မိဘ၊ ဆရာ ကျောင်းသားလူငယ်များ လောကကို အလှဆင်ရာဝယ်…

Type

 

 ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
 

လူတို့နေတဲ့ ကမ္ဘာဟာ ကျွန်းစုတွေလို လူမျိုး၊ ဘာသာ၊  ဆင်းရဲချမ်းသာ၊  အယူဝါဒ၊  ဂုဏ်ပကာသန၊  ကျား/မ ဆိုပြီး ခွဲခြားထားတဲ့သဘောရှိတယ်။ မိမိကို ဗဟိုပြုခြင်းကို ကြည်နူးတတ်ကြပါတယ်။ ဘဝချင်းမညီ၊ အလွှာချင်း၊ ဝါဒချင်းမတူ စတဲ့အကြောင်းတရားတွေကြောင့်   တစ်ဦးနဲ့တစ်ဦး၊  အဖွဲ့အစည်း အသင်းအပင်းတို့ရဲ့ ပေါင်းသင်းဆက်ဆံမှုပုံသဏ္ဌာန်တွေဟာ ခြားနား၊ တစ်ဦးနဲ့တစ်ဦး အထင်အမြင်သေး၊ မထီမဲ့မြင်၊ မတူမတန်၊  မလေးမစား၊  အဆင့် အတန်းခွဲခြားမှုတွေ ဂိုဏ်းဂဏကွဲပြားခွဲခြားတဲ့သဘောကို တွေ့ရတတ်ပါတယ်။ 
 

 

ပုပ္ဗာစရိယ မိနှင့်ဖ


“အာရှတိုက်သားများဟာ ပညာရေးလိုက်စား သူ၊ အလုပ်ကြိုးစားသူတွေ၊ မိရိုးဖလာအိမ်ထောင်စု တွေအဖြစ်    တည်တံ့ခဲ့ပါတယ်။    သို့သော်လည်း အရှေ့အာရှနိုင်ငံတွေမှာ      အိမ်ထောင်ကွဲခြင်း၊ လင်မယားကွဲခြင်း၊ ရာဇဝတ်ဖြစ်ပွားမှုနှုန်းမြင့်တက် လာခြင်း၊ ဆယ်ကျော်သက်တွေ ကိုယ်ဝန်ဆောင် ဘဝရောက်လာခြင်းနဲ့   မိမစုံ၊ ဖမစုံ မိသားစုတွေ ပေါ်ပေါက်လာခဲ့ပါတယ်” လို့ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုက ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ က နိုင်ငံသားများကို အသိပေးပြောကြားခဲ့ပါတယ်။ 
ဘာကြောင့်ပြောရသလဲဆိုတော့   ခေတ်သစ် ကမ္ဘာကြီးက သယ်ဆောင်လာတဲ့ ပြောင်းလဲမှုအဟုန် ကြောင့်  အာရှရဲ့ပင်ကိုတန်ဖိုးနဲ့   ယဉ်ကျေးတဲ့ စရိုက်လက္ခဏာတွေဟာ        တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာလို့ပဲဖြစ်ပါတယ်။   မြန်မာကတော့   ကလေးသူငယ်တွေ  ပျိုးထောင်ရာမှာ လောကနီတိ၊ ပြည်သူ့နီတိတို့နဲ့  အစပျိုးခဲ့တာ ယနေ့အထိ  ဖြစ်ပါ တယ်။

 


