
စပိန်နာမည်ကြီး ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ပေါင် ၄၂ ဒသမ ၆ သန်းနှင့်အတူ လေးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းများ တွင် ဖော်ပြထားသည်။ ဘာစီလိုနာအသင်းသည် အဆိုပါ စာချုပ်တွင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၂၅ ဒသမ ၉ သန်းကို ထည့်သွင်းချုပ်ဆို ထားကြောင်း သိရသည်။
၎င်းသည် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၆ ပွဲ ပါဝင်ကစားထားပြီး ဂိုး ၅၀ သွင်းယူကာ ဘွန်ဒက်စ်လီဂါဖလားကို ၁၀ ကြိမ်ဆက် ဆွတ်ခူးရရှိရန် ကူညီပေးထားနိုင်သည်။ ဘိုင်ယန်မြူးနစ် အသင်းတွင် ပြိုင်ပွဲအရပ်ရပ် ၃၇၄ ပွဲ ပါဝင်ကစားထားကာ ၃၄၄ ဂိုးအထိ သွင်းယူပေးထားသည်။
လီဝမ်ဒေါစကီးသည် ဘာစီလိုနာအသင်း၏ ယခုနှစ်ရာသီ စတုတ္ထ မြောက်ခေါ်ယူသည့် ကစားသမား ဖြစ်လာခဲ့ပြီး ၎င်းမတိုင်မီ ကက်ဆီ၊ ခရစ္စတန်ဆန်နှင့် ရာဖင်ဟာတို့ကို ယခုနှစ်ရာသီတွင် ခေါ်ယူထားခြင်း ဖြစ်သည်။
အောင်ဇော်