
ရန်ကုန် ဇူလိုင် ၁၅
ONE Championship က စီစဉ်သည့် အထူးပွဲစဉ်အဖြစ် ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဟောင်း အောင်လ အန်ဆန်နှင့် နပန်းကမ္ဘာ့ချန်ပီယံဟောင်း ဘရာဇီး နိုင်ငံသား အန်ဒရေဂါဗယ်အိုတို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။
ONE Championship အနေဖြင့် ယင်းပွဲစဉ် ပြုလုပ်မည့် အစီအစဉ်ကိုသာ ထုတ်ပြန်ထားပြီး ကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။ ONE Championship သည် ယခုနှစ်အတွင်း ပရိသတ်စိတ်ဝင်စားနိုင်သည့် ပွဲကောင်းများ စီစဉ် လျက်ရှိပြီး အောင်လအန်ဆန်နှင့် အန်ဒရေဂါ ဗယ်အိုတို့ ထိုးသတ်မည့် အထူးပွဲစဉ်ကိုလည်း MMA စည်းမျဉ်းနှင့် နပန်းစည်းမျဉ်းများဖြင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။
ယင်းပွဲကို လေးချီပြုလုပ်မည်ဖြစ်ပြီး ပထမနှင့် တတိယအချီတွင် MMA စည်းမျဉ်း၊ ဒုတိယနှင့် စတုတ္ထအချီတွင် နပန်းစည်းမျဉ်းများဖြင့် ထိုးသတ် ရမည်ဖြစ်သည်။ ONE Championship သည် နပန်းစည်းမျဉ်းဖြင့်သာ ထိုးသတ်ရသည့် အထူးပွဲစဉ်၊ MMA စည်းမျဉ်းနှင့် မွေထိုင်းစည်းမျဉ်းများဖြင့် ထိုးသတ်ရသည့် အထူးပွဲစဉ်များ ကျင်းပခဲ့ဖူးကြောင်း သိရသည်။ အောင်လအန်ဆန်နှင့် ထိုးသတ်မည့် အန်ဒရေဂါဗယ်အိုသည် ဒီရစ်ဒါနှင့် အထူးပွဲစဉ် ထိုးသတ်ဖူးပြီး ယင်းပွဲတွင် နပန်းစည်းမျဉ်းဖြင့် ထိုးသတ်ခဲ့ရာ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
အောင်လအန်ဆန်သည် ယခုနှစ် ဖေဖော်ဝါရီတွင် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ဗစ်တာလီဘစ်ဒက်ရှ် နှင့် ထိုးသတ်ပြီးနောက် ယခုပွဲစဉ်ကို ပထမဆုံး ထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ယင်း ချန်ပီယံခါးပတ်များကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ နှင့် ၂၀၂၁ ခုနှစ် ဧပြီလတို့တွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ပြီး လက်လွှတ်ခဲ့ရသည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ-ONE Championship