 “ကျွန်တော်/ကျွန်မတို့  မိသားစုဆိုတဲ့အိမ်က သွန်သင်ဆုံးမနိုင်တဲ့အရည်အသွေးနဲ့ အဆုံးအဖြတ် ဟာ  တူညီတဲ့အကျိုး၊  အသီးအပွင့်ရပါလိမ့်မယ်။ “သင်စိုက်ပျိုးတဲ့အပင်၊ သင်ရိတ်သိမ်းမှာ”   ဖြစ်ပါ တယ်။ အကြမ်းဖက်တိုက်ခိုက်ရမ်းကားသူတို့သည် လည်းကောင်း၊  လူကောင်းလူတော်သူတော်စင် တို့သည်လည်းကောင်း အိမ်လို့ခေါ်တဲ့    မိဘရဲ့ စောင့်ရှောက်သွန်သင်မှုအပေါ်မှာ မြစ်ဖျားခံတာ ချည်းဖြစ်ပါတယ်။  မိဘအနေနဲ့  သားစဉ်မြေးဆက် တို့ အား   စံနမူနာတွေကို      လက်ဆင့်ကမ်းပေးကြရာမှာ လက်နက်စွဲကိုင်တဲ့မျိုးစေ့ကို စိုက်မှာလား၊ ငြိမ်းချမ်း ရေးမျိုးစေ့စိုက်မှာလား     ဒီနှစ်မျိုးပဲရှိပါတယ်။ ကိုယ်နေတဲ့နိုင်ငံအတွက်    ငြိမ်းချမ်းသာယာတဲ့ မျိုးစေ့ချပေးရင် ကောင်းမွန်တဲ့ဘဝ၊ သာယာတဲ့ဘဝ ကို   ထူးထူးခြားခြား    တည်ဆောက်ပေးခြင်းပဲ၊ “စည်းကမ်းမဲ့တဲ့   လူ့အဖွဲ့အစည်းဟာ   ရပ်တည် ရှင်သန်နိုင်စရာ   အကြောင်းမရှိကြောင်း”   Mrs. Reiko Uchida ရေးသော “Call the Heart: Act of Peace and Equality” စာအုပ်မှာ ရေးသားထား တာ ဖတ်ရှုရပါတယ်။ “ပုပ္ဗာစရိယ မိနှင့်ဖ” အမိအဖ ဟာ   လက်ဦးဆရာတွေ၊   ဆရာကောင်းတွေက ကောင်း၍   မှန်ကန်တဲ့လမ်း၊   အကောင်းနဲ့အဆိုး ခွဲခြားတတ်အောင် ကျောင်းမှာ သွန်သင်ပေးကြ ရလိမ့်မယ်။

 


၁၉၉၆ ခုနှစ်  ဩဂုတ်လ ၃၀ ရက်နေ့ ချီကာဂိုမြို့ မှာ သမ္မတ ကလင်တန်က အမေရိကန် လူထုကလေး တွေနဲ့ပတ်သက်ပြီး    “ဘယ်သူ့ကို အပြစ်တင်မှာလဲ၊ ဘာဆက်လုပ်မလဲဆိုတာ မေးပါရစေ။ အစဉ်အလာ ကောင်းတွေကို အနာဂတ်သို့   သယ်ဆောင်ဖို့ပဲ။   လေးလေးစားစား ပြောပါရစေ။ ကျွန်တော်တို့ဟာ အတိတ်ကို တံတားမထိုးတော့ပါဘူး။    အနာဂတ်သို့    သွားနိုင်တဲ့ တံတားပဲ  တည်ဆောက်ဖို့လိုပါတယ်” လို့ ပြောခဲ့ပါတယ်။ 

 


လူငယ်တွေစာတတ်မှ၊ ပညာတတ်မှ၊ အရည် အချင်းပြည့်ဝနေမှ သူတို့ရဲ့အနာဂတ်ဟာ ရှင်သန် ရပ်တည်နိုင်မယ်။  လူတော်ရမယ်ဆိုတဲ့သဘော လောက်နဲ့တင် မလုံလောက်သေးဘူး။ စိတ်ကောင်း စေတနာကောင်း၊  ထူးချွန်ထက်မြက်တဲ့   ပင်ကို အရည်အသွေး၊ နိုင်ငံကြီးသားစိတ်ဓာတ်ရှိပြီဆိုရင် တော့ လူကောင်းဖြစ်လာပါပြီ။ သူတို့ရဲ့အနာဂတ် ကို ကောင်းစွာတည်ဆောက်နိုင်ပါလိမ့်မယ်။ ဘဝ ဟာ  အလွန်တန်ဖိုးရှိတဲ့  လက်ဆောင်ကြီးတစ်ခု ဖြစ်ပါတယ်။        အသက် ၁၈ နှစ်အရွယ်အထိ ဆယ်ကျော်သက်တွေဟာ      လူ့အဖွဲ့အစည်းရဲ့ ဒေါက်တိုင်တွေပဲ။   ဒီဒေါက်တိုင်တွေ    မခိုင်ခံ့ရင် လူ့အဖွဲ့အစည်းဟာ     ပြိုလဲပျက်စီး   ခြစားခံရမှာ သေချာပါတယ်။

