
ရန်ကုန် ဇူလိုင် ၁၄
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) လက်ကျန်ပွဲများကို ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ ရန်ကုန်နှင့် မြဝတီအသင်းတို့ နိုင်ပွဲထပ်မံ ရယူနိုင်ခဲ့သည်။
ဇူလိုင် ၁၃ ရက်က ကျင်းပသည့်ပွဲတွင် မြဝတီအသင်းက GFA အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုရာသီတွင် MNL သို့ တန်းတက်လာသည့် အသင်းနှစ်သင်း ၏ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး မြဝတီအသင်း က နိုင်ပွဲဆက်ခဲ့သည်။ မြဝတီအသင်းအနေ ဖြင့် အားကာသိပ္ပံနှင့် GFA တို့ကို နှစ်ပွဲဆက်အနိုင်ရခဲ့သဖြင့် ကျေနပ်စရာ ဖြစ်ခဲ့သော်လည်း GFA အသင်းမှာမူ သုံးပွဲဆက်အရှုံးကြောင့် ဖိအားများသွားခဲ့ရ သည်။ နှစ်သင်းစလုံး နိုင်ပွဲရရှိရေးအတွက် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက် ခဲ့သလို ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ သည်။ သို့သော် မြဝတီအသင်းသည် ပွဲအစ ၅ မိနစ်မှာပင် အဖွင့်ဂိုးရခဲ့သဖြင့် ပွဲကိုထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်သည်။ သက်ဝေမိုးက မြဝတီ အသင်းအတွက် ဂိုးစတင်သွင်းယူခဲ့ပြီး ၃၁ မိနစ်တွင် ကောင်းစည်သူက ဒုတိယဂိုးထပ်မံ သွင်းယူခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် မြဝတီအသင်း ပယ်နယ်တီကန်သွင်းခဲ့ရပြီး ဂိုးသမားထွန်းနန္ဒဦးက အမှားအယွင်းမရှိ ကန်သွင်းခဲ့သဖြင့် ပထမပိုင်းအပြီးတွင် မြဝတီအသင်းက သုံးဂိုးပြတ် ဦးဆောင်နေ သည်။
ဒုတိယပိုင်းတွင် GFA အသင်းက ချေပဂိုးရရန် တိုက်စစ်အားမြှင့်လာပြီး မိနစ် ၅၀ တွင် ယောကူဆီ၊ ၇၈ မိနစ်တွင် တန်တိုးအောင်က ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးများသွင်းယူခဲ့သဖြင့် ပွဲမှာပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ GFA အသင်းအနေဖြင့် ချေပဂိုးထပ်မံရရန် ကြိုးပမ်းခဲ့သော်လည်း မြဝတီအသင်းက အနိုင်သေချာစေမည့် စတုတ္ထအနိုင်ဂိုးကို ၈၅ မိနစ်တွင် ရဲမိုးယံက သွင်းယူခဲ့သည်။
ဇူလိုင် ၁၄ ရက်က ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ရခိုင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်း သည် သုံးပွဲဆက်အနိုင်ရခဲ့သော်လည်း ရခိုင် အသင်း၏ ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဒေးဗစ်ထန်၏ နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရခိုင်အသင်းသည် နှစ်ပွဲဆက်အရှုံးကြောင့် ယခုပွဲမတိုင်မီ နည်းပြ အပြောင်းအလဲပြုလုပ်ခဲ့ပြီး နည်းပြချုပ်သစ် ဦးကျော်လွင် လက်ထက် ပထမဆုံးကစားခဲ့ ခြင်းဖြစ်သည်။
ရန်ကုန်အသင်းသည် ဒေးဗစ်ထန်၊ ရန်နိုင်ဦး၊ လမင်းထွေး၊ ထက်ဖြိုးဝေ၊ ဇော်ဝင်းသိန်းစသည့် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ရခိုင်အသင်းမှာ လည်း လူစုံအသုံးပြုခဲ့သည်။ ရန်ကုန်အသင်း သည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ သော်လည်း ရခိုင်အသင်းက ခံစစ်ကို စနစ်တကျပြင်ဆင်ခဲ့သဖြင့် ဂိုးရရှိရန် ရုန်းကန် ခဲ့ရသည်။ ရခိုင်အသင်းသည် ရန်ကုန်အသင်း တိုက်စစ်ကို မိနစ် ၈၀ ကျော်အထိ ထိန်းထား နိုင်ခဲ့သော်လည်း ၈၇ မိနစ်တွင် ဂိုးပေးလိုက် ရသဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ၈၇ မိနစ် တွင် ကျော်မင်းဦး၏ ကွင်းလယ်မှ ဖန်တီးပေးမှု ကို ဒေးဗစ်ထန်က သွင်းယူခဲ့ခြင်းဖြစ်သည်။
ပွဲစဉ် (၃) အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်း က သုံးပွဲနိုင် ကိုးမှတ်ဖြင့် ထိပ်ဆုံးတွင် အပြိုင် ဖြစ်နေပြီး ဧရာဝတီ၊ မြဝတီ၊ အားကာသိပ္ပံ အသင်းတို့က နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ခြောက်မှတ်စီ၊ ရတနာပုံ၊ ဟံသာဝတီ၊ မဟာယူနိုက်တက်အသင်းက တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး သုံးမှတ်စီရရှိထားကာ ရခိုင်ယူ နိုက်တက်နှင့် GFA အသင်းတို့မှာမူ သုံးပွဲ စလုံးရှုံးကာ အမှတ်မရသေးပေ။
ရဲရင့်လွင်