
ရန်ကုန် ဇူလိုင် ၁
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၂ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ဇူလိုင် ၂ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဘရူနိုင်းအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်စု (က) အသင်းများ အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက်က ကျင်းပခဲ့ရာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းအသင်းတို့မှ နည်းပြများ တက်ရောက်သည်။ မြန်မာ ယူ – ၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက “ကျွန်တော်တို့အသင်းဟာ ဒီပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်ချိန် ကိုးပတ် ရခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အုပ်စု(က)ဟာ အုပ်စုကျပ်ဖြစ်ပြီး ခြေစွမ်းတောင့်တင်းတဲ့ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံး ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။ အုပ်စုပထမနေ့အဖြစ် အုပ်စု (က) သုံးပွဲကျင်းပမည်ဖြစ်ပြီး ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနှင့် ဘရူနိုင်း၊ ညနေ ၄ နာရီခွဲတွင် ထိုင်းနှင့် ဖိလစ်ပိုင်၊ ည ၈ နာရီတွင် ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင် မလေးရှား၊ စင်ကာပူ၊ ကမ္ဘော ဒီးယား၊ တီမောနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ အုပ်စုပွဲစဉ်များကို ဇူလိုင် ၂ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ခြောက်သင်း ပါဝင်သောကြောင့် ယင်းအုပ်စုတွင်ပါဝင်သည့် အသင်း အားလုံး တစ်ရက်ခြားတစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်နေပြီး အင်အားနည်းနေသည့် ဘရူနိုင်းနှင့် အဖွင့်ပွဲကစားရမည်ဖြစ်သောကြောင့် ယခုပွဲတွင် မဖြစ်မနေ အနိုင်သုံးမှတ်နှင့် ဂိုးများများ သွင်းယူထားနိုင်ရန် လိုအပ်နေသည်။
ရဲရင့်လွင်