 


 တစ်ဦးကိုတစ်ဦး 
ချစ်ခင်လေးစားဖို့ မေ့နေကြ


ကျွန်တော်တို့ဟာ ဘဝတစ်လျှောက်လုံး အပြင် ကိုပဲကြည့်လေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် စစ်ဆေး ဆန်းစစ်မှုလုပ်ဖို့ဆိုတာ နည်းပါတယ်။ မိသားစု အတွင်း ကောင်းမွန်တဲ့အလေ့အထစံနမူနာတွေကို အချင်းချင်းသိအောင် ပြကြရမယ်။ ချိုသာတဲ့ကိုယ် နှုတ်အမူအရာ အပြုအမူတွေကိုလည်း သွန်သင်ပြသ ရမယ်။ မိဘတွေဟာ သားသမီးတွေကို မြေတောင် မြှောက်ပေး ကူညီနိုင်တဲ့တံတားဖြစ်ဖို့၊ ပညာသင် နိုင်တဲ့ လမ်းတွေဖောက်၊ လမ်းတွေ၊ ကျောင်းတွေမှာ အန္တရာယ်ကင်းဖို့၊ မူးယစ်ဆေးနဲ့ကင်းဖို့၊ ဆင်းရဲတွင်း က အမြစ်ဖြတ်ဖို့၊ အနာဂတ်မျိုးဆက်တို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သားသမီးမြေးမြစ်တို့ရဲ့   စိတ်ကူးစိတ်သန်းတွေနဲ့ စဉ်းစားပုံတွေဟာ မှန်ကန်ပြီး မြင့်မားလာလိမ့်မယ်။ လူမှုအသိုင်းအဝိုင်းအတွင်း သူတို့တွေရဲ့အခန်းကဏ္ဍ ဟာလည်း ပို၍ပီပြင်လာလိမ့်မယ်။ 

 


မိဘမျက်စိအောက်က    လွန်တဲ့နေ့တွေမှာ ကျောင်းတွေက ဆရာ ဆရာမတွေကလည်း ဒီသဘော တွေဆောင်တဲ့ အလေ့အထတွေကို သင်ပြရပါမယ်။ ဆရာကောင်းတို့လိုလားတာက     တပည့်တွေရဲ့ ဘက်စုံစွမ်းဆောင်ရည် မြင့်မားဖို့ပဲ။ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ဟာ စာအုပ်ကို လက်ညှိုးထိုးပြီး အဲဒီစာအုပ်ကို   ကိုယ်တိုင်ဖတ်တတ်ပြီလို့ ပြောသံ ကြားလိုခြင်းပါပဲ။ ကလေးတွေဟာ နည်းပညာတွေ ရရေး အားထုတ်သင်နေသလိုပဲ၊ ကိုယ်ကျင့်တရား ကောင်းဖို့၊ ယဉ်ကျေးသိမ်မွေ့လိမ္မာဖို့၊ သိက္ခာရှိဖို့ မေ့နေတတ်ပါတယ်။   တစ်ဦးကိုတစ်ဦး    ချစ်ခင် လေးစားဖို့ မေ့နေလေ့ရှိကြပါတယ်။ ပစ္စည်းတွေ၊ ကားတွေ၊  တိုက်တာတွေနဲ့  ရွှေငွေတွေက ယနေ့ ခေတ်မှာ အချစ်ခံနေရတယ်။

 


စာပေ၊ ဂီတ၊ အနုပညာ၊ အားကစားနဲ့ ချစ်ခြင်း မေတ္တာတွေဝေဖြာပြီး ကျန်းမာချမ်းသာဖို့၊ အမုန်း တရားတွေကင်းစင်ဖို့၊ အခြားသူတို့ ပျော်ရွှင်ငြိမ်းချမ်း ဖို့ဆန္ဒ၊ အကျိုးဖြစ်ထွန်းလိုတဲ့စိတ်၊ ဒုက္ခအပေါင်းက ကင်းဝေးစေလိုတဲ့စိတ်တွေ     ပေါ်ဖို့ဖြစ်ပါတယ်။ ရောဘတ်ကိုးလ် (Robert Coles)ဆိုသူဟာ ကလေး တွေမှာ   ကြင်နာမှုဖွံ့ဖြိုးလာပုံကို   စူးစမ်းလေ့လာ ခဲ့ပါတယ်။ ဒီလိုလေ့လာရာမှာ မိဘတွေရဲ့မေးခွန်းတွေနဲ့စခဲ့ပါတယ်။ ကလေးတွေဟာ-


