပြည်တွင်းခြေစမ်းပွဲများ ကစားလျက်ရှိပြီး နောက်ဆုံးခြေစမ်းပွဲအဖြစ် ဇွန် ၂၅ ရက်တွင် ရွှေပြည်သာ လူငယ်အမျိုးသားအသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား ၃၀ ဖြင့် လေ့ကျင့်လျက်ရှိပြီး ယခင်က ပဏာမကစားသမား ၂၆ ဦးသာ ရွေးချယ်ထားသော်လည်း ကစားသမား လေးဦး ထပ်မံဖြည့်တင်းထားသည်။ ယင်းအသင်းကို ဒေါ်သက်သက်ဝင်းက ယာယီနည်းပြချုပ်အဖြစ် ကိုင်တွယ်နေပြီး ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကိုအခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် စီနီယာကစားသမားများအပြင် လူငယ်ကစားသမားများ ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် ဇွန် ၇ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး ထိုင်းကလပ်တွင် သွားရောက်ကစားခဲ့သည့် အသင်းခေါင်းဆောင် ခင်မာလာထွန်းမှာလည်း အသင်းနှင့် ပြန်လည်ပူးပေါင်းနေပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ယခုနှစ်အတွင်း တတိယမြောက် နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၁၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အသင်းစုစုပေါင်း ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ မလေးရှား၊ စင်ကာပူ၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ တီမော၊ လာအိုအသင်းတို့ ပါဝင်နေသည်။
ကိုညီလေး