မသိသူတို့ - သတိမူဖို့

Type

ဆောင်းပါး

======

 

မသိသူတို့ - သတိမူဖို့

============

 

မြင်းမူသား

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးသည် ပြည်သူ့သဘော၊ ပြည်သူ့မနော၊ ပြည်သူ့ဆန္ဒနှင့်အညီ ဖော်ထုတ်ပြသမှုအပေါ် အခြေတည်ကာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပေပြီ။ ရွေးကောက်ပွဲ မဲရလဒ်သည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ပြည်သူအများ၏ အဆုံးအဖြတ်သာဖြစ် သည်။ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမျှ ဆုံးဖြတ်ခွင့်မရှိ။ ပြည်သူ သာအစ၊ ပြည်သူသာပထမ၊ ပြည်သူသာပဓာန ပြည်သူ့ ဆန္ဒကို အတည်ပြုလက်ခံရမည် ဖြစ်ပေသည်။ ပြည်သူ့ ဆန္ဒကို လက်မခံ ငြင်းပယ်ခြင်းသည် ပြည်သူကိုတန်ဖိုး မထား၊ အလေးဂရုမပြုဘဲ ဆန့်ကျင်ထိပါးမှုပြုသည်ဟု သာ မှတ်ယူရမည် ဖြစ်ပေသည်။

 

ပြည်သူ့ရွေးကောက်ပွဲမကျင်းပမီနှင့် ရွေးကောက်ပွဲကျင်းပပြီးနောက်တစ်နေ့တို့တွင် ပြည်သူများက မရွေး ချယ်သော၊ မဲရလဒ်အပြတ်အသတ်ရှုံးနိမ့်သော နိုင်ငံရေး အဖွဲ့အစည်းတစ်ခုက သဘောထားထုတ်ပြန်ကြေညာ ချက်များ ထုတ်ပြန်ခဲ့သည်ကို ကြားသိတွေ့မြင်ရပေသည်။

 

အများသဘောတူ ဆောင်ရွက်ခဲ့ကြခြင်းသာဖြစ်

 

ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသော အကြောင်းအရာ အဖြစ်အပျက်အပေါ် လေ့လာသုံးသပ် ပါက ပကတိအရှိတရားကို ဘေးဖယ်ချန်လှပ်၍ အမှန် တစ်ရပ်ကို မဖော်ပြဘဲ ဖုံးကွယ်ထားသည်ကို တွေ့ မြင်ရ ပေသည်။ ဖြစ်ပျက်မှုအကြောင်းအရာအပေါ် အခြေခံ၍ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းဝင် မဟုတ် သူ ပြည်သူများ၊ ဌာနဆိုင်ရာများ ပါဝင်သော စေ့စပ် ညှိနှိုင်းရေးကော်မတီက စေ့စပ်ညှိနှိုင်းဆုံးဖြတ်ချက်အရ အများသဘောတူ ဆောင်ရွက်ခဲ့ကြခြင်းသာ ဖြစ်ပါသည်။ ဖြစ်စဉ်များအပေါ် စေ့စပ်ညှိနှိုင်းစဉ်က ကြေညာချက်ထုတ် ပြန်ခဲ့သော နိုင်ငံရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်ပုဂ္ဂိုလ် တစ်ဦးလည်း ပါဝင်ခဲ့ပါသည်။ သက်ဆိုင်ရာပုဂ္ဂိုလ်က ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံးခဲ့ခြင်းလုံးဝမရှိပါ။ မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှု လုံးဝမရှိပါ။ ရွေးကောက်ခံပုဂ္ဂိုလ်အားလုံးအတွက် လွတ်လပ်စွာ မဲပေးခဲ့ကြပါသည်။ ဤသည်ကို ဖုံးကွယ်၍ အရှုံးနယ်မှ ရုန်းဖယ်မရဖြစ်သောကြောင့် မဖြေသာတဲ့အတွက် ကြေညာချက်ထုတ်ဖော် အော်ဟစ်နေခြင်းသာ ဖြစ်ပေ မည်။ မမှန်မကန်လုပ်ရပ်များ၊ ဖြစ်စဉ်များ ရှိပါက တည်ဆဲ ဥပဒေများနှင့်အညီသာ တိုင်ကြားကန့်ကွက်ရန်သာ ဖြစ်ပါသည်။

 

အဆိုးရွားဆုံးမှာ သဘောထားထုတ်ပြန်ကြေညာချက် ၏ နောက်ဆုံးစာကြောင်းနှစ်ကြောင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (အသစ်) ဖွဲ့စည်းပြီး စောင့် ကြည့်ရေးအဖွဲ့များနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ကြေညာလိုက် သည်ဟု ဖော်ပြထားသည်ကို တွေ့ရပေသည်။ ရွေးကောက် ပွဲကော်မရှင် (အသစ်) ဖွဲ့စည်းရေးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသာ ဆောင်ရွက်ရပါသည်။ ပြဋ္ဌာန်းဥပဒေကို ကျော်လွန်၍မရ၊ အချိန်တန်က ဖွဲ့စည်းမည်သာ ဖြစ်ပေ သည်။ မည်သူမျှ တားဆီး၍မရ၊ အမိန့်ပေး၍မရပါ။ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်ကို မင်ကုန်၊ စာရွက်ကုန်၊ လေကုန်ခံ၍ ရေးသားပြောဆိုနေခြင်းသည် အံ့ဖွယ်လိလိ ဖြစ်ပေသည်။