တစ်ညလုံး အိပ်ကြရဲ့လား။
စာဖတ်တတ်ဖို့ သင်ယူကြရဲ့လား။ 
အမှတ်ကောင်း၊ ဂရိတ်ကောင်းကောင်း ရကြ ရဲ့လား။ 
အသင်းလိုက်  အစုလိုက် ခရီးထွက်ကြရဲ့လား။ 
မူးယစ်ဆေးဝါးတွေကို ရှောင်နိုင်ကြရဲ့လား။ 
ကာမဆက်ဆံမှုကို တာဝန်သိ၊ တာဝန်ရှိမှန်း သိကြရဲ့လား။ 
ကျောင်းကောင်းကောင်း၊ အဆင့်ရှိကျောင်းသို့ ရောက်နိုင်ကြပါမလား။

 


ဒီလိုကျယ်ဝန်းလှတဲ့   စိုးရိမ်ပူပန်မှုတွေ၊  ဆန္ဒ တွေပါဝင်တဲ့ မေးခွန်းတွေနဲ့ ကလေးတွေကြီးပြင်း လာသည်အထိ     မိဘတွေဟာ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်တကြီးမေးနေကြပါတယ်။    ထို့ထက်ပိုပြီး အရေးပါတဲ့မေးခွန်းကတော့     ကလေးတွေဟာ လူကောင်းတွေ၊ လိမ္မာရေးခြားရှိကြသူတွေ ဖြစ်လာ ကြမလား”ဆိုတာဖြစ်ပါတယ်။ ဘာကြောင့် ဒီမေးခွန်း တွေ မေးပါသလဲ။  ပညာရည်မြင့်မားရေးသာမက ကိုယ်ချင်းစာစိတ်ရှိဖို့၊ ကောင်းမွန်တဲ့ဘဝ၊ သာယာ တဲ့ဘဝကို ယှဉ်ပြိုင်မှုများတဲ့ခေတ်မှာ ကလေးတွေနဲ့ တည်ဆောက်ချင်၊ အလှဆင်ချင်လို့ပါပဲ။

 


ငယ်စဉ်ကပင် ကစားဖို့အချိန်မရတဲ့ခေတ် 


မြန်မာနိုင်ငံမှာတော့ ကျောင်းနေအရွယ်ကလေး တွေဟာ ငယ်စဉ်ကပင် စာတွေနဲ့ပိနေပြီး ကစားဖို့ အချိန်မရ၊ စာမေးပွဲရယ်၊ အမှတ်ရယ်၊ ဂုဏ်ထူးရယ် နောက်ကိုပဲ   လိုက်နေကြတယ်။   သုတ်သုတ်သွား၊ သုတ်သုတ်စား၊   အမြန်စားအစားအစာ  (Quick-food) တွေကြောင့် ကလေးတွေဟာ အဝလွန်နေ ကြတယ်။ ဗီဒီယိုဂိမ်းနဲ့ တီဗွီရှေ့မှာ တစ်နေရာတည်း ထိုင်နေကြတာကြောင့်    လှုပ်လှုပ်ရှားရှားမရှိ။ မိဘနဲ့ ဆရာတွေပင်    ပုံမှန်ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုလိုက်စားဖို့ လိုအပ်တာ တွေ့မြင် ရပါတယ်။ 

 


အကြောင်းညီညွတ် အလျဉ်းသင့်လို့တင်ပြရရင် စင်ကာပူနိုင်ငံကတော့    ထူးကိုထူးခြားပါတယ်။ အားလုံးအတွက် အားကစား (Sports For all) ကို ၁၉၉၀ ပြည့်နှစ်များ ဝန်းကျင်မှာ ဆောင်ရွက်ခဲ့ရာ ကျောင်းသားတွေ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း တွေ   ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။    မြန်မာနိုင်ငံ ကျောင်းတွေ၊    တက္ကသိုလ်တွေမှာ    အလားတူ အားကစားလှုပ်ရှားမှုတွေကို တွေ့မြင်ရသော်လည်း စာတွေကုန်းကျက်တဲ့ လူငယ်လူရွယ် သေးသေး သွယ်သွယ်၊ ကနွဲ့ကလျတွေကိုတွေ့ရတော့ လောက ကို အားကစားနဲ့  အလှဆင်ပေးမယ့်သူတွေ ရှားပါး လာပါတော့တယ်။ 

