
ရန်ကုန် ဇူလိုင် ၁၅
၂၀၂၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပရာ မြန်မာအသင်း ရှုံးပွဲ ကြုံတွေ့ပြီး နာမည်ကြီးထိုင်းနှင့် အိမ်ရှင်ဖိလစ်ပိုင်အသင်း ဗိုလ်လု ပွဲတက်ရောက်နိုင်ခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ထိုင်းအသင်းက မြန်မာအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဖိလစ်ပိုင်အသင်းက ဗီယက်နမ်အသင်းကို လေးဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရရှိခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းက အစဉ်အလာအတိုင်း မြန်မာ အသင်းကို ကျော်ဖြတ်နိုင်ခဲ့သော် လည်း ယခုနှစ်အနည်းငယ် အတွင်း တစ်ဟုန်ထိုးတိုးတက် လာသည့် ဖိလစ်ပိုင်အသင်းက လက်ရှိချန်ပီယံ ဗီယက်နမ်ကို ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။
မြန်မာအသင်းသည် ယခု ဆီမီးဖိုင်နယ်ပွဲအတွက် သေချာ ပြင်ဆင်ပြီး ယှဉ်ပြိုင်ခဲ့သော်လည်း ရရှိသည့် အခွင့်အရေးများ အသုံး မချနိုင်ခဲ့သဖြင့် အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် လက်ရှိချန်ပီယံ ဗီယက်နမ်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ ပထမဆုံး တက်ရောက်နိုင်ခဲ့ပြီး ထိုင်းအသင်းမှာမူ ခုနစ်ကြိမ် မြောက် တက်ရောက်နိုင်ခြင်းဖြစ် သည်။
မြန်မာအမျိုးသမီးအသင်း၏ ပွဲထွက်လူစာရင်းတွင် မေဇင်နွယ် (ဂိုး)၊ ခင်သန်းဝေ၊ ချစ်ချစ်၊ ဖြူဖြူ ဝင်း၊ နန့်ဇူဇူးထက်၊ ခင်မာလာထွန်း၊ နော်ထက်ထက်ဝေ၊ ခင်မိုမိုထွန်း၊ မြတ်နိုးခင်၊ စန်းသော်သော်၊ ဝင်းသိင်္ဂီထွန်းတို့ဖြင့် ပွဲထွက်ခဲ့ သည်။ မြန်မာအသင်းသည် ထိုင်း အသင်းကို အပြန်အလှန်ကစား နိုင်ပြီး ဂိုးသွင်းခွင့်များရခဲ့သော် လည်း အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။ ထိုင်းအသင်း အတွက် အနိုင်ဂိုးများကို ၄၅+၂ မိနစ်တွင် ကန်ရာနတ်၊ ၈၂ မိနစ် တွင် ဆောင်ဝါလတ်တို့က သွင်းယူ ခဲ့သည်။
ဇူလိုင် ၁၇ ရက်တွင် တတိယ လုပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ်၊ ဗိုလ်လုပွဲအဖြစ် ထိုင်းနှင့် ဖိလစ်ပိုင်အသင်းတို့ တွေ့ဆုံနေ ပြီး အုပ်စုတူအသင်းများ ပြန်လည် တွေ့ဆုံခြင်းဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-AFF