 

စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်ဟု ကြေညာ ချက်၌ ဖော်ပြထားရာ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ တိုင်းတွင် စောင့်ကြည့်လေ့လာသူများပါဝင်ဆောင်ရွက်ခဲ့သည်ကို သိသင့်ပေသည်။ ပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ရွေးကောက် ပွဲကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူ ကိုယ်စားလှယ်များက မဲရုံတိုင်းတွင် စောင့်ကြည့်လေ့လာမှုပြုခဲ့ကြသည်ကို မျက်စိမှိတ်၍ ငြင်းကွယ်သကဲ့သို့ ဖြစ်နေ ပေသည်။

 

ဆန့်ကျင်ဖောက်ဖျက်နေခြင်းသာဖြစ်

 

ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားတည်ဆဲ ဥပဒေ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ဖောက်ဖျက်နေခြင်းသာ ဖြစ်ပေသည်။ သက်ဆိုင်ရာ ဥပဒေများနှင့် ညီညွတ်မှုမရှိ ကြောင်း တွေ့ရပေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း (၉) ပုဒ်မ ၄၀၂ တွင် အောက်ပါကိစ္စများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု အတိအလင်းပြဋ္ဌာန်းထားပြီး ပုဒ်မခွဲ (က)တွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများဟု ဖော်ပြထားပါသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၀၂ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ၏ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ချက်သည် အပြီးအပြတ်အတည်ဖြစ်ကြောင်း အထင်အရှားဖြစ်နေပါလျက် ရွေးကောက်ပွဲပြန်လည် ကျင်းပရန် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာခြင်းမရှိသည်မှာ လွန်စွာထင်ရှားလျက် ရှိနေပေသည်။

 

အတိအလင်းပြဋ္ဌာန်းထား

 

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀)၊ နိုင်ငံရေးပါတီများခေါင်းစဉ်အောက်ရှိ ပုဒ်မ ၄၀၅ တွင် နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် ဟု ဖော်ပြပြီး ပုဒ်မခွဲ (ခ)တွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာ ရမည်ဟု အတိအလင်းပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ နှင့် ၄၀၅ ပါပြဋ္ဌာန်းချက် များကို လေးစားလိုက်နာမှုမရှိကြောင်း ပေါ်လွင်ထင်ရှားပါ သည်။ အခြေခံဥပဒေပြဋ္ဌာန်းချက်များကို ဆန့်ကျင် သွေဖည်၍ လျစ်လျူပြုရာ ရောက်နေပေသည်။

 

ထို့နောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (ဂ)အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန်အတွက် ပါတီတည်ထောင်ခွင့် လျှောက်ထားစဉ်ကတည်းက ဝန်ခံချက်ပြုရပါသည်။ ယင်းဝန်ခံချက်ကို ဖောက်ဖျက်၍ မရပေ၊ ဝန်ခံချက်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက် ပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄)အရ အရေးယူဆောင်ရွက်ရမည် ဖြစ်ပေသည်။ ပုဒ်မ ၁၂ (က) (၄)တွင် ပုဒ်မ ၆ ပါဝန်ခံချက် တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ ဟု အတိအလင်းပြဋ္ဌာန်းထားပါသည်။

 

ပေါ်လွင်ထင်ရှားနေ

 

ခြုံ၍ဆိုရသော် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ ပါ ပြဋ္ဌာန်းချက်အား လေးစားလိုက်နာမှုမရှိဘဲ ဆန့်ကျင် ဆောင်ရွက်ခြင်းနှင့် အခြေခံဥပဒေ ပုဒ်မ ၄၀၅ ပါပြဋ္ဌာန်း ချက်များကို လိုက်နာမှုပြုရန် ပျက်ကွက်ကြောင်း ပေါ်လွင် ထင်ရှားနေပါသည်။ တစ်ဖန် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ ပုဒ်မ ၆ ပါဝန်ခံချက်ကို ဖောက်ဖျက်ကျူး လွန်ရာ ရောက်နေပေသည်။ ယင်းပုဒ်မ ၆ (ဂ)အရ ဖွဲ့စည်း ပုံအခြေခံဥပဒေကို လေးစားလိုက်နာမှုမရှိ ဖောက်ဖျက် ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပုဒ်မ ၁၂ အရ မှတစ်ပါးအခြားမရှိတော့ပြီ၊ မိမိလုပ်ရပ်များအပေါ် သတိနှင့်ဆင်ခြင်၍ ဆောင်ရွက်သင့်ပေသည်။ ဥပဒေများ ကိုလည်း ကျေကျေညက်ညက် ထဲထဲဝင်ဝင် သိထားသင့် ပေသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဥပဒေပြဋ္ဌာန်းပြီးသားကိစ္စဖြစ်၍ ဗြဟ္မစိုရ် တရား လက်ကိုင်ထားကာ ဆိတ်ဆိတ်နေအံ့ထင် သည်။

 

ကြေညာချက်ထုတ်ပြန်လိုသူတိုင်း တည်ဆဲပြဋ္ဌာန်း ဥပဒေများနှင့်အညီ ထုတ်ပြန်နိုင်ရေးအတွက် အထူးဂရုပြုအလေးထားဆောင်ရွက်နိုင်ကြပါရန် မသိသူတို့ သတိမူဖို့ မျှဝေခြင်းသာ ဖြစ်ပါသည်။ ။