 


 ၂၀၃၀ ပြည့်နှစ်မှာ စင်ကာပူနိုင်ငံရဲ့ မျှော်မှန်း ချက်တစ်ခုက အားကစားနဲ့ အနာဂတ်မှာ အသင့် ဖြစ်ရေး  (Future Ready Through Sports)  ဖြစ် ကြောင်း ထူးခြားစွာတွေ့ရှိရပါတယ်။ ဝန်ကြီးချုပ် ဟောင်း ဂိုချောက်ထောင်လက်ထက်မှာ စင်ကာပူ တို့ဟာ ငွေပုံပေါ်မှာ အမြဲထိုင်မနေဘဲ တေးဂီတမှာ လည်း မွေ့လျော်တတ်ဖို့ နှိုးဆော်ပြောရာမှာ ကြေး၊ ကြိုး၊ လေ၊ လက်ခုပ်၊ တူရိယာတစ်ခုခုကို တီးမှုတ် တတ်ဖို့    တိုက်တွန်းခဲ့ရာ   အောင်မြင်ခဲ့ပါတယ်။ အားကစားနဲ့ တေးဂီတလှုပ်ရှားမှုကြီးဖြစ်ပါတယ်။

 


အားကစားလှုပ်ရှားမှု


အားကစားတစ်မျိုးမျိုးကို ကျောင်းစာသင်ရင်း ထည့်သွင်းခြင်းဟာ သင်ကြားသင်ယူမှုဟာ ပျော်ရွှင် ဖွယ် ဘဝကွက်လပ်ကို ဖြည့်ဆည်းရာရောက်တယ် လို့ဆိုပါတယ်။  အားကစားဟာ  ဆရာကဲ့သို့ပါပဲ။ နုနယ်ငယ်ရွယ်သူတို့အား ကောင်းမွန်တဲ့ကိုယ်ကျင့် လက္ခဏာတွေနဲ့ စည်းကမ်းတွေကို မွေးပေးလိုက် ပါတယ်။   ယူနီဆက်ကလည်း   ဒီလိုအပ်ချက်ကို မီးမောင်းထိုးပြထားပါတယ်။ အားကစားလှုပ်ရှား မှုကို ငယ်စဉ်ကပင် မိတ်ဆက်ထားဖို့၊ အားကစား ဟာ တရားမျှတဖို့၊ ကျန်းမာရွှင်လန်းစေတဲ့ ယှဉ်ပြိုင် မှုလို့ ခံယူကြရမယ်။ 

 


အားကစားပြိုင်ပွဲ    အောင်မြင်ရေးအတွက်က အားကုန်ထုတ်လေ့ကျင့်ကြရမယ်။ ဉာဏ်ကူရမယ်၊ ဉာဏ်ထုတ်ရမယ်ဆိုတဲ့ အလေ့အထတွေရသွားစေ တယ်ဆိုတာ  အားကစားလုပ်သူတို့  သိလာတယ်။ အပြုံးမပျက်  ရှုံးနိမ့်ခြင်းကို   လက်ခံနိုင်တဲ့ အရည် အသွေးတွေရှိလာပါတယ်။   အားကစားက   ဘဝ အတွက်   သင်ပေးလိုက်တာကတော့    အားကုန် ထုတ်လုပ်ဖို့    စိတ်ဆန္ဒပြင်းပြရမယ်ဆိုတာပါပဲ။ ဒီလိုကောင်းခြင်း ကြန်အင်လက္ခဏာတွေဟာ သူတို့ လေးတွေ  ကြီးပြင်းလာတာနဲ့အမျှ တန်ဖိုးတွေရှိ၊ မြင့်သည်ထက်မြင့်လာပါလိမ့်မယ်။


 (ဆက်လက်ဖော်ပြပါမည်)